၂၀၂၆ ၊ မေ ၂၃
တော်လှန်ရေးကို စွန့်ခွာသွားကြသူများ
လက်နက်ကိုင် PDF ခေါင်းဆောင်တစ်ယောက်က အိမ်ပြန်ချင်ပြီဆိုသည့် ခေါင်းစဉ်ဖြင့် ပြည်သူများကို ပြောထားသည့်စကားထဲမှ သူတို့တပ်ဖွဲ့ဝင်များ မည်မျှတပ်ပျက်ပြီး အခြေအနေ ဆိုးရွားနေကြောင်း တစ်စွန်းတစ်စ သိခွင့်ရခဲ့သည်။ PDF တို့ လူမှုကွန်ရက်ကတစ်ဆင့် လူလုံးထွက်ပြ၍ စကားထွက်ပြောပြီဆိုလျှင် အားလုံးသိကုန်ကြသည်က အလှူခံခြင်းဆိုသည်ပင်ဖြစ်သည်။ ယခုလည်း 'အိမ်ပြန်ချင်ပြီ'ဆိုသည့် ခေါင်းစဉ်ဖြင့် လူလုံးပြ ထွက်ပြောလာသူက မုံရွာနယ်ဘက်တွင် လှုပ်ရှားနေသည့် PDF ခေါင်းဆောင် ဆလိုင်းဆိုသူဖြစ်သည်။တော်လှန်ရေး ငါးနှစ်ကျော်ကာလ ကြာမြင့်လာချိန်တွင် တော်လှန်ရေးသမားများအပေါ် ပြည်သူတို့ကထားသည့် သဘောထားကို ဆလိုင်းဆိုသူက သဘော ပေါက်သွားပြီ ထင်၏။ သူပြောသည့်စကားက "တော်လှန်ပြည်သူ အများစုဟာ တော်လှန်ရေးက ထွက်ပြေးသွားကြပါပြီ။ တော်လှန်ရေးက ထွက်မပြေးကြပါနဲ့၊ ရဲဘော်တွေရဲ့ မျက်နှာ၊ မြေပြင်မှာရှိတဲ့ ရဲဘော်တွေရဲ့ မျက်နှာကို ထောက်ပြီးတော့ နွေဦးတော်လှန်ရေးအတွက် ကိုယ် တတ်နိုင်တဲ့ဘက်ကနေ တစ်ထောင့်တစ်နေရာကနေ ပြန်လည်ပါဝင် တိုက်ပွဲဝင်ပေးကြဖို့ ပြောလိုပါတယ်"ဟူ၍ မြေပြင်အခြေအနေကို ဆိုလာခဲ့သည်။
သူတို့ အသက်ပေး၍ တိုက်ပွဲဝင်ပေးနေပါ သော်လည်း ပြည်သူက သူတို့ဘက်တွင် မရှိတော့သည်က သူတို့အတွက် အားအင်ယုတ်လျော့စေသည်ဟု ဆိုလေသည်။ တော်လှန်ရေးက အခုပဲပြီးတော့ မယောင်၊ မကြာခင်ပဲ ပြီးတော့မယောင်၊ တော်တော်လေးကြာလျှင်ပြီးတော့မယောင် ပြောလာခဲ့သည့် စကားကို ယုံမှတ်ခဲ့ပြီး ဘဝများစွာနစ်နာခဲ့သည့် ပြည်သူက သူတို့ဘက်တွင် မရှိတော့ဘူး ဆိုသည်မှာ မည်သူ့တွင် အပြစ်ရှိကြောင်း ကိုယ်တိုင်သာ ဆုံးဖြတ်သင့်သည်ဟုလည်း ဆိုချင်ပါသည်။ သူတို့ ငါးနှစ်လုံး တော်လှန်လာလိုက်တာ၊ တော်လှန်ရေး၏ အောင်မြင်မှုကြီးကို ယခုကဲ့သို့ ရှင်းပြထားလေသည်။
