ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရလက်ထက်မှာ ထင်ထင်ရှားရှား ဖြစ်ပေါ်တိုးတက်မှုက နိုင်ငံခြားဆက်ဆံရေးလို့ဆိုရမှာဖြစ်ပါတယ်။ ဒီတိုးတက်မှုအပေါ် ဝေဖန်မှုမျိုးစုံနဲ့ ဆုတ်ယုတ်သွားစေလိုတဲ့ စေတနာတွေလည်း တွေ့နေရတယ်။ အကောင်းဘက်က မမြင်နိုင်တဲ့ သူတွေကတော့ တိုင်းပြည်အကျိုးထက် ဘက်အမြင်နဲ့ လက်ရှိအစိုးရကို ပြုတ်ကျစေလိုတဲ့သူတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးမှုပြု နေတဲ့အပေါ်မှာ မခံစားနိုင် ဖြစ်နေရှာပုံရပါတယ်။ အမေရိကန်နဲ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး လက်ရှိအစိုးရကို ပုန်ကန်နေတဲ့ မြန်မာအုပ်စုအပြင် ခေတ်အဆက်ဆက်က တပ်မတော်နဲ့ဆက်နွှယ်နေတဲ့ အစိုးရကိုမလိုလားတဲ့ အမေရိကန်နိုင်ငံရေးသမားတွေကလည်း မကောင်းအမြင်နဲ့ ဝေဖန်မှုတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့ လွတ်လပ်ရေးရပြီး ကတည်းက လက်ဝဲလက်ယာ ပြဿနာဟာ ပြည်တွင်းရေးအပြင် ကမ္ဘာ့အရေးမှာပါ ကြုံတွေ့ရတဲ့ ပြဿနာတစ် ခုဖြစ်ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး လွတ်လပ်ရေးရပြီးစ ဦးနုအစိုးရလက်ထက်မှာလည်း ကြုံခဲ့ရဖူးပါတယ်။ လွတ် လပ်ရေးရပြီး ကွန်မြူနစ်တွေ တောခိုသွားတဲ့အချိန်မှာ လက်ဝဲညီညွတ်ရေးကို ရှေးရှုပြီး ဦးနုက ကြေညာချက်တစ်စောင် ထုတ်ပါတယ်။ သမိုင်းမှာ နုမူ ၁၄ ချက်ဆိုပြီး နာမည်ကြီးပါတယ်။ အဲဒီအချိန်က မြန်မာ့နိုင်ငံရေးကို အားကောင်းစွာ ဦးဆောင်နေတာက ဖဆပလပါ။ ဖဆပလကို ကြီးစိုးနေတာက ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေပါ။ သဘောကတော့ မြန်မာ့နိုင်ငံရေးကိုဦးဆောင်နေကြတာက လက်ဝဲအုပ်စုပါ။ ကွန်မြူနစ်တွေ ဖဆပလက ထွက်သွားပြီးတောခိုသွားတော့ အားကောင်းစွာကျန်ခဲ့တာက ဆိုရှယ်လစ်အုပ်စုဖြစ်ပြီး လက်ယာအုပ်စုက အနည်းငယ်ရှိပါတယ်။
မြန်မာ့နိုင်ငံရေး ပြေလည်စေချင်လို့ ဦးနုက လက်ဝဲညီညွတ်ရေး ကြေညာချက် ထုတ်တာပါ။ ဦးနု မထုတ်ခင် ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်အခါကလည်း လက်ဝဲညီညွတ်ရေး ကြိုးပမ်းခဲ့ဖူးပါတယ်။ ဦးနုက ၁၅ ချက်ပါတဲ့ လက်ဝဲညီညွတ်ရေး အဆိုပြုချက်ကို ၁၉၄၈ ခုနှစ် မေ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ "လက်ဝဲလမ်းစဉ်ကို ညီညွတ်သော လက်ဝဲအင်အားစုများဖြင့် ပြတ်ပြတ်သားသား လိုက်ကြမည်။ မာ့စ်လိ (Marxist League) လက်ဝဲပါတီတစ်ခု တည်ထောင်မည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော် အားလုံး ပါဝင်ကြမည်။ ပါတီဖွဲ့ပြီးလျှင် သီးခြားမနေ၊ ကိုယ့်အဖွဲ့ကိုယ်ဖျက်သိမ်း၍ တစ်ပါတီတည်းဖြင့် ကြိုးပမ်းကြမည်။ မာ့စ်ဝါဒကိုကောင်းစွာ လေ့လာ၍ ဖြန့်ဖြူးပညာပေးမည်"စသဖြင့် ကြေညာချက်ကိုကြည့်ရင် လက်ဝဲဘက် ကို ပြတ်ပြတ်သားသား ယိမ်းမယ့်သဘော တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက ပြည်တွင်းရေးပါ။
ဒီပြည်တွင်းရေးနဲ့ပတ်သက်ပြီး ကွန်မြူနစ်တွေက သူတို့နိုင်ခြေရှိတယ်လို့ တွက်ကြပြီး စေ့စပ်ဆွေးနွေးရေးနဲ့ နုမူကို စိတ်မဝင်စား၊ အလိုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကိုသာ အကောင်အထည် ဖော်ခဲ့ကြပါတယ်။ ကမ္ဘာ့အရေးနဲ့ပတ်သက်ပြီး နုမူ ၁၅ ချက်အပေါ်လန်ဒန်နဲ့ နယူးယောက်မှာ ဂယက်ရိုက်ပါတယ်။ မြန်မာပြည် နီသွားပြီ၊ စောင့်ကြည့်ရဦးမယ်လို့ ဆိုကြပါတယ်။ မီဒီယာတွေဝိုင်းရေးကြတာ ဘယ်ဘက်ကမှ အမြတ်မထွက်တဲ့အတွက် ဦးနုအစိုးရ မရှူနိုင်မကယ်နိုင် ဖြစ်သွားပုံရပါတယ်။ အချင်းချင်းအကွဲအပြဲနဲ့ အင်အားချည့်နဲ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေတဲ့ အစိုးရအနေနဲ့ အစိုးရ ကိုယ်စားလှယ် ဝန်ကြီးတစ်ပါးလန်ဒန်ကို စေလွှတ်ပြီး မြန်မာပြည် မနီသေးကြောင်း ရှင်းလင်းခဲ့ရပါသေးတယ်။ မူ ၁၅ ချက်ကနေ မာ့စ်ဝါဒဖြန့်ဖြူးမယ်ဆိုတဲ့ အချက်ကို ဖြုတ်ခဲ့ရတဲ့အတွက် နုမူ ၁၄ ချက် ဖြစ်သွားရတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာ့နိုင်ငံရေးဟာ လက်ဝဲလက်ယာ ချိန်ဆရတဲ့ သဘောကို တွေ့ရမှာဖြစ်ပါတယ်။
အခုထိလည်း မြန်မာနိုင်ငံဟာ လက်ဝဲလက် ယာကြားမှာ ချိန်ဆရုန်းကန်နေရတဲ့ အခြေအနေလို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လက်ဝဲလက်ယာ နှစ်ဖက်လုံးက စိတ်ဝင်တစား ရှိကြတာကလည်း အထင်အရှားပါ။ လက်ရှိ အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရကြား တွေ့ဆုံမှုနဲ့ပတ်သက်ပြီး အမေရိကန်မှာလည်း ဂယက်ထပါတယ်။ နှစ်ဖက်တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ဖော်ပြတဲ့အပေါ် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ထိပ်တန်းအဖွဲ့ဝင် နယူးယောက်၊ ဒီမိုကရက်၊ လွှတ်တော်အမတ် ဂရီဂိုရီ မီးခ်စ်က ဒေါသတကြီး တုံ့ပြန်တာတွေ့ ရပါတယ်။ "ဒီတွေ့ဆုံမှုဟာ အမေရိကန်တို့ရဲ့ တန်ဖိုးထားမှုနဲ့ အကျိုးစီးပွား နှစ်ခုလုံးနဲ့ ဆန့်ကျင်ကြောင်း၊ ကွန်ဂ ရက်က ပြဋ္ဌာန်းထားတဲ့ အရေးယူပိတ်ဆို့မှုတွေ အကောင်အထည်ဖော်ဖို့နဲ့ ဒီမိုကရေစီဆိုင်ရာ လျာထားရန် ပုံငွေတွေအသုံးချဖို့ ပျက်ကွက်နေချိန်မှာ သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံတာဟာ မာကိုရူဘီ ယိုအနေနဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုကို စွန့်လွှတ်နေပြီး လူသတ်အစိုးရကို ပိုမို ကြီးမားတဲ့ နိုင်ငံတကာ တရား ဝင်မှုကိုပေးအပ်နေတာ"ဆိုပြီး ပြင်းပြင်းထန်ထန် ေ၀ဖန်ပါတယ်။
လက်ရှိ အမေရိကန်အစိုးရမူဝါဒပိုင်းနဲ့ပတ် သက်နားလည်သူတွေက ဂရီဂိုရီမီးခ်စ်တို့အနေနဲ့နည်းဟောင်းကိုသာ သုံးနေကြကြောင်း၊ အထက်လွှတ်တော် အမတ် မစ်ချ်မက်ကွန်နယ် (Mitch McConnell)၊ ဂျော့ ဆိုးရော့(George Soros)နဲ့ ကုလသမဂ္ဂတို့ အားပေးထောက်ခံခဲ့တဲ့ မြန်မာနိုင်ငံအပေါ် သီးခြားထားရှိရေးကို ဇောင်းပေးထားတဲ့ အမေရိကန်မူဝါဒတွေ အဆုံးသတ်သွားပြီဖြစ်ကြောင်း၊ သမ္မတထရမ့် အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုအနေနဲ့ အမေရိကန်ကို ပိုမိုခိုင်မာတဲ့ အနေအထားကို ရောက်ရှိစေမယ့် လမ်းကြောင်းသစ် ဖောက်နေပြီဖြစ်ကြောင်း ဆိုပါတယ်။ အမေရိကန်ရဲ့ မူဝါဒပြောင်းလဲမှုနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်မှုမဟုတ်ဘဲ မဟာဗျူဟာကျကျလက်တွေ့ဆန်မှု၊ USAID မရှိတော့ဘဲ ဘာသာရေးအခြေပြု အဖွဲ့အစည်းတွေအစားထိုးဝင်ရောက်လာမှု၊ သီးခြားထားရှိရေး၊ ဝိုင်းပယ်ရေးမူဝါဒ ပျက်စီးသွားမှုတွေအရ ပြောင်းလဲသွားတာလို့ ဆိုပါတယ်။ သဘောကတော့ မြန်မာပြည်ကို ဘက်အနေနဲ့ ဆက်ဆံမယ့်အစား အကျိုးစီးပွားအခြေခံပြီး လက်တွေ့ကျကျ ဆက်ဆံမယ်ဆိုတဲ့ သဘောထား ပြောင်းလဲသွားတာလို့ ဆိုနိုင် ပါတယ်။ ဒါပေမဲ့ ဆက်လက်စောင့် ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ဒီလိုအမေရိကန်ရဲ့ ဆက်ဆံရေးပြောင်းလဲလာမှုနဲ့ မြန်မာအစိုးရရဲ့ ထိတွေ့ဆက်ဆံမှုအပေါ် တရုတ် ဘက်ကကြည့်ရင် သတိထားစောင့်ကြည့်မှာ သေချာပါတယ်။ သူ့နိုင်ငံ သူ့အကျိုးစီးပွားအရ ဖြစ်သင့်တဲ့ကိစ္စပါ။ ပြဿနာမဟုတ်ပါ။ ဒီလိုအခြေအနေမှာ ကြားဝင်ပြီး ညှောင့်နေကြတဲ့သူတွေ ရှိပါတယ်။ အမေရိကန်နဲ့ မြန်မာတို့ တွေ့ဆုံနေတဲ့ကာလ၊ မြန်မာပြည်နယ်စပ်၊ 'ဝ' UWSA နဲ့ ကိုးကန့် MNDAA တို့နဲ့ ဆက်စပ်ဒေသမှာ အဲဒီလက်နက်ကိုင်အဖွဲ့တွေကို ရံထားတဲ့အနေနဲ့ တရုတ်တပ်က အင်အားတစ် သိန်းခန့် တပ်ချထားကြောင်း၊ အမေရိကန်နဲ့တွေ့ဆုံမှုကို မကျေ နပ်လို့ 'ဝ'နဲ့ ကိုးကန့်အဖွဲ့တွေကိုရံပြီး စစ်ရေးဆောင်ရွက်တော့မှာဖြစ်ကြောင်း စသဖြင့် ဖွကြပါတယ်။ အမှန်စင်စစ် တရုတ်တပ်အင်အား တိုးချဲ့ ချထားတာ မှန်ပါတယ်။ ဒါပေမဲ့ အင်အားတစ်သိန်းနဲ့ စစ်အင်အား မဟုတ်ပါ။ မြန်မာနယ်စပ်၊ လာအိုနယ်စပ်နဲ့ ကမ္ဘောဒီးယားနယ်စပ်တွေမှာ ကျားဖျန့်စစ်ဆင်ရေးလုပ်ဖို့ အင်အားနှစ်သောင်းခန့် တိုးထားတာ သာဖြစ်ကြောင်း သိရပါတယ်။
