လုပ်ကွက် မပျောက်ဖို့ လိုပါသည်

၂၀၂၆ ၊ ဧပြီ  ၂

    တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အခုလို ငြိမ်နေတာ ကြာလာတော့ မနေတတ် မထိုင်တတ် ဖြစ်လာသည်။ အရင်ကဆိုရင် ထစ်ခနဲရှိရင် တော်လှန်ရေး ခေါင်းဆောင်ကြီးတွေက ပြည်သူတွေကို ဘာလုပ်လိုက်၊ ညာလုပ်လိုက်ဆိုပြီး ညွှန်ကြားရင် လိုက်လုပ်ရတဲ့ ပြည်သူတွေ ခုလို ကာလကြီးမှာ တော်လှန်ရေးခေါင်းဆောင်ကြီးတွေက ဘာတစ်ခုမှ ထမပြောတော့ အူကြောင်ကြောင်နိုင်လှသည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ လေဟာပြင် လွှတ်တော်ကြီး ကျင်းပနေတာဆိုတော့လည်း အလုပ်တွေ မအားမလပ်ဖြစ်နေမှာလည်း စိုးရိမ်မိသေးသည်။ တိုင်းပြည်အတွက် ရရာလက်ပ်တော့၊ ဖုန်းတွေ ကိုင်ဆွဲပြီး တချို့ကလည်း တူနှစ်ကိုယ် တဲအိုပျက်ကနေပြီး လွှတ်တော်တက်ကြသည်။ တချို့ကလည်း နိုင်ငံရပ်ခြားကနေ လွှတ်တော်တွေ တက်ကြသည်။ ဘာတွေဆွေးနွေး တာလည်း ဘာတွေပြောနေကြတာလဲဆိုတာ ပြည်သူတွေက မသိရချေ။ ဒီကြားထဲ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဓနိမိုးထရံကာကို နောက်ခံထားပြီး ယူနီဖောင်းကြီးတွေ ဝတ်စားပြတော့လည်း သနားမိသေးသည်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြံစည်နေကြတဲ့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေမှာ ဘယ်နေရာ ဘယ်ဌာနကနေ တိုင်းပြည် အနာဂတ်ပလန်တွေကို စဉ်းစားနေပါလိမ့်ဆိုပြီး စိုးရိမ်ပူပန်ရသေးသည်။
    အရှေ့အလယ်ပိုင်းအရေးကို တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ တစ်စုံတစ်ရာ ဝင်မပြောတာလည်း အားမလိုအားမရ ဖြစ်ရသည်။ ခုဖြစ်နေတာက အမေရိကန်ကစတဲ့ ပြဿနာလို့ ပြောရမလိုဖြစ်တာကြောင့် အမေရိကားမှာနေတဲ့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ တာဝန်အပြည့်ရှိသည်။ အရင်ကဆိုရင် အိမ်ဖြူတော်ရှေ့ သွားသွားပြီး ဆန္ဒပြကြတဲ့ တော်လှန်ရေးခေါင်းဆောင် ကြီးတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်နေကြသည်။ ငပွကြီးရှာတဲ့ပြဿနာက ကမ္ဘာအနှံ့ထိခိုက်တာဆိုတော့ မြန်မာပြည်သူတွေလည်း ထိုနည်းတူစွာ ထိခိုက်ရလေသည်။ စက်သုံးဆီ အခက်အခဲတွေ့နေတဲ့ ပြည်သူတွေကို တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပစ်ထားတာတော့စိတ်မကောင်းဖြစ်ရသည်။ ဒီကိစ္စကို ပြေလည်စေဖို့ အမေရိကန်သမ္မတကြီးကို တော်လှန်အဆိုးရကြီးက တိုက်ရိုက်သွားပြောသင့်ရင် သွားပြောရမည်။ လေယာဉ်ပစ် လက်နက်ကြီးလည်းလိုအပ်ရင် ထုတ်သုံးပါက အမေရိကန်သမ္မတကြီး ချက်ချင်းငြိမ်ကျသွားနိုင်သည်။ အရင်ကဆိုရင် UN ကို ငေါက်လားငမ်းလား လုပ်နေသော တော်လှန်အဆိုးရလူကြီးတွေ အမေရိ ကန်နဲ့အီရန် ဆော်ပလော်တီးတာကို ထိုင်ကြည့်နေကြပြီး အမြီးနင်းခံထားရသည့် သတ္တဝါလေးတွေလို ဖြစ်နေကြသည်။ ဒါကြောင့် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ရွှေပြည်ကြီးက ပြည်သူတွေကို မေ့များသွားကြပြီလားဟု မေးလိုက်ချင်မိသည်။
    အရင်ကဆိုရင် ပြည်သူတွေ သွေးအေးမှာစိုး ရိမ်ပြီး ရွှေပြည်ကြီးက အစိုးရလုပ်သမျှ ကန့်လန့်တိုက်ပြီး ဘာသပိတ်၊ ညာသပိတ်ဆိုပြီး မြှောက်ပင့်ပေးတဲ့ တော် လှန်ရေးခေါင်းဆောင်ကြီးတွေ အသက်မှရှိ သေးရဲ့လားဆိုပြီး မေးခွန်းထုတ်လိုက်ချင်သေးသည်။ ခုနေများ တော်လှန်ရေးခေါင်းဆောင်ကြီးတွေက ဘယ်နေ့ဘယ်ရက်ကို 'ဆီမတန်းသပိတ်'အဖြစ် သတ်မှတ်တယ်ဆိုတာမျိုး လုပ်လိုက်ရင် တော်လှန်ရေး ခေါင်း ဆောင်ကြီးတွေကို ထောက်ခံသူတွေ စက်သုံးဆီတန်းစီတာမျိုး မလုပ်ကြတော့ဘဲ နေ့ချင်းညချင်း စက်သုံးဆီဆိုင်တွေမှာ လူသူကင်းမဲ့သွားမှာ သေချာသည်။ ပြည်သူတွေ စက်သုံးဆီရဖို့အရေး လုံးပန်းနေချိန်မှာ တော်လှန်ရေးခေါင်းဆောင်ကြီးတွေအနေနဲ့ 'စက်သုံးဆီ မဝယ်ယူရေးသပိတ်'ဆိုတာမျိုးကို ကျယ် ကျယ်ပြန့်ပြန့် လှုံ့ဆော်လိုက်ရင် မြန်မာနိုင်ငံမှာ ရက် ၁၀၀ စာလောက် ပိုလျှံသွားနိုင်သည်။ အရင်က အခါကြီးရက်ကြီးတွေမှာ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ လှုံ့ဆော်ခဲ့သည့် 'အပြင်မထွက်သပိတ်'ဆိုတာမျိုး လုပ်သင့်သည်။ ဒီလိုဆိုရင် ဘယ်သူကမှ အိမ်အပြင် လိုက်လျားလိုက်လျားလုပ်ပြီး ထွက်မှမဟုတ် တာကြောင့် ဓာတ်ဆီတွေလည်း ဝယ်စရာလိုတော့မည် မဟုတ်ပေ။ ဒီလိုသပိတ်မျိုး တစ်လတန်သည်၊ နှစ်လတန်သည် လုပ်လိုက်ရင် ပြည်သူတွေက တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ ကြိုတင်တွေးတော တတ်သော ရွှေဉာဏ်တော်စူး ရောက်မှုကို ချီးကျူးကြမှာ သေချာသည်။
    ဒါမှမဟုတ်ရင်လည်း 'ပြည်သူတွေ ဘယ်နှရက်တော့ တောင့်ခံကြ'ဆိုတာမျိုး စာလေဘာလေး ထုတ်တာမျိုးတော့ လုပ်သင့်သည်။ လက်ရှိ ဓာတ်ဆီ၊ ဒီဇယ်တွေကို အစိုးရက တင်သွင်းရောင်းချခွင့် ပေးတာကြောင့် အစိုးရနဲ့ပတ်သက်တဲ့ စက်သုံးဆီဆိုင်တွေကို ဘွိုင်းကောက်လုပ်ကြဆိုရင်လည်း အဆင်ပြေသွားနိုင်သည်။ခုချိန်က တော်လှန်အဆိုးရကြီး နာမည်ကောင်းယူရမည့်အချိန် ဖြစ်သည်။ တော်လှန် အဆိုးရကြီးကို ထောက်ခံအားပေးတဲ့ နိုင်ငံတကာကို လက်ဖျောက်လေးတစ်ချက်တီးပြီး ငါတို့ပြည်သူ တွေကို စက်သုံးဆီတွေလိုသလောက် ရောင်းပေးလိုက်၊ ကျသင့်တဲ့ဒေါ်လာတွေကို နွေဦးဘဏ်က ချက်လက်မှတ်တွေ ထုတ်ပေးလိုက်လို့ ကြေညာလိုက်ရင် ပင်လယ်ဝမှာ ဆီတင်သင်္ဘောကြီးတွေနဲ့ ပြည့်သွား မှာသေချာသည်။ ဒီလိုမဟုတ်ရင်လည်း ငါတို့ပြည်သူတွေကို မကြည့်ရက်ဘူးဆိုရင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ သိမ်းထားတဲ့ မလေးရှားနိုင်ငံလောက်ကျယ်တဲ့ နိုင်ငံပိုင်နက်ကြီးထဲကိုဝင်ပြီး တော်လှန်ဆီ ဆိုင်တွေ ဖွင့်ပေးလိုက်ရင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေကို ထောက်ခံသူတွေက တော်လှန်ဆီဆိုင်မှာ ဆီတွေဖြည့်ကြ၊ ဒီဘက်ကအစိုးရကို ထောက်ခံသူတွေက ဒီဘက်ကဆီဆိုင်တွေမှာ ဆီဖြည့်ကြဆိုရင် ရွှေပြည်ကြီးရဲ့ စက်သုံးဆီဘေးမှ ပြည်သူတွေ ကင်းဝေးကြမှာ ဖြစ်သည်။