"ဒီနေ့ဆိုရင် ကျွန်တော် ငွေ ၁၀ သိန်း ညနေပိုင်းမှာ အကြွေးပေးစရာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့် လက်ထဲမှာ ငွေကျပ်နှစ်သိန်းသာလျှင် ရှိနေပါတယ်။ ငွေကျပ်ရှစ်သိန်း လိုအပ်နေပါသေးတယ်။ အရေးပေါ် လိုအပ်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့ တော်လှန်နေတဲ့ မိဘပြည်သူတွေ အခက်အခဲတွေ ရှိတယ်ဆိုတာကို နားလည်ပေမယ့် ဝိုင်းဝန်းပြီးတော့ အရေးပေါ်လိုအပ်နေတာလေး ဖြည့်ဆည်းပေးစေလိုပါတယ်။ တစ်ယောက် ငါးသောင်းနဲ့ ထောက်ပံ့ရင်တောင် ဘယ်နှယောက်မှ မထောက်ပံ့ရဘဲ ဒီငွေပမာဏလေးဟာ ခဏလေးနဲ့ ပြည့်သွားမှာပါ။ ဒါကြောင့်မို့ တတ်နိုင်တဲ့ ပမာဏလေးနဲ့ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်"ဟု ဆို ထားလေသည်။ သူတို့ပြောသည့် ငွေငါးသောင်းဆိုသည်မှာ ယနေ့ခေတ် သောက် တတ်စားတတ်သူတို့အဖို့ ဘီယာတစ်ဝိုင်းစာ၊ လက်ဖက်ရည်တစ်ဝိုင်းစာသာ တန်ဖိုးရှိသော်လည်း မသဒ္ဓါသည့်သူကို မပေးကြတော့သည်မှာ မဆန်းပေ။ လက်ဖက်ရည်ဖိုး၊ ဘီယာဖိုးမျှ တန်ဖိုးမရှိသည့် ငွေကျပ်ငါးသောင်းကိုတောင် ထည့်ဝင်သူ မရှိတော့ဟုဆိုလျှင် မပေးချင်တော့၍ မထောက်ပံ့တော့ကြောင်း ရှင်းရှင်းလင်းလင်း နားလည်သင့်ပြီဟုသာ ဆိုချင်ပါသည်။ အိမ်ပြန်ချင်လျင်လည်း ရိုးရိုးသားသားနှင့် လက်နက်ချ အလင်းဝင်လိုက်ဟုသာ အကြံပေးချင်ပြီး ရှေ့က အလင်းဝင်သွားသည့် ညီငယ်၊ ညီမငယ်တို့သည် ဥပဒေ ဘောင်အတွင်း အေးချမ်းနေကြကြောင်းကို လေ့လာကြည့်ပါဟုသာ ဆိုချင်ပါသည်။
နောက်ဆုံးလှိုင်း၊ အိမ်ပြန်မယ့်လှိုင်း
မန္တလေး PDF အကွဲအပြဲဇာတ်လမ်းကို စတင်ဖန်တီးခဲ့တဲ့ ဒေါက်တာစိုးသူရဇော် ဒုစစ်ဦးစီးချုပ်ဆို သူက တော်လှန်ရေး ငါးနှစ်ကျော် ဖြတ်သန်းလာပြီးချိန် Slogan ချိန်းလိုက်ပြီဖြစ်သည်။ 'နောက်ဆုံးလှိုင်း၊ အိမ်ပြန်မယ့်လှိုင်း'ဆိုပြီး ရှိစုမဲ့စုအင်အား ထုတ်ပြပြီး ကြွေးကြော်နေလေသည်။ ရှိစုမဲ့စု အင်အားဆိုသည် မှာ ယနေ့ လက်နက်ကိုင်လမ်းစဉ်ကို လိုက်ပြီး PDF ဖြစ်သွားသူ အများစုထဲက လက်နက်ချ အလင်းဝင်သူ အများစုသည် မန္တလေး PDF များ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မန္တလေး