နယ်မြေဒေသအခြေအနေနဲ့ သတင်းဖြစ်စဉ်တွေကို သေချာသတိထားကြည့်။ မကြာမီရက်ပိုင်းအတွင်းက 'ဝ'အထက်ပိုင်းအဆင့်ရှိတဲ့ သူတစ်ယောက်ကို ဖမ်းဆီးပြီး တရုတ်လက်အပ်ခဲ့တာ တွေ့ရပါလိမ့်မယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျားဖျန့်ကိစ္စနဲ့ပတ်သက်ရင် 'ဝ' ပဲဖြစ်ဖြစ်၊ ကိုးကန့်ပဲဖြစ်ဖြစ် တရုတ်က လက်ခံမှာမဟုတ်ဘူး၊ ဆော်မှာ။ ဒီလို အင်အားချထားတာက ရုတ်ရုတ် ရုတ်ရုတ်လုပ်ရင် 'ဝ'သော၊ ကိုးကန့်သော စဉ်းစားမှာ မဟုတ်ဘူးဆိုတာ ပြထားတာလို့ ယူဆနိုင်တယ်။ ဒါကြောင့်လည်း 'ဝ'တို့၊ ကိုးကန့်တို့က တရုတ်အမျိုးသား နေ့နဲ့ပတ်သက်ပြီး နယ်စပ်လုံခြုံရေး လုပ်ပေးမယ်ဘာညာနဲ့ ဖားပြီး ကြေညာချက်ထုတ်တာ။ သေချာစဉ်းစားကြည့်။ လုံခြုံရေးလုပ်ပေးစရာ ဘာရှိလို့လဲ။ သူတို့ကလွဲလို့ အဲဒီနယ်စပ်မှာ တရုတ်ကို ဘယ်သူက နှောင့်ယှက်ဒုက္ခပေးမှာလဲ။ မြန်မာအစိုးရနဲ့ တပ်မတော်ဆို ခုချိန်မှာ နယ်စပ်နဲ့အဝေးကြီး။ အမေရိကန်နဲ့ တွေ့ဆုံမှုကြောင့် အင်အားတစ်သိန်းနဲ့ ရံထားတယ်ဆိုတဲ့ သတင်းဟာ ဘယ်လို သတင်းဖြစ်မလဲ။ ဘာရည်ရွယ်ချက်ရှိမလဲ။ ရှင်းပါတယ်။ သပ်သျှိုတာကလွဲလို့ တခြားဘာမှ မရှိဘူး။
အဓိကအရေးကြီးတာက အကျိုးစီးပွားပါ။ အမေရိကန်ကလည်းသူ့အကျိုးစီးပွား၊ တရုတ်ကလည်း သူ့အကျိုးစီးပွား စသဖြင့် အကျိုးစီးပွားကို အခြေခံကြသလို ကျွန်တော်တို့ကလည်း ကျွန်တော်တို့အကျိုး စီးပွားကို ရှေးရှုရမှာ ဖြစ်ပါတယ်။ တရုတ်နဲ့ပဲဖြစ်ဖြစ်၊ အမေရိကန်နဲ့ပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံနဲ့မဆို ပေါင်းသင့်တဲ့ အတိုင်းအတာအတွင်းက ပေါင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက "နိုင်ငံ တော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကိုစောင့်ထိန်းသည်"လို့ ဆိုထားပါတယ်။ ဒီမူ၊ ဒီဘောင်အတွင်း ရှိနေသမျှ အန္တရာယ်မရှိပါ။