    နောက်ထပ်အကြံပေးရရင် တော်လှန်အဆိုးရ ကြီးထံမှာ ဝါရင့်အလှူခံကျွမ်းကျင်သူတွေ ရှိသည်။ 'စင်ကာပူက ချစ်တို့ရေ'၊ 'သြဇီကအသဲလေးတို့ရေ' တော်လှန် ပြည်သူတွေရဲ့ စက်သုံးဆီလိုအပ်ချက် ဝိုင်းကူကြဦးနော် ဆိုပြီးစက်သုံးဆီ အလှူခံတဲ့ ကမ်ပိန်းတွေ လုပ်လိုက်ရင်လည်း စက်သုံးဆီ ဂါလန် ပေါင်းများစွာ ရနိုင်သည်။ ဒီလိုဆိုရင် အဆိုးရကြီး အိတ်စိုက်စရာမလိုဘဲ နာမည်ကောင်းရမှာ သေချာသည်။ ခုအခြေအနေအရဆိုလျှင် တော်လှန်အစိုးရကြီး လုပ်ကွက်ပျောက်နေပြီး နောက်ငါးနှစ်လောက်ဆိုရင် ထောက်ခံသူ မရှိသလောက် ဖြစ်သွားနိုင်သည်။ တော်လှန်ပြည်သူတွေ သွေးအေးတာမှ တော် တော်လေး အေးကုန်သည်။ အရင်က တစ်ခုခုဆိုရင်'ဟို အန်တီပြန်လာမှ ဘာလုပ်မယ်၊ ညာလုပ်မယ်' ဆိုပြီး ခုကြတော့ 'ဟိုအန်တီ ပြန်လာမှ ဆီထည့်မယ်'ဆိုတဲ့အသံတစ်ခွန်းမှမပြောကြတော့ဘဲ အလုအယက် ဖြစ်ကုန်ကြသည်။
    ပြောမယ့်သာပြောရတာ ဟိုတစ်လောက တော်လှန်ရေးခေါင်းဆောင်ကြီးတစ်ယောက် ထပြောသလို တော်လှန်ရေးခေါင်းဆောင်ကြီးတွေမှာ စီးစရာ ကားမရှိဘူးဆိုတာကြောင့် တစ်ကမ္ဘာလုံး စက်သုံးဆီ ဘေးသင့်တဲ့အချိန်မှာတောင် တော်လှန်ခေါင်းဆောင်ကြီးတွေ အေးအေးဆေးဆေး ဒူးနှန့်ပြီး နေနိုင်တာလည်း ဖြစ်နိုင်သည်။ တော်လှန်ရေးအဆိုးရကြီး တစ်ရပ်လုံး အမေရိကားနဲ့ တောနက်ထဲမှာ ငုတ်တုတ်မေ့ နေကြတာကတော့ တော်လှန်ရေးကြီးအတွက် အလွန်နစ်နာလှပေသည်။ အရင်ကဆိုရင် ငါတို့တော်လှန် အဆိုးရကြီးကသာ တရားဝင်အဆိုးရ ဖြစ်တာကြောင့် ငါ့မြင်း ငါစိုင်း စစ်ကိုင်း ရောက်ရောက်ဆိုသလို ခရီးနှင်လာခဲ့ကြသည်။ ခုများတော့ တော်လှန်အဆိုးရကြီး အလုပ်မရှိ ကြောင်ရေချိုး ဆိုသလို ရွှေပြည်ကြီးမှ လွှတ်တော်တွေစတော့ ဘယ်သူများ လွှတ်တော်အကြီးအကဲဖြစ်မလဲ၊ ဘယ်သူများ နိုင်ငံတော်အကြီးအကဲဖြစ်မလဲ၊ ဘယ်သူက တပ်မတော်အကြီး အကဲဖြစ်မလဲ ဆိုတာမျိုးကို စိတ်ဝင်စားနေပုံရသည်။ ဇာတ်စင်နောက်သွားပြီး အငြိမ့်မင်းသမီးအခန်းကိုချောင်း ကြည့်ဖို့သွားကြသည့် ကာလသားများသဖွယ် ဂနာမငြိမ်ဖြစ်နေသည့် တော်လှန်အဆိုးရကြီးကြောင့် တော်လှန်ရေးကြီးက ပြီးသွားပြီဆိုပြီး ဝေဖန်သံ တွေ ထွက်နေသည်။ ဒီတော့ ဝေဖန်သံတွေ တိတ်သွားအောင် ငါးနှစ်လုံးလုံး အလှူခံထားသော ဒေါ်လာငွေ ကြေးတွေကို ယခုတစ်ကြိမ်မှာ ကောင်းကောင်း အသုံးချရမည်ဖြစ်သည်။ လုပ်ကွက်မပျောက်ဖို့တော့ လိုသည်။
 ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61266

© 2022 - 2026 News. All Rights Reserved.