Breaking

အစိုးရသစ်၏ ပျားရည်ဆမ်းကာလ (သို့မဟုတ် ) ရက်ပေါင်း ၁၀၀

၂၀၂၆ ၊ မေ ၃

အစိုးရ၏ ဦးစားပေး ကြိုးပမ်းချက်
    နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် အချိန်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးကို အလေးထား ဦးစားပေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။ ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တစ်ရက်တွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီအပါအဝင် ကော်မတီသုံးရပ်ကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်၏ ရက် ၁၀၀ စီမံချက်ကိုလည်း ဧပြီ ၂၀ ရက်တွင် ချပြခဲ့သည်။ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး ဆောင်ရွက်မည့် စီမံချက်များ ဖြစ်သည်။ 
    ယခုကာလများအတွင်း PDF များ အလင်းဝင်ရောက်လာမှုကလည်း များပြားနေသည်။ နိုင်ငံတော်၏ သဘောထားအမှန်ကို သိရှိပြီး လက်နက်ချ အလင်းဝင်ရောက်လာကြခြင်းဖြစ်သည်။ လ.ပ.ခ နယ်မြေ တ.ပ.ခ နယ်မြေတို့တွင် PDF များ ရာနှင့်ချီပြီး အလင်းဝင်ကြသည်။ ဆက်လက် အလင်းဝင်ကြမည့် PDF များစွာရှိနေ‌သည်ဟု ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများထံမှ ကြားသိရသည်။ နိုင်ငံတော် အစိုးရက အလင်းဝင်ရောက်လာကြသူများကို နွေးနွေး‌ထွေးထွေး ကြိုဆိုလျက်ရှိနေသလို ထောက်ပံ့ငွေများ ပေးခြင်း၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်းများ ဆောင်ရွက်ပေးနေသည်။ ငြိမ်းချမ်းရေးအတွက် ရက်ပေါင်း ၁၀၀ အတွင်း PDF များ အလင်းဝင်ကြဖို့ ဖိတ်ခေါ်ထားသည်။ NCA လက်မှတ်ထိုးထားသည့် အဖွဲ့၊ မထိုးရသေးသည့်အဖွဲ့၊ လက်မှတ်ထိုးပြီး NCA မှ သွေဖည်သွားသည့် အဖွဲ့များကိုလည်း လွတ်လပ်ပြီး ကြိုတင် ကန့်သတ်ချက်များ မထားသည့်  ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့သည်။ NCA ပါ သဘောတူညီချက်များကို ပြီးစီးအောင် မြင်သည်အထိ အတူတကွ ပူးတွဲအကောင် အထည်ဖော် နိုင်ရေး တွေ့ဆုံဆွေးနွေးကြဖို့ ဖြစ်သည်။
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ကော်မတီသုံးရပ်ကို ဖွဲ့စည်းမှု၊ ရက် ၁၀၀ စီမံချက်များ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ  အကောင်အထည်ဖော်ရန်၊ တွေ့ဆုံဆွေး‌နွေးရန် ဖိတ်ခေါ်ချက်တို့မှာ အစိုးရသစ်၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုအတွက် အစပျိုးသည့် ခြေလှမ်းများအဖြစ် ရှုမြင်မိသည်။ "ကျွန်တော်တို့ကတော့ ဒီရက်ပိုင်း စီမံဆောင်ရွက်မှုတွေကို ကြိုက်တယ်။ ဇူလိုင် ၃၁ ရက်အထိအောင် ကြိုတင်ကတိကဝတ်တွေ မရှိဘဲနဲ့ ငြိမ်းချမ်းရေးစားပွဲပေါ် လာဆွေး‌နွေးလို့ရတယ်လို့ ဗမာလို တည့်တည့်ပြော ထားပါတယ်။ တစ်ဖက်ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကနေပြီးတော့ စစ်ဆင်ရေး‌တွေ၊ ထိုးစစ်တွေ စနစ်တကျ သေချာလေး လုပ်လာတဲ့အပေါ်မှာ အားရဝမ်းသာဖြစ်မိပါတယ်။ အခုလက်ရှိ နိုင်ငံတော်သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့ အမြန် ငြိမ်းချမ်းတော့မယ်လို့ မြင်ပါတယ်။ အဲဒါကို ယုံကြည် သလို ယုံကြည်မှုလည်း အပြည့်အ၀ ရှိနေပါတယ်"ဟူ၍ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးလှမိုးအောင် က မှတ်ချက်ပြုသည်။

ငြိမ်းချမ်းရေးနှင့် ကျွဲကူးရေပါ
    အစိုးရသစ်က ရက်ပေါင်း ၁၀၀ အတွင်း၌ လမ်းပန်းဆက်သွယ်ရေး ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရန် စီမံထားသည်။ အနီးစခန်း လေဆိပ် အဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပို့ကုန်နှစ်ဆ တိုးမြှင့်နိုင်ရေး ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် သိုလှောင်ရုံများကို ဦးစားပေးတည်ဆောက်သွားမည် ဖြစ်သည်။ ရထားလမ်းများ ကောင်းမွန်ရေး အတွက် ရထားလမ်းများ အားလုံးကို တတ်နိုင်သရွေ့ အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-ပြည်လမ်းတို့ကို အဆင့်မြှင့်တင်ခြင်း၊ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်း၌လည်း တံတားပြင်ဆင်ခြင်းများ၊ လမ်းပြင်ဆင်ခြင်းများအပြင် ရထားစက် ခေါင်းများ၊ တွဲများ၊ စက်ရုံများ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ 
    ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ မိုဘိုင်း စခန်းအသစ် ၂၇ ခုကို ယခုရက် ၁၀၀ အတွင်း တိုးချဲ့ပေးသွားမည် ဖြစ်ပြီး မိုဘိုင်း စခန်းကိုးခု၌ 4G LTE အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်သည်။ ကျေးလက် ရေရရှိရေးလုပ်ငန်း၊ ဆိုလာရေတင်စနစ်ဖြင့် သောက်သုံး ရေနှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ၊ သုတေသနစွမ်းရည် မြှင့်တင်သည့် Naypyitaw State Academy၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင် Research and Activation များကို ရှေ့ပြေးတက္ကသိုလ်များအဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း၊ ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်မှစ၍ အလယ်တန်းပညာအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို ထည့် သွင်းသင်ကြားပေးခြင်း အပါအဝင် လူငယ်များ အကျင့်စာရိတ္တ မြင့်မားစေရေး၊ ကျန်းမာရေး၊ သူနာပြု ကျောင်းများကိုလည်း သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ခြင်း အစီအမံများကို ရက် ၁၀၀ ကာ လအတွင်း ဖော်ဆောင်ပေးမည်ဖြစ်သည်။
    ထိုရက် ၁၀၀ စီမံချက်များတွင် တောင်သူလယ်သမားများကို ချေးငွေနှုန်းထား တိုးမြှင့်ရေး စီမံချက်အနေဖြင့် ချေးငွေများ တိုးမြှင့်ထုတ်‌ပေးသွားမည့် အစီအမံ၊ လယ်ယာသုံးစက်ကိရိယာချေးငွေ ကျပ်သိန်း ၃၀၀၀ ဝန်းကျင်ထုတ်ချေးမည့် အစီအမံများမှာ တောင်သူလယ် သမားများအတွက် အားတက်စရာဖြစ်သည်။ နိုင်ငံတော်သမ္မတကြီးက အခြေခံလူတန်းစား တောင်သူလယ်သမား များအပေါ်ထားသည့် စေတနာကို အထင်းသား မြင်တွေ့လိုက်ရသည်။ တောင်သူလယ်သမားများအပေါ် အလေးထားသည့် အစီအမံဖြစ်၍ နိုင်ငံတော်အစိုးရကိုလည်း ၎င်းတို့က ကျေးဇူးတင်နေကြသည်။

အခြေခံလူတန်းစားများ၏ မျှော်လင့်ချက်
    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်ပြီး တောင်သူ ရာခိုင်နှုန်း ၇၀ ရှိသည့် နိုင်ငံဖြစ်သည်။ တောင်သူများအား ချေးငွေထုတ်ချေးမှုတွင် ယခင်ကာလများနှင့်မတူဘဲ တိုးမြှင့်ချေးလိုက်ခြင်းမှာ တောင်သူလယ်သမားများက သွင်းအားစုကို လုံလုံလောက်လောက် ရရှိပြီးတော့ စပါးအထွက် ကောင်းအောင်၊ ပဲအထွက်ကောင်းအောင် စိုက်ပျိုးနိုင်ကြတော့မည်။ ဝါ၊ နှမ်း အပါအဝင် အခြားသော သီးနှံများ ပိုမို စိုက်ပျိုးနိုင်ကြတော့မည်ဟု ယုံကြည်မျှော်လင့်နေကြသည်။ ကျန်သည့် ရာခိုင်နှုန်း ၃၀ ထဲတွင် မြို့ပေါ်နေ အခြေခံလူတန်းစား ကျေးလက်များတွင် လယ်ပိုင်ယာပိုင်မရှိဘဲ ကျပန်းလုပ်ကိုင် စားသောက်နေရသည့် လူတန်းစားများ ရှိနေသည်။ ထိုအ‌ခြေခံလူတန်းစားများ နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေ ရသည့် စားဝတ်နေရေး ကျပ်တည်းမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ဝင်ငွေထွက်ငွေ မလောက်ငမှု ထိုအခြေအ နေများမှလည်း တစ်စုံတစ်ရာ အကျိုးရှိသွားအောင် ရက် ၁၀၀ အတွင်း ၌ ဆောင်ရွက်ပေးစေလိုကြောင်း အကြံပြုကြသည်။
    သို့သော် တောင်သူလယ်သမား ၇၀ အပြင် ရာခိုင်နှုန်း ၃၀ သော လူတန်းစားတစ်ရပ် ရှိနေသည်။ လယ်ပိုင်ယာပိုင်မရှိသူ၊ တောနေလူတန်းစားများ၊ အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းလည်း မဟုတ်၊ ကိုယ် ပိုင်အလုပ်လည်းမရှိ ကျပန်းလုပ်ကိုင်နေရသည် မြို့ပေါ်နေ လူတန်းစားများဟူ၍ ရှိကြသည်။ ထိုသူများသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ ကိုယ်ပိုင်အလုပ်အကိုင်များလည်းမရှိ ကိုဗစ်ကြောင့်၊ နိုင်ငံရေး ပဋိပက္ခ ကြောင့် စီးပွားရေးကျပ်တည်းခဲ့ရသည်။ ထိုသို့ အခြေခံလူတန်းစားများအတွက်လည်း နိုင်ငံတော်အဆင့် အစိုးရသစ်တစ်ရပ်က မည်သို့ ဆောင် ရွက်ပေးနိုင်မည်လဲ၊ ဖြည့်တွေးပေးစေ ချင်သည်ဟု အကြံပြုကြ သည်။
    "နိုင်ငံတော်သမ္မတကြီးရဲ့ ရက် ၁၀၀ စီမံကိန်းမှာ တောင်သူတွေအပေါ်မှာထားတဲ့ စေတနာတွေပါ။ ဒီလိုစေတနာထားတာက အောက်ခြေမှာ မိုးကကွက်ကျား မိုးတွေသွားပြီး ခံစားခွင့်တွေမရမှာ စိုးတယ်။ မြို့ပေါ်မှာဆိုရင် ပျံကျလုပ်စားနေကြတဲ့သူတွေ ရှိသလို ရွာတွေမှာလည်း လယ်ပိုင်ယာပိုင် မရှိတော့ဘဲ ဆင်းရဲနွမ်းပါးသွားတဲ့အပေါ်မှာ ကျပန်းလုပ်စား‌‌နေကြရတဲ့ သူတွေရှိတယ်။ အဲဒီလူတွေကိုလည်း ရက် ၁၀၀ အတွင်းမှာ တစ်စုံတစ်ရာပေါ့။ သူတို့အတွက် ရပိုင်ခွင့်လေး အသီးအပွင့်လေးတွေပေါ့။ ဥပမာ ဆန် ၁၀ ပြည်လား၊ ဆီငါး ပိဿာ ပေးမှာလား စသည်ဖြင့်ပေါ့။ တစ်စုံတစ်ရာ အကျိုးခံစားခွင့်လေး ရသွားစေချင်တယ်၊ ပျော်သွားစေချင်ပါတယ်။ ရက် ၁၀၀ မှာ ငါတို့ ဒီမိုကရေစီအစိုးရသစ်က လုပ်ပေးပါ လားဆိုတာကို ပြည်သူတွေရဲ့ ရင်ထဲရော၊ ခေါင်းထဲရော ရောက်သွားစေချင်တာပါ။ ဒီအောက်ခြေ လူတန်းစားတွေရဲ့ အခြေအနေကို လူကြီးတွေလည်း သိကြပါတယ်။ ဒါလေးကလည်း ကွက်ပြီး ကျန်နေတယ်လို့ မြင်တယ်။ ကျန်တာကလည်း နိုင်ငံရေးပဋိပက္ခတချို့ ရှိနေတော့ လုပ်ပေးဖို့ မလွယ်ကူသေးလို့ ချန်ထားတာမျိုး ဖြစ်နိုင်ပါတယ်"ဟု ပဲခူးမြို့ခံတစ်ဦးက ၎င်း၏ဆန္ဒကို ပြောပြသည်။

အစိုးရသစ်၏ စိန်ခေါ်မှုများနှင့် ရက် ၁၀၀
    ရက် ၁၀၀ စီမံကိန်းများ ဆိုသည်မှာ ဒီမိုကရေစီ၏ အသီးအပွင့်၊ အစိုးရ အသီးအပွင့်များ ဖော်ဆောင်ပေးမည့် ပြည်သူများ လက်ငင်းအကျိုးကျေးဇူး ခံစားရမည့် အစီအစဉ်များဖြစ်ပါသည်။ အစိုးရသစ်၏ ပထမဆုံး ခြေလှမ်းလည်းဖြစ်သည်။ အစိုးရတစ်ရပ်က ပြည်သူလူထုအပေါ် မည်မျှကောင်းကြောင်း၊ ပြည်သူ့ကောင်းကျိုးများ မည်မျှဆောင်ရွက်ပေးနိုင်ကြောင်း၊ ပြည်သူသက်သာချောင်ချိအောင် မည်မျှဖော်ပေးနိုင်ကြောင်း စသည့် အစိုးရ၏ အုပ်ချုပ်ရေး စီမံခန့်ခွဲမှုများနှင့် တိုင်းပြည်အတွက်၊ ပြည်သူ လူထုအတွက် မည်မျှအရွေ့ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်လဲ ထိုရက် ၁၀၀ ဖြင့် တိုင်းတာကြသည်၊ ဝေဖန်သုံးသပ်ကြသည်။
    "ရက် ၁၀၀ များလာရင် အစိုးရသက်တမ်း ငါးနှစ်ဖြစ်သွားမယ်လေ။ ‌နိုင်ငံတော်အဆင့်က ဒီလို ရက် ၁၀၀ ကို နှုတ်ကထွက်ပြီ၊ စာနဲ့ထွက်ပြီးပြီဆိုရင် ဖော်ဆောင်ပေးမှာပါ။ မဖော်ပေးဘူးဆိုရင်တော့ ဝေဖန်စရာတွေ၊ သားပုပ်လေလွင့်တွေ ပေါ်လာမှာ။ NLD ခေတ်ကဆိုရင် ရက် ၁၀၀ အတွင်းမှာ ဘာဖြစ်မယ်၊ ညာဖြစ်မယ်နဲ့ အာရှမှာ ကျားတွေရော၊ ဘာတွေရောပေါ့ လျှောက်ပြီး ပြောခဲ့တာ။ တကယ်လက်တွေ့ ဘာမှဖြစ်မလာဘူး။ မဖြစ်တော့ NLD လက်ထက် ရက် ၁၀၀ စီမံချက်အပေါ်  ဝေဖန်ခံခဲ့ရတာပေါ။ ဒါပေမဲ့ လက်ရှိအစိုးရရဲ့ ရက် ၁၀၀ နဲ့ ပတ်သက်လို့ကတော့ ဆောင်ရွက်နေဆဲကာလမှာ မဝေဖန်သင့်ဘူး။ မြန်မာ မှာ စကားပုံရှိတယ်။ မပြီးခင် ဗမာ မမြင်စေနဲ့တဲ့၊ ဗမာတွေက ဝေဖန်တာတွေ စောတယ်၊ စောင့်ကြည့်ဦး ပေါ့။ ရက် ၁၀၀ ပြည့်သွားမှ အစိုးရသစ်က စီမံချက်တွေ အောင်မြင်အောင် ရာခိုင်နှုန်းပြည့် လုပ်ပေးပါလား၊ မလုပ်ပေးဘူးလားဆိုတာ အဲဒီတော့မှ ဝေဖန်သင့်တာပေါ့။ ဒါပေမဲ့ ဒီရက် ၁၀၀ စီမံ ချက်တွေကနေပြီး တိုးတိုးပြီးတော့ အရှိန်အဟုန်မြှင့်ပြီး လုပ်ရင်းနဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက ဖြစ်လာမှာပါ။ အခုကတော့ တကယ့် စပ်ကူးမပ်ကူး အချိန်ဆိုတော့ အစိုးရသစ်ရဲ့ ရက် ၁၀၀ပေါ့။ ဒီရက် ၁၀၀ ရဲ့ နောက်ပိုင်းတွေမှာလည်း အရှိန်အဟုန် မြင့်မြင့်နဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ပေးမယ် ဆိုတာကို ဒီရက် ၁၀၀ က အမြည်းကျွေးလိုက်တာပေါ့။ အမြည်းကျွေးပြီးရင် ဒီ့ထက်ပိုပြီး လုပ်ပေးတော့မယ်ဆိုတာ ယုံကြည်ပါတယ်"ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။
    ယခင် အစိုးရ လက်ထက်‌များကတည်းက ရှိခဲ့သည့် ရက် ၁၀၀ စီမံချက်ကို လက်ရှိအစိုးရသစ်ကလည်း အခက်အခဲ အကျပ်အတည်းကြားမှ အကောင်အထည်ဖော်ပေးရန် စီမံချမှတ်ခဲ့သည်။ ပြည်သူလူထု လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းဖော်ဆောင်ပေးရန် အစီအမံများ ဖြစ်သည်။ ထိုရက် ၁၀၀ ကာလအတွင်း ပမာဏတစ်ခု၊ အားတစ်ခုအနေဖြင့် လုပ်ပေးနိုင်ခဲ့သည့် ပြယုဂ်ကို ထုတ်ဖော် ပြသလာဖွယ်ရှိသူဟု လူထုက  ယုံကြည်နေကြသည်။ 
    သမ္မတ ဦးသိန်းစိန်လက်ထက် ရက် ၁၀၀ သည် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးကဏ္ဍများကို လမ်းဖွင့်ပေးခဲ့၍ ဒီမိုကရေစီ အသီးအပွင့်များ ခံစားခွင့်ရရှိခဲ့သည်။ ဖြေလျှော့မှုအကျိုးတရားများ၊ ပြည်သူ သက်သာချောင်ချိမှု အခွင့်အရေးများ ရရှိခဲ့သည်။ NLD လက်ထက် ရက် ၁၀၀ မှာ ဦးသိန်းစိန် လက်ထက်က ဆောင်ရွက်မှုများကို ဖြည့်ပြီး ပြန်လုပ်ခဲ့သည်ကများသည်။ NLD က လိုချင်သည့် အစိတ်အပိုင်းများကို ယူသွားပြီး မလိုသည်များကို ချန်ခဲ့သည်။ ဦးသိန်းစိန်လက်ထက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဟူ၍ လုပ်ခဲ့သည်။
    NLD လက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၁ရာစု ပင်လုံဟူ၍ လုပ်ခဲ့ပြန်သည်။ ပင်လုံကျောက်တိုင်တွင် ပြည်မ-တောင်တန်းပေါင်းစည်း ရေးဟူသည့် အသုံးအနှုန်းတွင် တောင်တန်း-‌ပြည်ပ ပေါင်းစည်းရေးဟူ၍ ပြင်ခဲ့သည်။ ပညတ်များ အခေါ်အဝေါ်များသာ ပြင်ခဲ့ပြီး အနှစ်သာရ ပြောင်း လဲအောင် NLD လက်ထက်က မစွမ်းဆောင်နိုင်ခဲ့ပေ။
    ကမ္ဘာ့အရေး၊ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးကျော်သူအောင်ကတော့ လက်ရှိအစိုးရသစ် လက်ထက် ရက် ၁၀၀ စီမံချက်များအပေါ် အများကြီး မျှော်လင့်၍ မရဟုဆိုသည်။ ရက် ၁၀၀ ဟူသော  သုံးလကျော် ကျော်ကာလအတွင်း  ကြီးကြီးမားမား စီမံကိန်းကြီးများ၊ ရေရှည်စီမံကိန်းများ မဖြစ်နိုင်ဟု ဆက်ပြောသည်။ သို့သော်  ယခင်အစိုးရလက်ထက်က ကြန့်ကြာခဲ့သည့် ကြိုးနီစနစ် ဖြေလျှော့ခြင်းမျိုး အပါအဝင် ရေတိုစီမံကိန်းများ ရက် ၁၀၀ အတွင်း အစိုးရက အကောင်အထည်ဖော် ပေးနိုင်လိမ့်မည်ဟု ဦးကျော်သူအောင်က သုံးသပ်သည်။ "ဥပမာပြောရရင် လျှပ်စစ်မီး မီတာ Box တပ်ရင် အရင်တုန်းက လျှောက်လို့ရှိရင် နှစ်လလောက် ကြာခဲ့တာက ဒီဘက်အစိုးရလက်ထက်မှာ တစ်လနဲ့ရအောင် လုပ်ပေး တာမျိုး။ ဒါက ပြည်သူ့ရေးရာမူဝါဒ ကြိုးနီစနစ်ကို လျှော့ချပြီးတော့ အရင်က နှစ်လကြာခဲ့တာကို အခု အစိုးရက တစ်လနဲ့ရအောင် ဒါမျိုး လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ မီတာ Box အမြန်ရအောင် လုပ်ပေးလို့ရတယ်။ မီးရတာ၊ မရတာကျတော့ အခြေခံအဆောက်အအုံနဲ့ ဆိုင်သွားပြီလေ။ ရေအားလျှပ်စစ်တို့နဲ့ ဆိုင်သွားပြီ။ ဒါက ရေရှည်စီမံကိန်းပေါ့။ ဒီရက်ပေါင်း ၁၀၀ အတွင်းမှာကတော့ ကြိုးနီစနစ် လျှော့ချတာတို့၊ မီတာ Box ချပေးတာမျိုးတွေ အစိုးရက လုပ်ပေးလို့ရပါတယ်"ဟု ၎င်းကပြောသည်။

အစိုးရသစ်က ငြိမ်းချမ်းရေးတံခါး ကျယ်ကျယ်ဖွင့်ထားသည်
    အစိုးရ၏ ရက် ၁၀၀ ကာလတွင် ငြိမ်းချမ်းရေးတံခါး၊ NCA လမ်းကြောင်းဖွင့်ပေးပြီး တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ကမ်းလှမ်းထားသည်။ ယင်းအခြေအနေမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလားအလာကောင်းများ ဖြစ်သည်ဟု သုံးသပ်ကြသည်။ ယခင်ကာလများ ငြိမ်းချမ်းရေးဆွေး‌နွေးပွဲများတွင် ကန့်သတ်ချက်များရှိခဲ့သော်လည်း ယခုအခါ "ကြိုတင်ကန့်သတ်ချက်မထားဘဲ ရင်းနှီးပွင့်လင်းစွာ ဆွေး‌နွေးနိုင်သည်၊ တောင်းဆိုနိုင်သည်၊ပြောဆိုမေးမြန်းမည့် အခင်းအချင်းကြောင့် ငြိမ်းချမ်းရေးအတွက် အများကြီး ထိရောက်နိုင်သည်ဟု သုံးသပ်ကြသည်။ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲဟူသည့် အသုံးအနှုန်းသည် အများကြီး ထိရောက်မှုရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်စကားလုံးး ထိုကို တန်ဖိုးထားကြသည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြောသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိုအခွင့်အရေးကို အဆုံး ရှုံးမခံသင့်ဟု ဆိုသည်။
    နိုင်ငံတော်အစိုးရက ရက် ၁၀၀ ကာလအတွင်း ငြိမ်းချမ်းရေးကမ်းလှမ်းထားသလို တစ်ဖက်တွင်လည်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးများ ဆောင်ရွက်ရန် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ် ၆၀ တွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့သည်။ "နိုင်ငံတော်အစိုးရအနေနဲ့တော့ ဖခင်ပီသစွာနဲ့ ငြိမ်းချမ်းရေးကို လက်ကမ်းပြီးတော့ ကြိုဆိုနေတယ်။ တစ်ဖက်ကလည်း တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ ထိုးစစ်တွေကလည်း အားကောင်းမောင်းသန် ဆောင်ရွက်နေ တယ်။ အဲဒီလိုဆိုရင် စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ ကြေညာထားတဲ့ မြို့နယ် ၆၀ ကလည်း အများကြီး ပြန်ရလာတော့မှာ။ ဆုံးရှုံးထားတဲ့ မြို့တွေပြန်ရဖို့ တာဝန်နဲ့ တပ်မတော်က သူ့အလုပ်သူ လုပ်သွားမှာပါ။ အခုက‌တော့ ယခင်ကာလတွေထက် အရွေ့က သိသာလာပါဝာယ်။ အခုဆိုရင် ချင်းပြည်နယ်ရဲ့ တောင် ပိုင်းနဲ့ မြောက်ပိုင်းရဲ့ အလယ်ဗဟိုမှာ ကုန်စည်စီးဆင်းမှုအရရော၊ စစ်ရေးအရာရော မဟာဗျူဟာကျတဲ့ ဖလမ်းမြို့ကို တပ်မတော်က ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့တယ်။ ဒီအပေါ် အများကြီး ဝမ်းသာပါတယ်။ မြန်မာ နိုင်ငံရဲ့ အချုပ်အခြာအာဏာလည်း မကြာခင် ရက်ပေါင်း ၉၀ အတွင်းမှာ မြို့ပေါင်း ၆၀ က မြို့တော်‌တော် များများ ပြန်ရလာတော့မှာပါ။ ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင်က ငြိမ်းချမ်းရေး စားပွဲပေါ်ကို  ရောက်လာသည် ဖြစ်စေ၊ မရောက်လာသည်ဖြစ်စေ တပ်မတော်ကလည်း ကိုယ့်အလုပ် ကိုယ်လုပ်နေတဲ့အတွက် အရင်ကာလထက် ပိုပြီး ထိုးစစ်အင်အား ကောင်းကောင်းနဲ့ လုပ်လာနိုင်တဲ့ အတွက် ဆုံးရှုံးထားတဲ့ မြို့တွေက ပြန်ရလာတော့မှာ သေချာပါတယ်။ မြို့ ၆၀ လုံး ပြန်ရ၊ မရဆိုတာကတော့ အချိန်ကာလတစ်ခု အထိ စောင့်ရမှာပါ"ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။
    NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းများက  ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေး တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံပြီး  NCA ပါ သဘောတူညီချက်များကို ပြီးစီး အောင်မြင်သည်အထိ အတူတကွ ပူးတွဲအကောင်အထည်ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အစိုးရသစ်က ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့သည်။ NCA လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့ကလည်း မိမိတို့ဒေသနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှစ်ဖက်သဘောတူညီထားသည့် သဘောတူညီချက်များအတိုင်း နိုင်ငံတော် အစိုးရနှင့် လက်တွဲပူးပေါင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက် နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ ဆေရွာင်က်ကြရမည်ဖြစ်သည်။ NCA ရေးထိုးထားပြီးသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် NCA လမ်းကြောင်းမှ သွေဖည်နေသည့် EAO များရှိနေသည်။ ထိုအဖွဲ့များကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဖြင့် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းအဖြေရှာနိုင်ရေး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု (Political Dialogue) များ ပြန်လည်လုပ် ဆောင်ရန် ဖိတ်ခေါ်ထားသည်။
    "နိုင်ငံတော်အစိုးရဘက်ကတော့ အစိုးရက လက်ကမ်းပေးလိုက်ပြီ၊ လက်ဆွဲနှုတ်ဆက်ဖို့ဆိုတာက ဒီဘက်က လက်ဖြန့်ထားပေမယ့် တစ်ဖက်က လက်သီးဆုပ် ထားလို့မရဘူး။ နှစ်ဖက်လုံး လက်သီးဆုပ်တွေ ဖြေမှသာလျှင် လက်ဆွဲနှုတ်ဆက်လို့ ရတာကိုး။ ဟိုဘက်က လက်သီးဆုပ်တွေ ‌ဖြေမလာဘူးဆိုရင် အပြောင်းအလဲက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲဖို့ သိပ်မဖြစ်နိုင်ဘူး။ တစ်ဖက်က EAO တွေရဲ့ သဘောထားပြောင်းလဲပြီးတော့ လက်နက်ကိုင် လမ်းစဉ်ကနေ ရွေးကောက်ပွဲလမ်းစဉ်က တက်လာမယ်။ အဲဒီလို သဘောထားရှိတဲ့ ‌တိုင်းရင်း သားခေါင်းဆောင်တွေ၊ ပျော့ပျောင်းတဲ့ ခေါင်းဆောင်တွေ တက်လာပြီ ဆိုရင်တော့ တပ်မတော်နဲ့ ရင်ကြားစေ့ရေး၊ လက်ရှိအစိုးရနဲ့ ရင်ကြားစေ့ရေး လုပ်နိုင်မယ်လို့ ထင်ပါတယ်" ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက မှတ်ချက်ပြုခဲ့သည်။

အစိုးရသစ်၏ ရက် ၁၀၀ နှင့် ပျားရည်ဆမ်းကာလ
    လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားပြီး NCA ပါ သဘောတူညီချက်များကို ပြီးစီးအောင်မြင်သည်အထိ အတူတကွ ပူးတွဲအ ကောင်အထည်ဖော်နိုင်မည့် အစိုးရက ရက် ၁၀၀ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် ငြိမ်းချမ်းရေးခရီးအတွက် အစပျိုးမှု ပထမခြေလှမ်းတစ်ရပ် ဖြစ်သည်ဟု ရှုမြင်ကြသလို ရက် ပေါင်း ၁၀၀ အတွင်း ဃြဗ အသစ်ရရန် မလွယ်ကူ ဟူ၍လည်း ခန့်မှန်းသုံးသပ်ချက်တချို့ တွေ့နေရသည်။ ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက်တိုင်းတွင် ဖြတ်သန်းရသည့် နိုင်ငံရေးအခြေအနေ အခင်းအကျင်းခြင်း မတူကြသလို စစ်ရေး၊ နိုင်ငံ ရေးစိန်ခေါ်မှု အခက်အခဲအကျပ်အတည်းများ ကိုင်တွယ်ဖြေရှင်းရပုံ မတူညီပါ။ တက်လာသည့် အစိုးရတိုင်းတွင် အားနည်းချက် အနည်းအများ ရှိကြစမြဲဖြစ်သလို ဖော်ဆောင်ခဲ့ကြသည့် ရက် ၁၀၀ စီမံချက်များ အလုံးစုံ အောင်မြင်ကြသည်မဟုတ်။ နိုင်ငံဝောာ်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ သစ်လက်ထက် နိုင်ငံရေးအခင်း အကျင်းသည် အရှေ့အလယ်ပိုင်းပြဿနာ လောင်စာဆီဂယက်နှင့် နိုင်ငံရေးပဋိပက္ခ၊ အကျပ်အတည်း အခက်အခဲများ ရှိနေဆဲကာလ ဖြစ်နေသည်။ အစိုးရ၏ စွမ်းဆောင် ရည်များအပေါ် ဝေဖန်သုံးသပ် အကဲဖြတ်မည်ဆိုလျှင် ထိုအခြေအနေများက ထည့်သွင်းရမည့် အချက်များ ဖြစ်ပေသည်။
    ကမ္ဘာ့အရေး၊ မြန်မာ့အရေး လေ့လာသုံးသူ ဦးကျော်သူ၏ အမြင်သဘောထားဖြင့် နိဂုံးချုပ်လိုပါသည်။ ၎င်းက "အစိုးရသစ်တက်လာတဲ့ ရက် ၁၀၀ ကို Honeymoon Period  လို့ ခေါ်တယ်။ အခုမှ စတက်လာတော့ ပျော်ပါစေပေါ့ဗျာ။ အမေရိကန်မှာတော့ ရှိတယ်။ Honeymoon Period  လို့ ခေါ်တယ်၊ ပျားရည်ဆမ်းကာ လပေါ့။ Honeymoon Period  ဆိုတာက အစိုးရတစ်ရပ် တက်လာလို့ရှိရင် Honeymoon Period ရက် ၁၀၀ ပေးရ တယ်။ ရက် ၁၀၀ ပေးတယ်ဆိုတာက သူ့ကို ဘယ်သူမှ မဝေဖန်ဘူး။ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရ သစ်တစ်ရပ်ကို အထူးသဖြင့် သတင်းမီဒီယာတွေက မဝေဖန်ဘူး။ ရက် ၁၀၀ စောင့်ကြည့်နေတယ်။ အဲဒီ ၁၀၁ ရက် ရောက်မှသာလျှင် အစိုးရကို ဝေဖန်တာတွေ၊ သုံးသပ်တာတွေ ပေးကြတာ။ သူရဲ့ ဆောင် ရွက်ချက်တွေကို စောင့်ကြည့်ပြီးတော့မှ ဝေဖန်တာ ပိုသင့်တော်ပါတယ်။ ဒါကတော့ ပျားရည်ဆမ်းပေး ထားရမယ့်ကာလပေါ့။ ဒါက နိုင်ငံတကာရဲ့ နိုင်ငံရေးယဉ်ကျေးမှုပါ"ဟု မှတ်ချက်ပြုခဲ့သည်။                      
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 141

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63873

© 2022 - 2026 News. All Rights Reserved.