"အမေရိကန်နဲ့ ဆွေးနွေးမှုတွေလုပ်နေလို့ တရုတ်က ကျေနပ်မှာ မဟုတ်ဘူး။ တရုတ်ကြီးက အမေရိကန်နဲ့ပေါင်းလို့ မြန်မာပြည်ကို ဒုက္ခပေးလိမ့်မယ်။ စစ်တပ်နောက်ခံရှိတဲ့ အစိုးရမှန်သမျှ အမေရိကန်နဲ့ တရုတ်ကြား မကစားတတ်ဘူး။ ဒါမျိုးက နိုင်ငံရေးသမားတွေသာ ကစားတတ်တာ"ဆိုပြီး အနောက်လိုလားတဲ့ အုပ်စုက ဝေဖန်နေကြတာ သတိထားမိတယ်။ အတော်တုံးတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြားဖြစ်ဖြစ်၊ တရုတ်နဲ့ အိန္ဒိယကြားဖြစ်ဖြစ် မြန်မာနိုင်ငံအနေနဲ့ ကစားလို့မရပါဘူး။ ကိုယ့်နိုင်ငံကအချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ပေမယ့် ဒီနိုင်ငံကြီးတွေကြားမှာ ကစားလို့ မရပါဘူး။ ကစားလေ ကြားညပ်လေဖြစ်မှာ နားလည်ထားဖို့လိုပါတယ်။ ကိုယ့်ထက်လည်ပြီး ကမ္ဘာ့နိုင်ငံ ရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး အစရှိတဲ့ ကိစ္စရပ်တွေမှာ ဦးဆောင်နေတဲ့ နိုင်ငံကြီးတွေကို ဘယ်လိုကစားမလဲ။ ကစားမယ်ဆိုရင် ပါမောက္ခနဲ့ မူလတန်းကျောင်းသားလိုဖြစ်နေမှာ မဟုတ်ဘူးလား။ အစ္စရေးလို စည်းလုံးညီညွတ်ပြီး အင်အားကြီးရင်တော့ တစ်မျိုးပေါ့။ ဒါတောင်အစ္စရေးလိုနိုင်ငံက ဘယ်သူနဲ့ ပေါင်းပြီး ဘယ်လို ရပ်တည်နေသလဲဆိုတာ သတိထား ကြည့်ရင်သိနိုင်တယ်။
မြန်မာနိုင်ငံအနေနဲ့ အမေရိကန်နဲ့ပေါင်းလို့ရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ အကျိုးစီးပွားယုတ်စေမယ့်ကိစ္စမျိုးတော့လုပ်လို့မရပါ။ တရုတ်အကျိုးစီးပွား သက်သက်၊ အမေရိကန် အကျိုးစီးပွားသက်သက် စဉ်းစားရပါမယ်။ စီးပွားရေးကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တရုတ်ကိုမထိခိုက်စေမယ့် အမေရိကန် အကျိုးစီးပွားက ဆက်ဆံဆောင်ရွက်သင့်တဲ့ကိစ္စပါ။ အထူးသဖြင့် China Containment policy နဲ့ ပတ်သက်ရင်၊ သံသယဖြစ်စရာရှိရင် ရှောင်ကိုရှောင်ရမှာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ တရုတ်အကျိုးစီးပွားနဲ့ အမေရိကန် အကျိုးစီးပွား Conflict ဖြစ်မယ်ဆိုရင် ဘယ်ဘက်ကိုလိုက် မလဲ။ သမိုင်းကြောင်းအရရယ်၊ ပထဝီနိုင်ငံရေးအရရယ် စဉ်းစားချင့်ချိန်မယ်ဆိုရင် ကျွန်တော့်အမြင်ကတော့ တရုတ်ဘက်လိုက်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှဖို့၊ တင့်တယ်ဖို့ မိမိအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမှာဖြစ်သလို ခင်မင်ရင်းစွဲရှိပြီးသား ကမ္ဘာ့အဆင့်အင်အားကြီး တရုတ်နိုင်ငံနဲ့ အခင်မင်မပျက်၊ ယုံကြည်မှုမပျက်ဖို့ ကလည်းအရေးကြီးပါတယ်။ တရုတ်နိုင်ငံနဲ့ ပေါင်းပြီး ရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူ SEZ ဇုန် စီမံကိန်း ဆောင်ရွက်တာနဲ့ အိန္ဒိယနဲ့ပေါင်းပြီး ကုလားတန်မြစ်စီမံကိန်း ဆောင်ရွက်တာ ဘာပြဿနာရှိပါသလဲ။ ကိုယ့်နိုင်ငံ ကိုယ့်အချုပ်အခြာနဲ့ ဆောင်ရွက်တာ တရုတ်ကလည်း ဘာမှမဖြစ်သလို အိန္ဒိယကလည်း ပြဿနာမရှိပါ။ အကျိုးစီးပွား Conflict မဖြစ်သလို အိန္ဒိယရဲ့ At East policy နဲ့ ဆောင်ရွက်တဲ့ ကုလားတန် မြစ်စီမံကိန်းဟာ တရုတ်ရဲ့ R & B policy ကို အထောက်အကူတောင် ပြုပါသေးတယ်။ ဒီသဘောပါပဲ။ ဒီလို မဟုတ်ဘဲ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်နဲ့ လုပ်မှာကို ဖျက်သိမ်းပြီး အမေရိကန်ကိုပေးမယ်ဆို ရင်တော့ ပြဿနာရှိပါတယ်။
နိဂုံးချုပ်ရမယ်ဆိုရင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအနေနဲ့ ဘယ်သူနဲ့မဆို သင့်တင့်မျှတစွာ ပေါင်းလို့ရပါတယ်။ သို့သော် လူနဲ့ လူ့ပတ်ဝန်းကျင်ဆက်ဆံသလို နိုင်ငံချင်းဆက်ဆံရာမှာလည်း သူ့အဆင့်နဲ့သူ ချိန်ဆရမှာ ဓမ္မတာပါ။ ဘက်လိုက်တာ မဟုတ်ပေမယ့် အကျိုးစီးပွားနဲ့ အကျိုးပြုမှု၊ မှန်ကန်မျှတတဲ့ ဆက်ဆံရေး၊ အကျိုးတူစီးပွားစတဲ့ အခြေအနေတွေကို ကာလသုံးပါးအခြေခံပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေကြားမှာ ကစားတတ်ရင်ကြီးပွားမယ်ဆိုတဲ့ အမြင်ဟာလွဲမှားတဲ့ အမြင်ပါ။ ကစားမယ့်အစား မှန်ကန်မျှတစွာ ဆက်ဆံရမှာဖြစ်ပါတယ်။ အပြန်အလှန်အကျိုးပြုမှု၊ ကိုယ့် အကျိုးစီးပွားကြည့်သလို သူ့အကျိုးစီးပွား မပျက်စေဖို့၊ မထိခိုက်စေဖို့ သတိထားရမှာ ဖြစ်ပါတယ်။
အခုချိန်မှာ တစ်ခုသတိထားမိတာက သူ့ဘက်ကိုယ့်ဘက် ဆက်ဆံရေး ပြန်လည်ထူထောင်နေတဲ့ ကာလဖြစ်တဲ့အတွက် ဆွဲဆောင်မှုဆိုတာ ရှိနေမှာဖြစ်ပါတယ်။ နှောင်ကြိုးပါတဲ့ဆွဲဆောင်မှုလား၊၊ အပြန်အလှန်အကျိုးတူစီးပွားနဲ့ ဘယ်သူက စိတ်ရင်းအမှန်လဲဆိုတာ ချိန်ဆရမှာ ဖြစ်ပါတယ်။ အမေရိကန်မလာ လို့ ထူးပြီးဆုံး ရှုံးမှုကြီးကြီးမားမား ဖြစ်စရာမရှိသလို အမေရိကန်လာလို့လည်း ထူးထူးခြားခြား တည်ငြိမ် အေးချမ်းကြီးပွားချမ်း သာစရာမရှိပါ။ ဆက်ဆံတာနဲ့ မဆက်ဆံတာ ဘယ်ဟာက ကောင်းသလဲဆိုရင် အခြေအနေပေါ်မှာသာ မူတည်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာ့မူဝါဒနဲ့အညီညီ ညွတ်မျှတတဲ့ ဆက် ဆံရေးရရင်တော့ ဆိုစရာမရှိပါ။ မူဝါဒတစ်မျိုးနဲ့ လွှမ်းမိုးမယ်ဆိုရင်တော့ တာ့တာပါ။
မြန်မာခေါင်းဆောင်တွေ မြန်မာအတွက် ဘယ်သူ့ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ နားလည်ပြီး သားပါ။ ခုချက်ချင်းပဲ ဟိုဟာဖြစ်တော့မလိုလို၊ ဒီဟာ ဖြစ်တော့မလိုလို ထင်ကြေးပေးပြောနေကြတာ တွေဟာ အာပလာတွေပါ။ နားမယောင်ကြပါနဲ့။ သူ့အလုပ်၊ သူ့တာဝန်၊ သူတို့ နားလည်ကြပါတယ်။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )