KNU ဘာတွေမှားခဲ့လဲ၊ ဘာတွေမှားနေလဲ

    ဒီရက်ပိုင်း စက်တင်ဘာ ၂၆ ၊ ၂၇ ရက်က ကရင်ပြည်နယ် ဘားအံမှာ ငြိမ်းချမ်းရေး ဖိုရမ်တစ်ခု ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်အပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြသလို ကရင်လက်နက်ကိုင်အဖွဲ့ အသီးသီးလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့ အစုံအလင်တက်ရောက်ခဲ့ပေမယ့် KNU ကတော့ တက်ရောက်ခဲ့ခြင်း မရှိပါ။ ကရင်ပြည်နယ်မြို့တော်မှာ ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပတာဟာ မင်္ဂလာရှိတဲ့ ကိစ္စရပ်တစ်ခုအဖြစ် ရှုမြင်ရမှာ ဖြစ်ပါတယ်။ 
    ဖိုရမ်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး  အဖွဲ့အစည်းအသီးသီး၊ ပုံစံအမျိုးမျိုး ကွဲနေကြတဲ့ ကရင်အဖွဲ့အစည်းတွေစုပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်စုတစ်ဖွဲ့တည်းအဖြစ် ဆောင်ရွက်ကြမယ်ဆိုတဲ့ အသံကိုလည်း ကြားရပါတယ်။ KNU ထဲမှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သဘောထား တင်းမာသူတချို့ ရှိပေမယ့် အများစုက ငြိမ်းချမ်းရေးလိုလားနေသူတွေ ဖြစ်ကြတဲ့အတွက် စုစည်းမယ့် အဖွဲ့ထဲမှာ ပါဝင်လာဖို့ ကြိုးစားကြမယ်လို့လည်း သိရပါတယ်။ ကရင်ပြည်နယ်နဲ့ ကရင်လူမျိုးတွေအတွက် ဝမ်းသာစရာပါ။ သမိုင်းကြောင်းအခြေအနေ၊ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ နစ်နာဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 
    ကရင်လူမျိုးဟာ မြန်မာနိုင်ငံအတွင်းမှာ အစဉ်အလာအရ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊  ကိုယ်ပိုင်ဘာသာစကား စသဖြင့် ဂုဏ် သိက္ခာရှိတဲ့ လူမျိုးတစ်မျိုးဖြစ်ပါတယ်။ မြန်မာပြည်နေရာအနှံ့မှာ ကျန်တိုင်းရင်းသားတွေနဲ့ အေးအတူပူအမျှ အတူယှဉ်တွဲနေထိုင်ကြတဲ့ နွေးထွေး ပျူငှာသူများလည်း ဖြစ်ကြပါတယ်။ သမိုင်းကြောင်း အစဉ်အလာအရ အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြရာကနေ ပြည်ပ ပယောဂနဲ့ ပြည်ပပယောဂအပေါ် အခြေခံပြီး သီးခြားရပ်တည်လိုတဲ့ ကရင်ခေါင်းဆောင်တချို့ရဲ့ ရွေးချယ်ခဲ့တဲ့ လမ်းအရ ကရင်လူထုတွေ အေးချမ်းတည်ငြိမ်မှု ပျက်ပြားခဲ့ရတယ်လို့ဆိုရင် မမှားနိုင်ဘူးလို့ထင်တယ်။ 
    ရှေးပဝေသဏီကတည်းက အတူတကွ မှီတင်းနေထိုင်ခဲ့တဲ့ သမိုင်းကြောင်းအရ ကရင်လူမျိုးနဲ့ ဗမာအပါအဝင် ကျန်တိုင်းရင်းသားတွေကြားမှာ ကြီးမားတဲ့ လူမျိုးရေးပြဿနာမရှိခဲ့ဟု ဆိုရမှာ ဖြစ်ပါတယ်။ လူမျိုးရေးပြဿနာအဖြစ် ကရင်နဲ့ဗမာ ပဋိပက္ခဖြစ်ခဲ့တာက စိတ်မကောင်းစရာပါ။ အင်္ဂလိပ်အုပ်စိုးတဲ့ မြန်မာပြည်ထဲကို ဂျပန်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ၁၉၄၂ ခုနှစ်က ဖြစ်ပါတယ်။ ဂျပန်နဲ့အတူ ပြန်လည်ဝင်ရောက်လာတာက အင်္ဂလိပ်ကိုတော်လှန်ဖို့ ဖွဲ့စည်းထားတဲ့ ဗမာ့လွတ်လပ်ရေးတပ်မ တော်ပါ။ 
    အဲဒီကာလ အင်္ဂလိပ်တွေ မြန်မာပြည်ထဲက ဆုတ်ခွာသွားချိန်၊ အင်္ဂလိပ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကရင်စစ်သားအချို့ မြန်မာပြည်မှာ ကျန်ခဲ့ပါတယ်။ မလိုက်ချင်လို့နေခဲ့သူ၊ ပြောက်ကျားစစ် ဆင်နွှဲဖို့ အင်္ဂလိပ်က တာဝန်ပေးထားသူ စသဖြင့် လက်နက်နဲ့အတူ ကျန်နေခဲ့ကြပါတယ်။ ကရင်-ဗမာ ပဋိပက္ခက အဲဒီကစတာပါ။ အင်္ဂလိပ်ခေတ်မှာ ဘားမားရိုင်ဖယ်ဆိုပြီး ဗြိတိသျှတပ် လက်အောက်ခံတပ် တွေ မြန်မာပြည်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဘားမားအမည်ခံထားပေမယ့် တကယ်တမ်း ဖွဲ့စည်းတာက တိုင်းရင်းသားလူမျိုးစုတွေ အများစုပါ။ ဗမာကမရှိသ လောက်ပါ။ လူမျိုးစုတွေထဲမှာတောင် အဓိကအင်အားစုအ နေနဲ့ ရှိခဲ့တာက ကရင်နဲ့ကချင်ပါ။ကရင်က ပိုများပါတယ်။ ရာထူးနေရာလည်း ရပါတယ်။ 
    အင်္ဂလိပ်ခေတ်က အခြေအနေကိုကြည့်ရင် လူမျိုးကြီးဖြစ်တဲ့ ဗမာကို အင်္ဂလိပ်တို့က ဖိနှိပ်ထားပြီး လူအင်အားနည်းတဲ့ တိုင်းရင်းသားတွေကို မြှောက်စားထားခဲ့တာ တွေ့ရမှာပါ။ အထူးသဖြင့် ဗမာပြည်ကို သိမ်းပိုက်စဉ်က ပြန်လှန်တော်လှန်ခြင်းမရှိခဲ့တဲ့ ကရင်တွေကို အင်္ဂလိပ်တို့က လူယုံအဖြစ် လက်ခံထား တာပဲဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ အရေးတော်ပုံ သပိတ်တွေကို အင်္ဂလိပ်တို့ ချေမှုန်းရာမှာ ဘားမားရိုင်ဖယ်တပ်တွေကို အသုံးချခဲ့ကြတာ ရှိပါတယ်။ ဗမာက တော်လှန်ရေးသမား အနှိပ်ကွပ်ခံ၊ ကျန်တိုင်းရင်းသားတွေ အထူး သဖြင့် ကရင်က အရေးအခင်းဖြိုခွဲနှိပ်ကွပ်သူဆိုတဲ့ သဘာဝကို တွေ့ရမှာဖြစ်ပါတယ်။ အင်္ဂလိပ်တို့ရဲ့သွေးခွဲအုပ်ချုပ်ရေးအပြင် သွေးကွဲစေဖို့ ကိုယ့်အရိုးနဲ့ ကိုယ့်ပြန်ထိုးတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ရမှာပါ။ ဒီလိုသမိုင်းနောက်ခံကိုအခြေပြုပြီး ကရင်-ဗမာ ပဋိပက္ခကိုကြည့်ရင် ကရင်က အင်္ဂလိပ်လူ၊ ဗမာက ဂျပန်လူဆိုတဲ့ အမြင်နဲ့ ဖြစ်ပွားခဲ့တဲ့ ပြဿနာလို့ ဆိုရမှာဖြစ်ပါတယ်။ 
    ဒီလို အင်္ဂလိပ်ကိုလိုနီခေတ်မှာ ဖြစ်ခဲ့တဲသမိုင်းကြောင်းအခြေခံနဲ့ ကရင်-ဗမာ ပဋိပက္ခကို အနာတစ်ခုအဖြစ် နာကြည်းအောင် လုပ်ထားခဲ့တာက ကရင်လက်နက်ကိုင်လမ်းစဉ်ကို ပိုမို ရှည်ကြာစေတာပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးခေတ်ကာလက ကရင်ခေါင်းဆောင်တွေကြားမှာ သီးခြားလွတ်လပ်တဲ့ နယ်မြေတစ်ခုအဖြစ် ဗြိတိသျှ ဓနသဟာယထဲမှာ နေလိုကြသူတွေနဲ့ ဗမာနဲ့ပေါင်းပြီး  ပြည်ထောင်စုအတွင်းမှာ နေလိုကြတဲ့သူတွေအဖြစ် ရှိခဲ့ကြပါတယ်။ အဲဒီအထဲမှာ ပြည်ထောင်စုအတွင်းမှာ နေလိုကြတဲ့ ခေါင်းဆောင်က အတော်နည်းပါတယ်။ ကိုယ့်လူမျိုးအ တွက် သီးခြားစဉ်းစားမယ်ဆိုရင် မှန်ကောင်းမှန် နိုင်မှာဖြစ်မယ့် ပြည်ထောင်စုအမြင်နဲ့ကြည့်မယ်ဆိုရင် လက်မခံနိုင်စရာတွေ ရှိမှာဖြစ်ပါတယ်။     ကရင်နိုင်ငံရေးသမိုင်းကိုကြည့်ရင် အင်္ဂလိပ်ခေတ်မှာ စတင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ပထမအင်္ဂလိပ်- မြန်မာစစ်ပွဲအပြီး ကာလကတည်းက တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို အင်္ဂလိပ်တို့စတင်ရရှိခဲ့ပြီး ခရစ်ယာန် သာသနာပြုလုပ်ငန်းတွေ ထဲထဲဝင်ဝင် စတင်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာတော့ မြန်မာပြည်အောက်တစ်ခြမ်းလုံး အင်္ဂလိပ်လက်ထဲကို ရောက်သွားပါပြီ။ အဲဒီအချိန်ကတည်းကစပြီး ခရစ်ယာန်သာသနာ ပြုလုပ်ငန်းတွေ အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ကြရာက  ကရင်လူမျိုးအများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်လာကြသလို မြေရှင်၊ လယ်ရှင်၊ ခေတ်ပညာတတ်၊ ရာထူးရာခံရလာကြသူ တွေ များလာခဲ့ကြပါတယ်။ 
    ၁၈၈၁ ခုနှစ်မှာ ကရင်အမျိုးသားအသင်းချုပ် (The Karen National Association)ကို စတင်ဖွဲ့စည်းခဲ့ ကြပါတယ်။ မြန်မာ့ထီးနန်း မဆုံးရှုံးချိန်မှာကတည်းကပင်ဖွဲ့စည်းခဲ့ကြတာ တွေ့ရမှာပါ။ အစည်းအရုံးမှာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့တဲ့ သူက ဒေါက်တာ စောစံစီဖိုးပါ။ကရင်အမျိုးသားခေါင်းဆောင်အဖြစ်လည်း လက်ခံကြပါတယ်။ စောဘဦးကြီးရဲ့အဖေ စောသာမြတ်ကြီးနဲ့က ကောင်းတိုင်ပင် ဆိုးတိုင်ပင် မိသားစု သဖွယ်ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။ အသင်းကိုလည်း အတူဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒေါက်တာ စောစံစီဖိုးဟာ ဆေးဆရာဝန် တစ်ဦးဖြစ်ပေမယ့် အင်္ဂလိပ်ဘုရင်ခံရဲ့ ဥပဒေပြုကောင် စီမှာ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ ပုသိမ်အသင်းတော်နဲ့  တိုင်တစ်ရာကျောင်းကိုလည်း ဒေါက်တာစောစံစီဖိုး၊ စောသာမြတ်ကြီးနဲ့ နှစ်ခြင်းသာသနာက ဒေါက်တာ နစ်ကိုးတို့ အတူထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒေါက်တာစောစံ စီဖိုးဟာ အင်္ဂလိပ်ဘုရင်ချီးမြှင့်တဲ့ ဆာဘွဲ့ရသူတစ် ဦးလည်းဖြစ်ပါတယ်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ဖြစ် ပွားတဲ့အခါ စောစံစီဖိုးနဲ့ နှစ်ခြင်းခရစ်ယာန်သာသနာမှ ဒေါက်တာနစ်ကိုးတို့က လိုအပ်တဲ့စစ်သားတွေစု ဆောင်းပေးခဲ့ကြပါတယ်။ 
    ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်တို့ ပြန်ဝင်လာချိန်မှာ  ကရင်ပညာတတ်တွေစုစည်းပြီး KCO (Kar -en Central Organization)ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ အမှုဆောင်တွေကတော့ စောသာဒင်၊ မန်းဘခင်၊ ဆရာသာထို၊ စောဘဦးကြီး၊ စောစံဖိုးသင်၊ စောမြသိန်း၊ မန်းဂျိမ်းစ် ထွန်းအောင်၊ မန်းရွှေထွန်းကြာ၊ စောဘမောင်၊ ဂျိမ်းစ်တာပနဲ့ စောဆစ်ဒနီလူနီတို့ပဲ ဖြစ်ကြပါတယ်။ အဲဒီနောက်မှာ ဗုဒ္ဓဘာသာ ကရင် အမျိုးသားများအသင်း (BKNA)၊ ကရင်လူငယ်အစည်းအရုံး (Karen Youth Organization, KYO)နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNA)တို့ ထပ်မံပေါ်ပေါက်လာခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး KCO က သီးခြားကရင်ဒေသကို စတင်တောင်းခံခဲ့တာပဲ ဖြစ်ပါတယ်။ သီးခြားကရင် ဒေသအဖြစ်  တနင်္သာရီတိုင်းတစ်ခုလုံး၊ ညောင် လေးပင်ခရိုင်နဲ့ မြန်မာ-ထိုင်း နယ်စပ် ထိစပ်နေတဲ့ နယ်နိမိတ်တစ်လျှောက်ကို သတ်မှတ်တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာပြည်မြေပုံအရ ညောင်လေးပင်အောက် တစ်ခြမ်းလုံးကို ရယူချင်တာပဲ ဖြစ်ပါတယ်။ သီးခြားပြည်နယ်ရရှိရေးနဲ့ လက်နက်ကိုင်ထားရေးအတွက် အဓိကအကြောင်းပြတာက ၁၉၄၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကရင်-ဗမာ ပဋိပက္ခပဲဖြစ် ပါတယ်။ 
    ၁၉၄၆ ခုနှစ် ဇူလိုင် ၂၉ ရက်မှာ KCO က ကရင်မိတ်ဆက်အဖွဲ့ (Karen Goodwill Mission) အဖြစ် စောဆစ်ဒနီလူနီ၊ စောဘိုးချစ်နဲ့ စောဘဦးကြီးတို့ကို လန်ဒန်ကို စေလွှတ်ခဲ့ကြပါတယ်။ နန်းရင်းဝန် အက်တလီနဲ့တွေ့ဆုံခဲ့ရာမှာ ‘ကရင်ပြည်နယ် သီးခြားထူထောင်ပြီး ဗြိတိသျှဘုရင်ခံ၏ ကွပ်ကဲမှုနဲ့ ဓနသဟာယအဖွဲ့ဝင်အဖြစ်နေလိုကြောင်း’  မြန်မာနိုင်ငံဘုရင်ခံ ဒေါ်မန်စမစ်ဆီတင် ပြခဲ့တဲ့အတိုင်း ထပ်မံတင် ပြခဲ့ပါတယ်။ အက်တလီက အဖြေမပေးခဲ့ဘဲ ကရင်လူမျိုးကို မဟာမိတ်အဖြစ် အသိအမှတ်ပြုခြင်းသာ ပြန်ပြောခဲ့ပါတယ်။ KYO ရဲ့ လိုလားချက်ကတော့ ‘သင့်လျော်သည့် ဒေသတစ်ခုတွင် ကရင်ပြည်နယ် ထူထောင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ ဆက်လက်နေထိုင်သွားရန်’ပဲ ဖြစ်ပါတယ်။ KYO ရဲ့ ထင်ရှားတဲ့ခေါင်းဆောင်တွေကတော့ ဗိုလ်မှူးစောထွန်း စိန်၊ မန်းဘခိုင်နဲ့ မန်းဝင်းမောင်တို့ပဲ ဖြစ်ပါတယ်။ 
    ကရင်အဖွဲ့အစည်း အသီးသီးကြားမှာ အယူအဆအမျိုးမျိုး ထွက်ပေါ်လာနေတဲ့အတွက် ဒေါက်တာ စောစံစီဖိုးရဲ့ မေတ္တာရပ်ခံချက်အရ ကရင်အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ KCO / KYO / BKNA နဲ့ KNA တို့ စုပေါင်းပြီး  ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ကနေ ၇ ရက်အထိ အစည်းအဝေးကြီးတစ်ခု ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။ အင်အား ၂၀၀၀ ခန့်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအစည်းအဝေး ပထမ နေ့မှာ ကရင်အမျိုးသား ပိုမိုကြံ့ခိုင်ရေး ရည်မှန်းချက်အရ KCO နဲ့ KYO ပေါင်းပြီး ကရင်အမျိုးသားများ အစည်းအရုံး (KNU) ဖွဲ့စည်းခဲ့ကြပါတယ်။ စောစံဖိုးသင်က ဥက္ကဋ္ဌ၊ စောဘဦးကြီးက ဒုဥက္ကဋ္ဌ၊ ဆရာသာထိုနဲ့ မန်းဘခိုင်တို့က အမှုဆောင်တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။ ဒုတိယနေ့မှာ အောင်ဆန်း-အက်တလီ စာချုပ် အရ ဖြစ်ပေါ်လာမယ့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ဝင်သင့်၊ မသင့်ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ စောဘဦးကြီးက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးပါ။ အဲဒီဆွေးနွေးချက်တွေက တောင်းပွဲတိုက်ပွဲသဏ္ဌာန် ဖြစ်ပါတယ်။ 
    KNU ဖွဲ့စည်းပြီး မကြာခင်မှာဘဲ KYO ခေါင်းဆောင်တွေ KNU ကနေ နုတ်ထွက်သွားကြပါတယ်။ စောစံဖိုးသင်နဲ့ စောဘဦးကြီး မသင့်မမြတ် ဖြစ်ခဲ့တာက အဲဒီအချိန်မှာပါ။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ကနေ စောဘဦးကြီး နုတ်ထွက်သွားတဲ့နေရာကို စောစံဖိုးသင်က ယူလိုက်လို့လို့ ဆိုကြပါတယ်။ ၁၉၄၇ ခုနှစ် ဧပြီ ၂၀ရက် မှာ KNU အရေးပေါ်ညီလာခံကျင်းပပြီး အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ခဲ့ရာ စောဘဦးကြီး ဥက္ကဋ္ဌဖြစ်လာ ခဲ့ပါတယ်။ စောစံဖိုးသင် မပါတော့ပါ။ အဲဒီအစည်းအဝေးမှာ KNU လက် အောက်ခံ KNDO( Karen National Defence Organization) ဖွဲ့စည်းခဲ့ပြီး မန်းဘဇံကို ကာကွယ်ရေးတာဝန်ခံအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ 
    တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲဝင်ရောက်ရေးနဲ့ပတ်သက်ပြီး KNU နဲ့ KYO တို့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ပုသိမ်မြို့မှာ စကားစစ်ထိုးပွဲအထိပင် ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ဝင်သင့်၊ မဝင်သင့် အပြန်အလှန် စကားစစ်ထိုးကြတာပါ။ စောဘဦးကြီးနဲ့ မန်း ဂျိမ်းထွန်းအောင်တို့က မဝင်သင့်ကြောင်း ဟောပြောကြသလို စောစံဖိုးသင်နဲ့ မန်းဝင်းမောင်တို့က ဝင်သင့်ကြောင်း ဟောပြောပါတယ်။ အဲဒီနောက် ကရင်အမျိုးသားတွေ ရွေးကောက်ပွဲ ဝင်ကြပါတယ်။ မဲဆန္ဒနယ်က ၂၄ ဦး၊ ကရင်အမျိုးသားကိုယ်စားလှယ်အဖြစ် နှစ်ဦးနဲ့ ဖဆပလကနေ ဝင်အရွေးခံရတဲ့ ကရင်အမတ် သုံးဦးတို့ရွေးကောက်ခံခဲ့ကြရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး KNU က မကျေနပ်ပါ။ လာရောက် မဲပေးသူ အနည်းအပါးသာ ရှိတယ်လို့ မကျေ မချမ်း ဝေဖန်ပြောဆိုခဲ့ပါတယ်။ 
    လွတ်လပ်ရေးရပြီး ၁၉၄၉ ခုနှစ်  KNDO လက်နက်ကိုင် လမ်းစဉ်နောက်လိုက်ပြီးတိုက်ပွဲတွေ ဖြစ်ချိန်မှာ ဖဆပလအစိုးရနဲ့ KNU တို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးကို စောဘဦးကြီးကိုယ်တိုင် လက်ခံသဘောတူပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို KNU အတွင်း ချပြဆွေးနွေးတဲ့အခါ မန်းဘဇံနဲ့ စောဟန်သာတာမွှေးတို့က ကန့်ကွက် ခဲ့ကြပါတယ်။ အဲဒီကန့်ကွက်ချက် အရ ငြိမ်းချမ်းရေးပျက်ပြားခဲ့ရပြီး စောဘဦးကြီး ကျဆုံးတဲ့အထိ ဖြစ်ခဲ့ရသလို အခုချိန်ထိလည်း ငြိမ်းချမ်းရေးမရသေးတာ တွေ့ရမှာဖြစ်ပါတယ်။ စောဘဦးကြီး ရှိစဉ်အခါမှာ KNU ရဲ့ ပထမလမ်းစဉ်က ‘သီးခြားလွတ်လပ်သော ကရင်ပြည်နယ် ထူထောင်ရေး၊ ကရင်လူမျိုးတည်တံ့ရေး’ပါ။ နိုင်ငံရေးအရ ခွဲထွက်မယ်လို့ ဆိုမထားပေမယ့် ဓနသဟာယအောက်မှာနေမယ့် သီးခြားခွဲထွက်ရေးလမ်းစဉ်အတိုင်းပဲ ဖြစ်ပါ တယ်။ 
    စောဘဦးကြီး ကွယ်လွန်ပြီးနောက် စောဟန် သာတာမွှေး ဥက္ကဋ္ဌ၊ မန်းဘဇံအတွင်းရေးမှူး လက်ထက်မှာ KNU ကနေ KNUP ပါတီအဖြစ် ပြောင်းလဲခဲ့ပြီး မာ့ခ်၊ လီနင်ဝါဒကို နိုင်ငံရေးဦးဆောင်အဖြစ် ချမှတ်ခဲ့ပါတယ်။ ဒုတိယလမ်းစဉ်က လက်ဝဲယိမ်းအချုပ်အခြာအာဏာ ပိုင်ပြည်နယ်ရရှိရေး ဖြစ်ပါတယ်။ သီးခြားကွန်မြူနစ်နိုင်ငံ ထူထောင်မယ့်သဘောပါ။ အဲဒီနောက် မန်းဘဇံနဲ့ စောဟန်သာတာမွှေးတို့ ထပ်မံ ကွဲသွားကြပြန်ပါတယ်။ စောဟန်သာတာမွှေးက ကရင်တော်လှန်ရေးကောင်စီ (KRC) ဖွဲ့စည်းထူထောင်ပြီး ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။ စောဟန်သာတာမွှေးက အလင်းထဲမှာပဲ ကွယ်လွန်သွားခဲ့ပေမယ့် သူ့ရဲ့ KRC အဖွဲ့ကတော့ ပြန်လည်တောခိုပြီး KNU နဲ့ ပြန်လည်ပေါင်းစည်းခဲ့ပြန်ပါတယ်။ 
    KNUP ရဲ့ နိုင်ငံရေးအယူအဆ ပြင်းထန်လာ ချိန်မှာ စောကျော်မြသန်းနဲ့ ဗိုလ်ကျင်ဖေတို့ ခွဲထွက်သွား ခဲ့ကြပြန်ပါတယ်။ နောက်ဆုံးမှာ မန်းဘဇံ ကိုယ်တိုင်  KNUP ကို စိတ်ပျက်ပြီး KNU အဖြစ်ပြန် လည်ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်မြက KNU မှာ ထိပ် ပိုင်းခေါင်းဆောင် ဖြစ်နေပါပြီ။ KNLA ဥက္ကဋ္ဌနဲ့ စစ်ဦးစီး ဗိုလ်ချုပ်အဖြစ် တာဝန်ယူထားချိန် ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး စောဘဦးကြီးရဲ့ လမ်းစဉ်အတိုင်း KNU တို့ ထပ်မံလျှောက်လှမ်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ KNU ရဲ့ပထမဆုံး ဦးတည်ရန်သူက ဖဆပလပါ။ ဖဆပလမရှိတော့တဲ့အချိန်မှာ အဓိကရန်သူအဖြစ် ဆိုရှယ်လစ်အစိုးရလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ KNU လည်း အများနည်းတူ ခေတ်မီအောင် တပ်မ တော်ကို ဘုံရန်သူအဖြစ် ဆိုနေတာပဲ ဖြစ်ပါတယ်။ 
    ဒီသမိုင်းကြောင်းကို ကြည့်ခြင်းအားဖြင့် KNU အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ညီညွတ်မှုမရှိဘဲ သူတစ်လူ ငါတစ်မင်း ကိုယ့်ထင်ကြေး၊ ကိုယ့်လောဘနဲ့ စခန်းသွားနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကရင်လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ကိုယ့်လုပ်ရပ်တွေဟာ ကရင်လူမျိုးကောင်းစားရေးအတွက် ဟုတ်ပါ့မလား၊ ပြည်ထောင်စုစိတ်ဓာတ် တကယ်ရောရှိရဲ့လားဆိုတာ စဉ်းစားချင့်ချိန်ကြဖို့ လိုပါတယ်။ ဗမာလူမျိုးကြီး ဝါဒဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အနာရှာတာတွေ ရပ်တန်းက ရပ်သင့်ပါပြီ။ ပြည်ထောင်စုအတွင်းမှာ ကိုယ့်လူမျိုးတင့်တယ် အေးချမ်းစွာနေနိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး နိုင်ငံရေးလမ်းကြောင်းက တစ်ဆင့်အဖြေရှာကြဖို့ လိုပါလိမ့်မယ်။ အရေးအကြီးဆုံးက ပြည်ထောင်စု လမ်းစဉ်မှန်ဖို့နဲ့ ကရင်အဖွဲ့စည်းအချင်းချင်း ညီညွတ်ကြဖို့ပဲ ဖြစ်ပါတယ်။                                       
 ဇော်နိုင်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 33

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66374

© 2022 - 2026 News. All Rights Reserved.