PDF များအနေဖြင့် ဖွဲ့စည်းပုံ ပျက်သွားသည့်နီးပါး ဖရိုဖရဲဖြစ်သွားပြီး ကျန်ရှိနေသည့် PDF များကို သည်အတိုင်း ထိန်းသိမ်းထားရန် ခက်ခဲနေခဲ့သည်။ ထို့ကြောင့် ကျန်ရှိနေသေးသည့် PDF များအတွက် သူတို့ အလိုချင်ဆုံး၊ အတောင့်တဆုံး ဖြစ်နေသည့် အိမ်ပြန်ချင်သည့် ဆန္ဒကို Slogan အဖြစ်ပြောင်းပြီး 'နောက်ဆုံးလှိုင်း၊ အိမ်ပြန်မယ့်လှိုင်း'ဟု ခေါင်းစဉ်တပ်ထားခြင်း ဖြစ်သည်။ အိမ်ပြန်မယ့်လှိုင်း ဟုသာသူတို့ ကြွေးကြော်နေပေမယ့် တကယ်တမ်း တော့ ထို ရှိစုမဲ့စုအင်အားထဲက PDF များက ဘယ်အချိန် ထွက်ပြေး၍ အလင်းဝင်ကြမည်ဆိုသည်ကို လည်း နောက်ကျောမလုံဘဲ ရှိနေကြရလေသည်။
ထို့ကြောင့် မြေပြင်တိုက်ပွဲဖော်ခြင်းထက် သူ တို့တွင် အင်အားရှိသေးကြောင်း ယူနီဖောင်းဝတ်ကာ ဓာတ်ပုံများ၊ ဗီဒီယိုများရိုက်ကူးကာ လူမှုကွန်ရက်ကတစ်ဆင့် အင်အားရှိကြောင်း ဟန်ပြသက်သက်လှုပ်ရှား နေကြခြင်းက သိသာလှသည်။ ဆိုခဲ့သည့်အတိုင်း ထိုရှိသည့် အင်အားထဲက PDF လက်နက်ကိုင်များ သည်လည်း အလင်းဝင်သွားသည့် လူငယ်များနှင့် အဆက်အသွယ်မပြတ် ရှိနေနိုင်ပြီး အလင်းဝင်သွားသည့် လူငယ်လူရွယ်တို့ကလည်း အလင်းဝင်ရောက်ခြင်းတွင် ဖိနှိပ်ချုပ်ချယ်ခြင်း ကင်းကင်းဖြင့် လွတ်လပ်ပျော်ရွှင်နေကြောင်း သတင်းစကားများ ပြန်လည်ကြားသိနေကြသည်။ သို့မို့ကြောင့် ဒေါက်တာစိုးသူရဇော်တို့အနေဖြင့် တော်လှန်ရေးခေတ်ဦးက လူထုကို ဖေ့စ်ဘုတ်က မျှော်လင့်ချက် အမှားများဖြင့် လှည့်စားခဲ့သည့် နည်းလမ်းဟောင်းကြီးကို အသုံးချကာ သူ၏ တပ်သားများကို လှည့်စားနေခြင်းဖြစ်သည်မှာ ယုံမှား သံသယဖြစ်ဖွယ်မရှိဟု ဆိုချင်ပါသည်။ အိမ်ပြန်မယ့်လှိုင်းဟု ကြွေးကြော်နေမည့်အစား လက်နက်ကိုင်ထားသည့် လူငယ်တို့ လွတ်လွတ် လပ်လပ် အိမ်ပြန်ခွင့်ရစေချင်လျှင် သူတို့ကို လက်ကိုင်ဖုန်းတစ်လုံးစီကို ပဲ ယခင်ကဲ့သို့ လွတ်လွတ်လပ်လပ် ပေးသုံးကြည့်ပါလားဟု အကြံပြုမိပါသည်။
အလင်းဝင်လာသည့် လူငယ်တို့ ပြောပြချက်အရ တောတွင်းလက်နက်ကိုင်၍ ကျန်ခဲ့သည့်လူငယ်တို့သည် တပ်မတော်ထံ အလင်းဝင်မည်ကို စိုးရိမ်သဖြင့် လူငယ်လူရွယ် တော်တော်များများကို လက်ကိုင်ဖုန်း လွတ်လွတ်လပ်လပ် ပေးမသုံးတော့ဟု ဆိုခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူတို့အဝန်းအဝိုင်းအတွင်းက သူတို့ ပြောစကားများသာ ပဲ့တင်ထပ်နေပြီး ပြင်ပက သတင်းအမှန်များကို တောတွင်း လက်နက်ကိုင် လူငယ်များက သိခွင့်မရှိတော့ပေ။ ယခင်တော်လှန်ရေး စတင်စဉ်အခါက သည်လက်ကိုင်ဖုန်းလေးပေါ်မှ ဝါဒဖြန့်ခဲ့ကြသူတို့က သူတို့ဝါဒဖြန့်၍ မရတော့သည်ကို သိလာချိန်တွင် ထိုလက်ကိုင်ဖုန်းများကိုပင် အတင်းအကျပ်ပိတ်ဆို့ကုန်ကြပြီး လူငယ်တို့၏ အိမ်ပြန်ခွင့်ကိုပင် တားမြစ်ထားလေတော့သည်။
ပိတ်မိနေသော ပဲ့တင်သံများ
တောတွင်းလက်နက်ကိုင်ထားသည့် လူငယ်များအထူးသဖြင့် အလင်းဝင်သွားသည့် လူငယ်များနှင့် နီးစပ်သူများကို လက်ကိုင်ဖုန်းသုံးခွင့် ပိတ်ထားသည်ဆိုသည်ကို အလင်းဝင်လာသူများ PDF အချင်းချင်းဖမ်းဆီးပြီး ထွက်ပြေးလွတ်မြောက်လာသူများထံမှ တစ်ဆင့်သိခွင့်ရခဲ့ရသည်။ ထိုသို့ သိလိုက်ရချိန်တွင် တော်လှန်ရေးကြီး မဖြစ်ဖြစ်အောင် ပြုလုပ်ခဲ့သည့်အချိန်များက ဝါဒဖြန့်ခဲ့သည်များကို သတိရမိသွား သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးနှင့် ဆိုရှယ်မီဒီယာ၏ အခန်းကဏ္ဍကို စူးစမ်းလိုစိတ်ဖြင့် AI နှင့် စကားစမြည် ပြောဖြစ်ခဲ့သည်။ ထိုသို့ စူးစမ်း၍ ဆွေးနွေးစကားပြောကြည့်မှ စိတ်ဝင်စားစရာကောင်း သည်များ ကို သိခဲ့ရသည်များကို တစ်ဖန်ဖောက်သည်ချလိုပါသည်။
မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ "အာဏာ ရှင်ဆန့်ကျင်သူများနှင့် ထောက်ခံသူများအကြား ဒစ်ဂျစ်တယ်စစ်ပွဲ ပြင်းထန်ခဲ့ပြီး အလယ်အလတ်လမ်းစဉ် သို့မဟုတ် အပြုသဘောဆောင်သော ဆွေးနွေး မှုများ ပြုလုပ်ရန် နေရာလုံး၀ မရှိသလောက် ပျက်စီးသွားခဲ့သည်"ဟု ဆိုထားလေသည်။ ဆိုရှယ်မီဒီယာကို သုံးပြီး မည်သို့ကြောင့် ထိုအခြေအနေကို ဆိုက်ရခြင်းကိုလည်း "မြန်မာနိုင်ငံမှာ Facebook ဟာ ရိုးရိုး App တစ်ခုမဟုတ်ဘဲ 'Facebook သည် အင်တာနက်} ဖြစ်ခဲ့ပါတယ်။ လူထုက သတင်းစာ၊ ဂျာနယ်တွေထက် ဖေ့စ်ဘုတ် New Feed ပေါ်မှာ တက်လာတာတွေကိုပဲ အမှန်တရားလို့ ယုံကြည်ခဲ့ကြတာပါ။
Echo Chamber(ပိတ်မိနေသော ပဲ့တင်သံများ) ဖေ့စ်ဘုတ်ရဲ့ စနစ်က လူတစ်ယောက် ကြိုက်တတ် တဲ့၊ ထောက်ခံတဲ့ အကြောင်းအရာတွေကိုပဲ ထပ်ခါတလဲလဲ ပြပေးလေ့ရှိပါတယ်။ ရလဒ်အနေနဲ့ နိုင်ငံရေးအမြင် မတူညီကြသူတွေဟာ ကိုယ်ယုံကြည်ရာ သတင်းအတု၊ အမှားတွေကိုပဲ တံတိုင်းကာပြီး မြင်နေရတာကြောင့် တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးလို့မရတော့ဘဲ လူထုရဲ့ အတွေးအခေါ်ကို အစွန်းနှစ်ဖက်ဆီ ရောက်အောင် ခြယ်လှယ်ပစ်လိုက်သလို ဖြစ်ခဲ့ပါတယ်။
အနှစ်ချုပ်အားဖြင့်ဆိုရသော် Facebook သည် နည်းပညာကိရိယာတစ်ခုမျှသာ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အားနည်းလှသော နိုင်ငံရေးအသိနှင့် အုပ်ချုပ်ရေးစနစ်နှင့် လူမျိုးရေး၊ ဘာသာရေး နာ ကြည်းချက်ဟောင်းများကို အသုံးချကာ နိုင်ငံရေးအခင်းအကျင်းတစ်ခုလုံးကို ပြာကျလုနီးပါး ပျက်စီးစေခဲ့သည့် အဓိကလက်နက်တစ်ခု ဖြစ်ခဲ့ရပါသည်"ဟု ဆိုထားလေသည်။ ယခင်က တော်လှန်ရေးနှင့်ပတ် သက်လျှင် တော်လှန်ရေးဘက်အခြမ်းကလူများကို ကိုယ့်ရနံ့နှင့် ယစ်မူးနေသည့် ကတိုးကောင်ကဲ့သို့ဟု သုံးနှုန်းခဲ့ဖူးသော်လည်း AI ပြောမှ ပိတ်မိနေသော ပဲ့တင်သံဆိုသည့် စကားကို နှစ်သက်မိပါသည်။
အကျိုးစီးပွား အဓိက
နိုင်ငံတစ်ခုလုံး ပြာကျပျက်စီးရနိုင်လောက်သည်အထိ အဘယ်ကြောင့် လုပ်ရနည်းဆိုသည့် မေးခွန်းအတွက် 'ဖေ့စ်ဘုတ်(Meta)ရဲ့ အဓိက ခြယ်လှယ်မှုကတော့ 'အမုန်းတရားကနေ ပိုက်ဆံရှာတဲ့စနစ်' ဖြစ်ပါတယ်။
လူတွေဟာ အေးအေးချမ်းချမ်း သတင်းတွေ ထက် ဒေါသထွက်စရာ၊ ရန်ဖြစ်စရာ၊ စိုးရိမ်ထိတ်လန့်စရာ သတင်းတွေကိုမြင်ရင် Comment ပေးတာ၊ Share တာ (Engagement) ပိုလုပ်ကြပါတယ်။ ဖေ့စ်ဘုတ်ရဲ့ Algorithm က Engagement များတဲ့ ပို့စ်တွေကိုလူတွေ ပိုမြင်အောင် တွန်းတင်ပေးပါတယ်။ ဆိုလိုတာက အစွန်းရောက် အမုန်းစကားတွေ၊ နိုင်ငံရေးသွေးခွဲမှုတွေက ပိုပြီး လူကြိုက်များလို့ ဖေ့စ်ဘုတ်က ယင်းတို့ကို ရှေ့တန်းတင်ပေးခဲ့တာပါ"ဟု ဆိုထားလေသည်။
သည်နေရာတွင် NLD အစိုးရလက်ထက်က Facebook ကုမ္ပဏီကို ငွေကြေးထောက်ပံ့ခဲ့တာကို သိလားဆိုသည်ကို လူမှုကွန်ရက် စောင့်ကြည့်ရေးစနစ်အတွက် အမေရိကန်ဒေါ်လာ လေးသန်းကျော် မြန်မာငွေကျပ် ၆ ဒသမ ၄ ဘီလီယံ သုံးစွဲခဲ့ခြင်းအတွက်ကို ထည့်သွင်းပြောပြထားပါသေးတယ်။ ထိုအကြောင်းအရာကို ပြောရလျှင် နိုင်ငံတော်သည် မိအေးနှစ်ခါမက အခါခါနာခဲ့ရသည့်အကြောင်းနှင့် ရှည်းလျားလှသည်ဟု ဆိုချင်ပါသည်။ ထိုလုပ်ရပ်၏ အကျိုးဆက်ကို မေးသောအခါ တပ်မတော်နှင့် သက်ဆိုင်သည့် မြဝတီကဲ့သို့ စာမျက်နှာ အမုန်းတရားအကြောင်း လုံး၀မရေးသည်ကိုပင် ပိတ်လိုက်ရ ကြောင်းများပါ ရှင်းပြထားသည်။ အမုန်းတရား မပြန့်ပွားရေး လူမှုကွန်ရက် စောင့်ကြည့်ရေးစနစ်အတွက် ငွေကြေး အကုန်အကျခံထားရပါသည်ဟုဆိုလျှင် ဒေါက်တာ ဇော်ဝေစိုးတို့ကဲ့သို့ လူသတ်ရန်အား ပေးမှု၊ မျိုးရန်နောင်သိန်းတို့ကဲ့သို့ လူသတ်ဖျက်ဆီးရန် အားပေးမှုများ၊ ရေးဘီလူးကဲ့သို့ လူသတ်မှုများ၊ ထောက်ပို့အမည်တပ်ပြီး လူသတ်ရန် အားပေးမှုများကို အဘယ့်ကြောင့် ခွင့်ပြုသနည်းဟု ထောက်ပြဖြစ်သည်။ ထို ထောက်ပြချက်အတွက် ဖေ့စ်ဘုတ်(Meta) ၏ Double Standard ဆိုသည်မှာ ပေါ်လွင်ပါသည်ဟု ဆိုလေသည်။ အဓိက အကျိုးစီးပွားအတွက်၊ သူတို့ အကျိုးစီးပွားဖြစ် နေသည့်အရာများကို မသိကျိုးကျွန် ပြုထားသည် ကို အများပြည်သူက ယနေ့အထိ မသိရှိကြသေးဘဲ ဖေ့စ်ဘုတ်ကိုပင် ဘဝကြီးထင်၍ အသုံးပြုနေကြခြင်း ဖြစ်သည်ဟုဆိုလေသည်။ ထို့အပြင် နောက်ဆုံးမှတ်ချက်အဖြစ် ဖေ့စ်ဘုတ် အသုံးပြုသူများအကြားတွင် "ဖေ့စ်ဘုတ်က မြန်မာပြည်ရဲ့ သတင်းစီးဆင်းမှုကို တစ်ဖက်သတ် ပုံဖော်ခဲ့တာကြောင့် လူထုအကြားမှာ 'ဖေ့စ်ဘုတ်က ပြတဲ့ အမှန်တရား'သက်သက်သာ ရှိခဲ့ပြီး တကယ့်မြေပြင်က ရှုထောင့်စုံ အမှန်တရားကို ကွယ်ပျောက်စေခဲ့တာ လုံး၀အမှန်ပဲ"ဟု ဆိုထားလေသည်။
သည်အကြောင်းအရာများက မြန်မာနိုင်ငံရေး မုန်တိုင်း လှိုင်းကြီးလေထန်စဉ်က တကယ်ဖြတ်သန်းခဲ့ရသည့် အခြေအနေမျိုးပင်ဖြစ်သည်။ ဖေ့စ်ဘုတ်၏ တစ်ဖတ်သတ် ဝါဒဖြန့်မှု လှိုင်းများကြားက အမှန်ကို သိရှိလာသူများက အခြားသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို ပြောင်းလဲအသုံးချလာ ကြခြင်း၊ နိုင်ငံတော်အစိုးရက တင်းကျပ်လာသည့် စည်းမျဉ်းများကြောင့် ဖေ့စ်ဘုတ်သည် ယခင်က လောက် ဝါဒဖြန့်၍ မရတော့သည့် အခြေအနေဟု ဆိုနိုင်သော်လည်း မြန်မာနိုင်ငံသည် AI ပြောသကဲ့သို့ အင်တာနက်ဟုပြောလျှင် ဖေ့စ်ဘုတ်သာ ပြေးမြင်နေသည် ဆိုခြင်းကြောင့် ဖေ့စ်ဘုတ်အသုံး ပြုကြသူများ ကြောင့် နိုင်ငံ၏ အကျိုးစီးပွားကောင်း မွန်လာရန် မျှော်လင့်စရာမရှိပေ။ တိတိကျကျ ပြောရမည် ဆိုလျှင် နိုင်ငံရေးသမား ဆိုသူတို့၏ လွန်ခဲ့သည့် ငါးနှစ်ခန့်က ဖေ့စ်ဘုတ်တွင် ပြောခဲ့သည့်စကားများ၊ ရေးခဲ့သည့် စာများ တစ်နှစ်ပြည့်တိုင်း Memory တက်လာတိုင်း ပြန်ကြည့်ကြပါ။ သူတို့ပြောခဲ့သည့်စကား ရေးခဲ့သည့်စာများနှင့် အမှန်တကယ် မြေပြင်အခြေအနေကို ကိုယ်ကိုယ်တိုင်သာ နှိုင်းယှဉ်ကြည့်ကြပါဟုသာ တော်လှန်ရေး ဘက်အခြမ်းက လူများနှင့် လက်နက်စွဲကိုင်ထားသည့် လူငယ်များကို ပြောချင်ပါသည်။ ငါးနှစ်ဆိုသည်မှာ ကွာဝေးလွန်းသော အတိတ်မဟုတ်သေးသော်လည်း ယခင် အတိတ်တုန်းကလည်း မှန်သော စကားကို မပြောခဲ့၊ ပစ္စုပ္ပန်တွင်လည်း မှန်သည့်စကား မဆိုခဲ့သူများ၏ အနာဂတ်သည် ဘာတွေများ မျှော်လင့်နိုင်မည်လဲဟုသာ အမြင်မမှန်သေးသူများကို အမြင်မှန်ရစေရန် စေတနာစကားဖြင့် ပြောချင်ပါသည်။ အမှန်တကယ် အိမ်ပြန်ချင်သည့် လက်နက်ကိုင်ထားသည့် ညီငယ်၊ ညီမငယ်များ ကိုပြောချင်သည့် စကားက ဖေ့စ်ဘုတ်ပေါ်ကနေ အစိုးရဖွဲ့ပြီး မြေပြင်ကို မကူညီသည့် NUG စကားနားထောင်နေလျှင် အိမ်အပြန်လမ်းက ဝေးနေဦးမည်ဖြစ်ပြီး ကိုယ့်ဘ၀ ကိုယ်ပိုင်သည့် လူငယ်များအဖြစ် အလင်းထဲသို့ ရဲရဲတင်းတင်းသာ လျှောက်လှမ်းကြပါဟု စေတနာစကားကိုပဲ ပြောပါရစေ။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )