၂၀၂၆ ၊ မတ် ၇
၂၀၂၅ ရွေးကောက်ပွဲအလွန် ကာလအပေါ် လူထုစိတ်ဝင်စားမှုနှင့် မြန်မာ့နိုင်ငံရေးလမ်းကြောင်း ချောမွေ့စွာ သွားလာနိုင်ရေးကို မလိုလားကြသူများ၏ စိတ်ဝင်စားမှုကွာခြားချက်ကို ယခုကာလအတွင်းမှာကွဲပြားစွာ တွေ့မြင်လာရသည်။ လူထုစိတ်ဝင်စားမှုအပေါ် လေ့လာကြည့်ရာတွင် လွန်စွာရိုးရှင်းသည့် အချက်များကို တွေ့မြင်ရသည်။ ရွေးကောက်ခံအစိုးရသည် ပြည်သူလူထု၏ အထွေထွေအကျပ်အတည်းများကို ဖြေရှင်းနိုင်မည်ဟူသော ယုံကြည်ချက်၊ ရွေးကောက်ခံ အစိုးရသည် တိုင်းပြည် အပြီးတိုင် ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်မည်ဟူသော မျှော်လင့်ချက်၊ နိုင်ငံရေးတွင် အရောင်ဝါဒစွဲ များကို ပြည်သူများက ငြီးငွေ့သွားကြပြီး အစိုးရသစ်သည် လူထု၏ နိုင်ငံရေးအတွေး အမြင်ကို ပိုမိုတိုးတက်စွာ တွေးခေါ်တတ်စေရန် လမ်းပြ နိုင်လိမ့်မည်ဟူသော ယုံကြည်မှုမျိုးကသာ လူထု၏ ရွေးကောက်ပွဲအလွန် စိတ်ဝင်စားမှု ဖြစ်နေသည်။
ရွေးကောက်ပွဲ အလွန်ကာလ အစိုးရသစ်အပေါ် လူထုမျှော်လင့်ထားသည်က ရိုးရှင်းလှပြီး ပြည်သူ၏ လူမှုစီးပွားဘဝများ တည်တည်ငြိမ်ငြိမ်ရှိသည့် အခြေအနေတစ်ခုကိုသာ အစိုးရသစ်က ဖန်တီးပေးနိုင်မည့် အစိုးရတစ်ရပ်ကိုသာ မြင်တွေ့လိုခြင်း ဖြစ်သည်။ အဘယ်ကြောင့် ထိုအချက်ကို လူထုက မျှော်လင့်နေသနည်းဟု မေးခွန်းထုတ်ပါက ပြည်သူလူထုသည် နိုင်ငံရေး လောကဓံပေါင်းစုံကို ဖြတ်သန်းခဲ့ပြီး ခေါင်းဆောင်မှုပေါင်းများစွာကို ကြုံတွေ့ရပြီးနောက် အေးချမ်းတည်ငြိမ်မှု အခြေအနေတစ်ရပ်ကိုသာ လိုလားတောင့်တလာသည့်အတွက် ဖြစ်သည်။
"အစိုးရသစ်အပေါ် စိတ်ဝင်စားမှုကတော့ ကျွန်တော်တို့ အနေနဲ့ပြောရရင် အစိုးရသစ်သည် ပြည်သူလူထု၏ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေလျှော့ပေးနိုင်လိမ့်မယ်။ အဓိက စားဝတ်နေရေးပေါ့ ဗျာ။ ငါးနှစ်တာ ကာလတစ်လျှောက်မှာ တိုင်းပြည်ဟာ အဖျက်အမှောင့်လုပ်ငန်း ဆောင်ရွက်သူတွေရဲ့ ဒဏ်ကို ပြည်သူလူထု ကောင်းကောင်းကြီး ခံစားခဲ့ရတယ်ဗျ။ ပြည်တွင်းမှာ မတည်မငြိမ် အခြေအနေတွေ တစ်မျိုးပြီး တစ်မျိုး မရိုးအောင် ဖန်တီးကြတယ်။ နိုင်ငံရေးအစာမကြေတာကို လူထုထောက်ခံမှုဆိုတာနဲ့ ရောချပြီး အနီ၊ အစိမ်းခွဲ၊ ငါတို့ကို မထောက်ခံရင် ရန်သူလို့ သတ်မှတ်၊ ပြည်သူကို အကျပ်အတည်းတွေဖြစ်အောင် ဖန်တီးခဲ့ကြတယ်။ အာဏာထိန်းမှုကို အာဏာသိမ်းတယ်ဆိုပြီး တိုင်းပြည် တာဝန်ယူတဲ့ တပ်မတော်ကို တော်လှန်သလိုလိုနဲ့ ပြည်သူအချင်းချင်း သွေးကွဲအောင် ဖန်တီးခဲ့ကြတာဟာ စိတ်ပျက်စရာကောင်းတဲ့ လုပ်ရပ်တွေပဲ။ပြည် သူတွေဟာ နိုင်ငံရေးကို စိတ်ကုန်သွားတယ်ဆိုတာထက် အရောင်တွေကို စိတ်ကုန်သွားတာဗျ။
ပြည်သူဆိုရင် နီကို နီရမယ်ဆိုတဲ့ အတွေးအခေါ်တွေကို အတင်းကို သွတ်သွင်းခဲ့ကြတယ်။ မနီလျှင် လူမထင်သည့်ခေတ်ကိုလည်း ဖြတ်သန်းခဲ့ရသည်။ အဲဒါက ဘယ်က စသလဲဆိုရင် ပြည်သူလူထု၊ ပြည်သူလူထုဆိုတဲ့ စကားရပ်တွေက စခဲ့တာပဲ။ သူတို့ဘက်က ရပ်တည်ရမယ်။ သူတို့ကလွဲပြီး ကျန်တဲ့အဖွဲ့အစည်းတွေကို မထောက်ခံရဘူးဆိုတဲ့ အတ္တတွေကြောင့်ဖြစ်လာတဲ့ နိုင်ငံရေးအခြေအနေကို စိတ်ကုန်တာပဲ။ မှန်ကန်တဲ့နိုင်ငံရေးလမ်းကြောင်းကို ပြည်သူက စိတ်မကုန်ဘူး။ ဒါက ရွေးကောက်ပွဲ မဲထွက်ပေးတဲ့ ပြည်သူအရေအတွက်ကိုကြည့်ရင် သိနိုင်တယ်။ အစိုးရသစ်အပေါ် မျှော်လင့်ချက်ကတော့ ရှင်းပါတယ်။ တိုင်းပြည် တည်တည်ငြိမ်ငြိမ်နဲ့ လူထုရဲ့ လူနေမှုဘဝတွေ အဆင်ပြေဖို့ပါပဲ"ဟု ပြည်သူတစ် ဦးဖြစ်သူ ဦးဇော်ဇော်အောင်က ပြောသည်။
အထက်ပါ ပြည်သူလူထု၏ ရွေးကောက်ပွဲအလွန် စိတ်ဝင်စားမှုသည်က တိုင်းပြည်ခေါင်းဆောင်မှု ကောင်းစွာဖြင့် ပြည်သူလူထုအပေါ်ရှိ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်မည့် အစိုးရတစ်ရပ် ဖြစ်ရေးပင် ဖြစ်သည်။ ဤနေရာတွင် ကွဲပြားစွာ မြင်တွေ့ရသော မြန်မာ့နိုင်ငံရေးလမ်းကြောင်း ချော့မွေ့စွာ သွားလာရေးကို မလိုလားကြသူများက နိုင်ငံ့ခေါင်းဆောင်မှု အခန်းကဏ္ဍကို အင်အားကြီးနိုင်ငံများ၏ လိုလားသော ခေါင်း ဆောင်ဖြစ်ရေးကို ဇောင်းပေး ပြောကြားလာသည်ကို တွေ့မြင်ရသည်။ မူလက ရွေးကောက်ပွဲကို မအောင်မမြင် ဖြစ်စေရေး၊ ပြည်ပသြဇာခံမီဒီယာများမှ လှုံ့ဆော်ခဲ့ကြသည်။ ၎င်းတို့၏ ရွေးကောက်ပွဲ ဟန့်တားနှောင့်ယှက်မှု အထမြောက်ခြင်းမရှိဘဲ ရွေးကောက်ပွဲသည် အောင်မြင်ခဲ့ပြီးနောက် နိုင်ငံ၏ ခေါင်းဆောင်မှုအခန်းကဏ္ဍကို နိုင်ငံကြီးများအလိုကျ လိုက်ပါဆောင်ရွက်ရန် လေသံပစ်နေကြသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခေါင်းဆောင်မှု အခန်းကဏ္ဍသည် ယနေ့ခေတ်ကာလ အခြေအနေအပေါ်မူတည်၍များစွာ ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။ ပြည်ပနိုင်ငံကြီးများအလိုကျ သူကြိုးဆွဲရာကမည့် ခေါင်းဆောင်မှုမျိုး၊ အနောက်နိုင်ငံကြီးများ၏ သြဇာခံခေါင်း ဆောင်မျိုးမဖြစ်ရန် လိုအပ်နေသည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်းရေးကို ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်းကို ပြည်သူများက မလိုလားခြင်းကြောင့် ဖြစ်သည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး အခန်းကဏ္ဍကို အားထည့်လုပ်ဆောင်ရမည် ဖြစ်သည့်အတွက် တပ်မတော်နှင့် နိုင်ငံရေးအင်အားစုများအပေါ် သြဇာအာဏာ သက်ရောက်ပြီး အာဏာအရပ်ရပ်ကို စနစ်တကျ စီမံခန့်ခွဲပေးနိုင်သည့် ခေါင်းဆောင်မျိုးကို နိုင်ငံက အလိုရှိနေသည်။ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီစနစ်ကို သွားရမည်ဖြစ်သဖြင့် မြန်မာ့အရေးကိုသာ အလေးပေးသည့် ခေါင်းဆောင်မှုနှင့်သာ ထိုက်တန်ပြီး နိုင်ငံတကာ ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် ပြည် သူများ ကြိုက်နှစ်သက်သော ခေါင်းဆောင်မှုကိုသာ မြင်တွေ့ လိုသည်။
မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှုကို မည်သည့်နိုင်ငံကမှ လိုလားမည်မဟုတ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းကမှ လက်ခံမည်မဟုတ်ကြောင်း နှပ်ကြောင်းပေး ပြောဆိုနေခြင်းများထက် လက်တွေ့ကျသည့် ခေါင်းဆောင်မှုဖြင့် ကိုယ့်ဝမ်းနာကိုယ်သာသိ၍ အနာနှင့်ဆေး တည့်အောင် စီမံနိုင်မည့် ခေါင်း ဆောင်မှုကိုသာ လိုလားကြသည်။ ပြည်ပသြဇာခံ မီဒီယာများက လတ်တလော ထုတ်လွှင့်နေမှု သတင်းများကို လေ့လာရာတွင် နိုင်ငံ့ခေါင်းဆောင်မှုကို မည်သူက ခေါင်းဆောင်လျှင် ဘယ်နိုင်ငံကြီးကမှ လက်ခံ မည်မဟုတ်ကြောင်းဆိုသည့် သုံးသပ်ချက်များ၊ အာဆီယံဒေသတွင်း မြန်မာနိုင်ငံ၏ ဝင်ဆံ့နိုင်မှုသည် ခေါင်းဆောင်ရွေးချယ်မှုက အရေးပါကြောင်း အပေါ်ယံ သုံးသပ်ချက်များဖြင့် လိုရာဆွဲသတင်းများ ဖန်တီး နေကြသည်။ ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို လက်ကိုင်ထားသော မြန်မာနိုင်ငံအနေဖြင့် ပြည်ပ နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် မည်မဟုတ်သလို အခြားနိုင်ငံများက မိမိတို့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ခြင်းကိုလည်း လက်ခံမည်မဟုတ်ပေ။ ထိုအခြေခံ နိုင်ငံခြားရေးမူဝါဒကို ပြည်သူများ ကလည်း လက်ခံထားပြီး ကိုယ့်ပြည်တွင်းရေးကို ပြည်ပနိုင်ငံများက တိတိပပ ဝင်ရောက်စွက်ဖက်ပါက နိုင်ငံဘက်မှရပ်တည် ပေးခြင်းကို ဆောင်ရွက်ကြခြင်း ဖြစ်သည်။ မကြာသေးမီကပင် ICJ တရားရုံး၌ သွား ရောက်ဖြေရှင်းခဲ့သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့အပေါ် ပြည်သူလူထုက ထောက်ခံခဲ့ခြင်းက ပြည်သူလူ ထု၏ ဆန္ဒမှန်ပင်ဖြစ်သည်။ ထို့အပြင် မကြာသေးမီက အာဆီယံ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေသော တီမောနိုင်ငံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုအပေါ် ပြည်သူလူထုက ပြင်း ပြင်း ထန်ထန် ကန့်ကွက်ခဲ့ကြပြီး အစိုးရကလည်း ပြည်သူ့ဆန္ဒနှင့်အညီ ယင်းနိုင်ငံသံရုံး ပြည်တွင်းမှ ထွက်ခွာရန် ရာဇသံထုတ်ပြန်ပေးခဲ့ပြီး လူထုထောက်ခံမှု ရရှိခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှုသည် ပြည်ပနိုင်ငံများ၏ အလိုလိုက် အကြိုက်ဆောင်ခြင်းထက် နိုင်ငံတော်အပေါ် ထိထိရောက်ရောက် ခေါင်းဆောင်မှုပေးနိုင်မည့် ခေါင်းဆောင်မျိုးကိုသာ ပြည်သူများက လိုလားလျက်ရှိသည်။ "လတ်တလောမှာ တွေ့မြင်နေရတာက နှပ်ကြောင်းနှစ်ခုပေါ့ဗျာ။ တစ်ခုက ဘာလဲဆိုရင် လက်ရှိ ယာယီသမ္မတကြီး သမ္မတမလုပ်အောင်ရယ်၊ နောက်တစ်ခုက တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးကြားမှာ သဘောထား ကွဲလွဲနေတယ်ဆိုတာမျိုးကို နှပ်ကြောင်းပေး ပြောဆိုကြတာပေါ့ဗျာ။ သို့ပေမယ့် သူတို့ပြောနေ တာတွေက ဖြစ်နိုင်စရာအကြောင်း မရှိဘူးပေါ့ဗျာ။ ကျွန် တော်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်မှုကို အမျိုးမျိုးစဉ်းစားကြည့် တယ် ဘယ်သူလုပ်မှာလဲပေါ့ဗျာ။ ဒါကို စိတ်ကူးနဲ့စမ်းပြီး သမ္မတတင်မြှောက်ကြည့်တာမှာ ခုလက်ရှိဖြစ်စဉ်မှာ ဖြစ်ပေါ်ခဲ့တဲ့အရာတွေက အဆုံးမသတ်သေးဘူးပေါ့ဗျာ။ ဒါတွေအကုန်လုံးကို အနားသတ်ဖို့ လိုတယ်။ ဒီအခြေအနေကို ကိုယ်တိုင်ခံစားတွေ့ကြည့်လေ။ လက်ရှိဖြစ်ပေါ်ခဲ့တာတွေကို အနားမသိမ်းဘဲ၊ အဆုံးမသတ်ဘဲ ဒီအတိုင်း ထားပြီးသွားဖို့က အာဏာကိစ္စတွေ ဘေးဖယ်ထားအပြီး သတ်တော့လုပ်ခဲ့ရမယ်လို့တော့ စဉ်းစားလို့ရတယ်။ ဒါကြောင့် လက်ရှိယာယီ သမ္မတကြီးကပဲ သမ္မတပြန်လုပ်ဖို့ သင့်တော်ပါတယ်။ တစ်ဖက်ကလည်း ရွေးကောက်ပွဲအပြီး ခေါင်းဆောင်မှု အပြောင်းအလဲဖြစ်ဖို့ လိုတယ်ဆိုတဲ့ စဉ်းစားချက်ရှိပေမယ့် တစ်ခုရှိတယ်။ ဒါက သူတို့စဉ်းစား တဲ့အပိုင်းပေါ့လေ။ ပြည်တွင်းအပိုင်းမှာကြတော့ နိုင်ငံရေးဖြစ်စဉ်တစ်လျှောက်လုံးမှာ တာဝန်ယူလာတဲ့သူ တစ်ယောက်အနေနဲ့ လက်စသတ်ဖို့ လိုနေသေးတယ်လေ"ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က သုံးသပ်ပြောကြားသည်။
လတ်တလောတွင် ပြည်ပသြဇာခံ သတင်းမီဒီယာကြီးများ၏ ဖော်ပြမှုတွင် ပုံဖော်ခြင်းသည်က အာဏာခွဲဝေမှုအပေါ် တပ်မတော်နှင့် အနိုင်ရပါတီအကြား ပွတ်တိုက်မှုများ ဖြစ်ပေါ်စေနိုင်သည့် မေးခွန်းများကို ထုတ်၍ ပွဲဆူစေရန် ကြိုးပမ်းမှုရှိနေသည်။ အနိုင်ရပါတီ ကသာလျှင် နိုင်ငံ့ခေါင်းဆောင်မှုကို ရယူသင့်ကြောင်း ဆိုသည့်အချက်ကို ကိုင်စွဲ၍ ချောင်ပိတ်မေးခွန်းများဖြင့် အနိုင်ရပါတီ တာဝန်ရှိသူများကို မေးခွန်းထုတ် သတင်းများကို အသားပေး ဖော်ပြလာသည်။ သို့သော်လည်း အနိုင်ရပါတီသည် တပ်မတော်နှင့် သဘောထားတူ ပါတီဖြစ်ပြီး တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိ စေရေးအတွက် လက်တွဲဆောင်ရွက်ခဲ့သည့် ပါတီတစ်ရပ်ဖြစ်သည်နှင့်အညီ လက်ရှိကာလ အခြေအနေအရ နိုင်ငံ့ခေါင်းဆောင်မှုအပေါ်၌လည်း တစ်သားတည်း သဘောထားတူညီစွာ ရပ်တည်မည်ဖြစ် သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံရေးပါတီများအနက် အစိုးရတာဝန်ကို ပထမဦးစွာ ထမ်းဆောင်ခဲ့ဖူးသည့် အတွေ့အကြုံရှိ ပါတီဖြစ်သလို နိုင်ငံရေးအရ အမြင်ကျယ်သည့် ပါတီကြီးတစ် ရပ်ဖြစ်သည်။ ထိုအချက်ကပင် တိုင်းပြည်တာဝန် ထမ်းဆောင်ရာတွင် အခက်အခဲ အကျပ်အတည်းကို လွယ်ကူစွာ ကျော်လွှားနိုင်မည့် ပါတီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်အပေါ် နိုင်ငံရေးအရ ကျရောက်လာနိုင်သော ဘေးအန္တရာယ်အပေါင်းကို တပ်မတော်နှင့်တစ်သားတည်း ရပ်တည်နိုင်ခဲ့သည့် ပါတီဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် မကြာမီကာလအတွင်း ပေါ်ပေါက်လာမည့် နိုင်ငံ့ခေါင်းဆောင် တာဝန်ယူမည့်ပုဂ္ဂိုလ်နှင့် အစိုးရတစ်ရပ်သည် အမျိုးသားအကျိုးစီးပွားကို လိုလားသည့် အသိုက်အဝန်းဖြစ်ရန် လိုအပ်သည်။ ပြည်သူများ လိုလားတောင့်တနေသော ငြိမ်းချမ်းရေးကို အစိုးရနှင့် တပ်မ တော် ဟန်ချက်ညီတည့်မတ်နိုင်မှုဖြင့် တည်ဆောက်ကြိုးပမ်းရမည်ဖြစ်သည်။ ထို့အပြင် ပြည့်ရန်စွယ် ဖြစ်သော အကြမ်ဖက်မှုများကို လည်း အပြီးတိုင်ချုပ် ငြိမ်းစေရေး ဆောင်ရွက်ရမည့်တာဝန်ကလည်း မလွဲမသွေ ဆောင်ရွက်ရမည့်ကိစ္စရပ်ပင်ဖြစ်သည်။ နိုင်ငံတော်နှင့်နိုင်ငံသားတို့ အကျိုးကို သယ်ပိုးဆောင်ရွက်ရာတွင် ကျရာအခန်းကဏ္ဍများ အလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းက နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် တာဝန်ကျေပွန်မှုသာ ဖြစ်သည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အပြန်အလှန်ထိန်းကျောင်းမှုဖြင့် ဒီမိုကရေ စီလမ်းကြောင်းမှန်ပေါ်သို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းနိုင်ရန် လမ်းညွှန်ပေးနိုင်သည့် ခေါင်းဆောင်မှုမျိုးကို ပြည်သူများ က လိုလားလျက်ရှိသည်။ အဘယ်ကြောင့် ဆိုသော် ဟန်ချက်မညီမှုကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ ခြေလှမ်းချော်ခဲ့ရသည့် သမိုင်းသင်ခန်းစာက နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး လက်တွေ့ခံစား သိမြင်ခဲ့ရပြီး ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ စေ တနာထားသော နိုင်ငံကြီးများ၏ အားပေး ထောက်ခံမှုဖြင့် အောင်မြင်ခဲ့သည့် ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် နိုင်ငံ့ခေါင်းဆောင်မှု အခန်းကဏ္ဍနှင့် အစိုးရ၏တာဝန်သည် တိုင်းပြည်နှင့်လူထု၏ မျှော်လင့်ချက်များစွာကို ကြီးလေးသော တာဝန်များအဖြစ် ဟန်ချက်ညီ ထမ်းဆောင်ရမည်က ပြည်သူက မလွဲမသွေပေးအပ်ထားသော တာဝန် ဝတ္တရားပင် ဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )