"အိုက်ယား ဆလာထူး မတေ့တာ အတော် ကြာဘီပဲ။ 'ဝ'တောင် 'လု'ကို စတိရနေတာ"
တရုတ်တန်းက အသားပေါင်းရောင်းနေသည့် မိတ်ဆွေကြီးထောင်ကဲ၏ နှုတ်ဆက်သံ ဖြစ်သည်။ ထောင်ကဲဆိုတာ တရုတ်တန်းတစ်ဝိုက်မှာ လက်ဖက်ရည်၊ အသားပေါင်း၊ ပေါက်စီရောင်းသည့် ပြည်ကြီးပေါက် တရုတ်မိသားစုမှ ဆင်းသက်လာသော မြန်မာနိုင်ငံသား တရုတ်လူမျိုး ဖြစ်သည်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး မျက်ခြည်မပြတ်အောင် လေ့လာအားကောင်းသော တရုတ်လူမျိုးဖြစ်တာကြောင့် ထူးမြတ်နဲ့က ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးက သင့်မြတ်လှသည်။
"ဟုတ်တယ်ထောင်ကဲရေ တရုတ်တန်းဘက် မရောက်တာကြာပြီ။ ခုတောင် ထောင်ကဲနဲ့ စကားလေး ဘာလေးပြောရအောင် ရောက်အောင်လာခဲ့တာပဲ။ ကဲ ဆိုစမ်းပါဦး၊ ခင်ဗျားတို့ တရုတ်ပြည်မှာ ဘာထူးလဲ"
"အိုက်ယား ဆလာထူး၊ ထူးတာမှ အတော်လေးကို သတင်းထူးတာ။ 'ဝ'တို့လူမျိုးတွေ ရူးကုန်ပြီလား မသိပါဘူး"ဟု ထောင်ကဲတစ်ယောက် အသားပေါင်းနဲ့ လက်ဖက်ရည်ချပေးရင်း ခေါင်းတခါခါဖြင့် စကားစလာသည်။
"ဟာ တရုတ်နိုင်ငံဆိုတာက ကျုပ်တို့နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံပဲ ဆိုစမ်းပါဦး။ ဘယ်လိုကြောင့် တရုတ်ပြည်ကလူတွေ ရူးကုန်တာလဲ"
"ဆလာထူး၊ သတင်းမဖတ်ဘူးနဲ့ တူတယ်။ ကျုပ်တို့ တရုတ်ပြည်မှာ တရုတ်အန်နီမေးရှင်း ရုပ်ရှင် Niu Lai ဆိုတာ ခေတ်စားနေသဗျ။ ခုလို အေအိုင်ခေတ်ကြီးထဲမှာ ဒီဇာတ်ကားရဲ့ဖန်တီးမှုက အင်မတန်ညံ့ဖျင်းတယ်လို့ ကျုပ်ဆွေမျိုးတွေက လှမ်းပြောတယ်ဗျ။ ဒါကို ဘယ်လောက်ညံ့လဲဆိုတာ သိချင်သူများကြောင့် ယွမ် ၁၅ သန်းနီးပါး ဝင်ငွေရသွားသတဲ့ဗျာ၊ ရော့အင်တာနက်က သတင်းဖတ်ကြည့်"
ထောင်ကဲကြီးက သူ့ဖုန်းကို အတင်းထိုးပေးတာကြောင့် သတင်းကိုဖတ်ကြည့်လိုက်မိသည်။ နွားငယ်တစ်ကောင်နှင့် မိုးကောင်း ငှက်တစ်ကောင်တို့အကြောင်း ရိုက်ကူးထားသည့် ရုပ်ထွက်အရည်အသွေး နိမ့်ပါးလှသော အန်နီမေးရှင်း ရုပ်ရှင်ကားတစ်ကားသည် တရုတ်ရုပ်ရှင်ရုံများတွင် Spider-Man နှင့် The Odyssey ကဲ့သို့သော လူကြိုက်များသည့် ဟောလိဝုဒ် ရုပ်ရှင်များနှင့် ရင်ပေါင်တန်းကာ မထင်မှတ်ဘဲ ရုံဝင်ငွေ ကောင်းမွန်နေကြောင်း တင်ပြထားသည့် သတင်းဖြစ်သည်။
"The Cow is Coming" (နွားမတစ်ကောင် လာနေသည်)ဟု အဓိပ္ပာယ်ရသည့် ၈၆ မိနစ်စာ "Niu Lai" အမည်ရှိ အဆိုပါ အန်နီမေးရှင်း ရုပ်ရှင်သည် နွားပေါက်စလေးတစ်ကောင်နှင့် မိုးကောင်းငှက်တစ်ကောင်တို့အကြား သံယောဇဉ်ဖြစ်ပေါ်လာပုံကို ပုံဖော်ထားခြင်းဖြစ်ကာ သြဂုတ် ၅ ရက်တွင် စတင်ရုံတင်ခဲ့စဉ်က ပထမ ၁၀ ရက်အတွင်း တစ်နိုင်ငံလုံး၌ လက်မှတ်ဝယ်ယူ ကြည့်ရှုသူ ၃၀၀ ခန့်သာရှိခဲ့ပြီး ရုံဝင်ငွေ တရုတ် ယွမ် ၇၇၀၀ သာ ရရှိခဲ့သည်ဟု သတင်းက ဖော်ပြထားသည်။ သို့သော် လူမှုကွန်ရက်ပေါ်တွင် အဆိုပါရုပ်ရှင်၏ ရုပ်ထွက်နှင့် ဇာတ်လမ်းမည်မျှအထိ ညံ့ဖျင်းလွန်းကြောင်း လှောင်ပြောင်သည့်ဟာသများ ရေပန်းစားကာ ပျံ့နှံ့သွားခဲ့ခြင်းကြောင့် ပရိသတ်များက မည်မျှအထိ ညံ့ဖျင်းနေမည်ကို စပ်စုလို၍ သွားရောက် ကြည့်ရှုခဲ့ရာမှ ယွမ် ၁၅ သန်းနီးပါးအထိ မြင့်တက်လာခဲ့ပြီး ယခုနှစ်၏ ရုံဝင်ငွေ အကောင်းဆုံး ရုပ်ရှင်များ ထဲတွင် ပါဝင်လာခဲ့သည်ဟု သတင်းက ဆိုထားသည်။
"ထောင်ကဲ ခင်ဗျားတို့ နိုင်ငံကလူတွေအတော် စပ်စုတာပဲဗျ"ဟု မှတ်ချက်ပြုမိသည်။
"ဒါပြောတာပေါ့ ဆလာထူးရယ်။ ဒီဇာတ်ကားကို ရှင်းယုမန်းနဲ့ ဆန်းလီဖန်းဆိုတဲ့ သားအမိနှစ် ယောက်ထဲက စာရေးဆရာ၊ ဒါရိုက်တာ၊ အသံသရုပ်ဆောင်နဲ့ ထုတ်လုပ်သူအဖြစ်လုပ်ပြီး ငါးနှစ်ကြာ အချိန်ယူပြီးဖန်တီးတာတဲ့ဗျ။ ဒါကိုပဲ အင်မတန်ညံ့ကြောင်း တစ်ဆင့်စကား တစ်ဆင့်ကြားပြီး ပရိုမိုးရှင်း ဆင်းသလိုဖြစ်ပြီး ခုလို ယွမ် ၁၅ သန်း ပိုက်မိသွားတာပဲဗျ။ ဒါကြောင့် 'ဝ'တို့လူမျိုးတွေ ရူးကုန်ပြီလို့ 'ဝ'ပြောချင်တာပေါ့။ 'ဝ'ဖြင့် ဒီသတင်းကို ဖတ်ပြီးရှက်လိုက်တာ ဆလာထူးရယ်။"
"ထောင်ကဲပြောမှ ကျုပ်က ပိုတောင် ရှက်သေးတယ် ထောင်ကဲရယ်"
ထောင်ကဲတစ်ယောက် ထူးမြတ်ကို ကြောင်တောင်တောင် မျက်နှာဘေးဖြင့် လှမ်းကြည့်လိုက် သည်။
"ဘာဆိုင်လို့လဲ ဆလာထူးရယ်။ 'ဝ'ပြောချင်တာက 'ဝ'တို့လူမျိုးဆိုတာက ပိုက်ဆံကို အရမ်းနှမြောတတ်တာဗျ။ ခုဟာက 'ဝ'တို့ လူမျိုးတွေ ခပ်ပေါပေါ ရုပ်ရှင်တစ်ကားကို ယွမ်သန်းချီ အလှူပေးသလို ပေး လိုက်တာကို မခံမရပ်နိုင်ဖြစ်ပြီး 'ဝ'က ရှက်တာဗျ။ ခုဆိုရင် ကမ္ဘာက ဒီသတင်းကို အနှေးနဲ့ အမြန်သိပြီး 'ဝ'တို့ လူမျိုးတွေကို အထင်သေးကြမှာကို 'ဝ' ပိုရှက်တာဗျ။ ဆလာထူးက ဘာမှမဆိုင်ဘဲ ရှက်ရတာလဲ"
"ဒီမှာထောင်ကဲ၊ ကျုပ်ကလည်း ကျုပ်တို့အဖြစ် ကိုတွေးပြီး ရှက်တာဗျ"ဟု စကားစကိုဖြတ်ပြီး ရေနွေးတစ်ငုံ သောက်လိုက်သည်။ ထောင်ကဲက စိတ်ဝင်စားဟန်ပြသဖြင့် စကားကို ဆက်ရလေသည်။
"ထောင်ကဲ ကျွန်တော်တို့ နိုင်ငံက တော်လှန် ရေးခေါင်းဆောင်ကြီးတွေအကြောင်း သိမှာပေါ့"
"သိပ်သိတာပေါ့ ဆလာထူးရယ်၊ အလှူခံပြီး တော်လှန်ရေးလုပ်နေတဲ့ ကမ္ဘာကျော်အဖွဲ့ကြီးပဲ။ မသိဘဲ နေပါ့မလား"
"ဒါပြောတာဗျ။ ထောင်ကဲတို့နိုင်ငံက ခုဖြစ်နေတဲ့ နွားအကြောင်းရိုက်ထားတဲ့ ခပ်ညံ့ညံ့ အန်နီမေးရှင်းကားကိုကြည့်တဲ့လူတွေထက် ကျုပ်တို့ကပိုရူးတာပဲဗျ။ခင်ဗျားပဲ စဉ်းစားကြည့်လေ အန်နီမေးရှင်း ညံ့ပါတယ်၊ မကြည့်ကြပါနဲ့လို့ လူမှုကွန်ရက်မှာ လူပြောများရာကနေ ညံ့တာကို ဘယ်လိုညံ့လဲလို့ သိချင်လို့သွားကြည့်ကြရင်း ရုံတင်တဲ့ဝင်ငွေ စံချိန်တင်သွားတာကြောင့် နေရင်းထိုင်ရင်း တရုတ်သားအမိ ချမ်းသာသွားတယ်ဆိုတာထက် ကျုပ်တို့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ တော်လှန်ရေး ဘယ်နေ့ပြီးတော့မှာ၊ ဘယ်တော့ပြီးတော့မှာဆိုပြီး အလှူခံတာကို သိသိကြီးနဲ့ လှူကြတန်းကြ။ ပြီးတော့လည်း ငါးနှစ် ကျော်ကြာတာတောင် ဘာမှဖြစ်မလာဘူး။ ဒါကို ထပ်အလှူခံတော့လည်း ယုံတဲ့သူတွေက ယုံကြသေး တာပဲ။ တချို့တော်လှန်ရေးခေါင်းဆောင်ကြီးတွေဆိုရင် ဒေါ်လာသန်းချီ ချမ်းသာကုန်ကြပြီ။ ခင်ဗျားတို့ နွားရုပ်ရှင်ထက်ညံ့တဲ့ တော်လှန်ရေးကြီးကို ပိုက်ဆံတွေ လှူကြတဲ့အဖြစ်ကို တွေးမိပြီး ဘယ်လောက်ညံ့တယ်ဆို တာသိချင်ကြတဲ့ ကျုပ်တို့လူမျိုးတွေအကြောင်းတွေးပြီး ကျုပ်က ပိုရှက်တာ ထောင်ကဲရဲ့"
"ဟာ ဟုတ်ပါ့ ဆလာထူးရေ။ လုပြောမှ 'ဝ'သဘောပေါက်တော့တယ်။ ဆလာထူးတို့က ညံ့တာမှ အတော်လေးညံ့တဲ့ လူတွေကို ပိုက်ဆံတွေလှူပြီး ထိုင် ကြည့်နေတာ နှစ်အတော်ကြာပြီပဲ။ ဒေါ်လာသန်းချီ အလှူခံစားပြီး ခပ်ညံ့ညံ့ အန်နီမေးရှင်းတော်လှန်ရေးဆိုတာကြီးကို ထိုင်ကြည့်နေကြတာပဲ။ ရှက်သင့်တာ ပေါ့ ဆလာထူးရယ်"
ထောင်ကဲနှင့် ထူးမြတ်တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိသည်။ မရည်ရွယ်ဘဲ ပြိုင်တူ ထွက်လာသော စကားလုံးက -
"ညံ့တာကို ဘယ်လောက်ညံ့လဲဆိုတာ သိချင်နေသမျှတော့ ခပ်ညံ့ညံ့လူတွေကို အရည်မရ အဖတ်မရ ထိုင်ကြည့်နေရမှာပဲဗျ"ဟူ၍ ဖြစ်လေသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )