NUG အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရမှု ဒလန်အစစ် မည်သူနည်း

မန်း PDF များအကြောင်း ဖွင့်ဟလာသူ
    “တပ်ပြေးတာ တစ်ယောက်၊ နှစ်ယောက်ဆို ပြေးတဲ့ရဲဘော် စိတ်ဓာတ်မကောင်းဘူးလို့ပြောတာ လက်ခံတယ်။ အုံနဲ့ကျင်းနဲ့ ပြေးပြီဆို စနစ်မမှန်လို့၊ လူတန်းစား ကွာဟချက်ကြီးလို့ဆိုတာ မသေမချင်း မှတ်ထားကြပါ”ဟု မန္တလေး PDF များ တပ်မတော်ထံ အစုလိုက် အပြုံလိုက် အလင်းဝင်လာကြသည့် အကြောင်းကို မန္တလေး PDF များဘက်က ဖွင့်ဟလာခဲ့သည်။ ယခုဖွင့် ဟလာခဲ့ကြသူများသည် လက်ရှိအချိန်အထိ PDF ထဲတွင် ရှိနေသေးသူများထဲက သူတို့၏ ပြဿနာအတိမ်အနက်ကို အများပြည်သူများ သိရှိစေရန် တစ်စချင်း ဆွဲထုတ်နေသူတို့ထံက ဖွင့်ဟလာသည့် စကားများလည်း ဖြစ်သည်။
    ထိုကဲ့သို့ မန္တလေး PDF ထဲက အဘယ့်ကြောင့် ဖွင့်ဟလာခဲ့ကြသနည်းဟုဆိုလျှင် မန္တလေး PDF ထဲက ခေါင်းဆောင်ပိုင်းများဖြစ်သည့် တေဇာစန်းနှင့် စိုးသူရဇော်တို့၏ မန္တလေး PDF ထဲတွင် အာဏာလုယူမှု၊ PDF အချင်းချင်း မတရားဖမ်းဆီး နှိပ်စက်မှုများကြောင့် ဂိုဏ်းဂဏများ ကွဲပြားခဲ့ကြရပြီး ဒေါက်တာစိုးသူရဇော်တို့၏အာဏာနှင့် လုပ်ပိုင်ခွင့်အပေါ် အင်အားသုံးခဲ့မှုများကြောင့် ဖမ်းဆီးအနှိပ်စက်ခံခဲ့ရသည့် PDF ရဲဘော်များဘက်က သူတို့အချင်းချင်း မတရားမှုများကို ပြန်လည်ဖော်ထုတ်ခဲ့သဖြင့် သိရှိရသည့် အကြောင်းအရာများပင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် မန္တလေး PDF ထဲတွင် ဒေါက်တာ စိုးသူရဇော် ဒုစစ်ဦးစီးချုပ်ဆိုသူက မန္တလေး PDF ခေါင်းဆောင် ဗိုလ်မုန်တိုင်းနှင့် အပေါင်းအပါများကို အဓမ္မဖမ်းဆီးခြင်းမှ အစပြု၍ မန္တလေး PDF များ ပြိုကွဲသွားရခြင်းကို မကျေနပ်သည့် PDF ရဲဘော်များ၏ ပွင့်ထွက် လာသော အသံများပင် ဖြစ်သည်။
    ဗိုလ်မုန်တိုင်းတို့ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာမည်ဟုထင်၍ အချို့သော အကြောင်းအရာများကို အချိန်ကာလ အတိုင်းအတာတစ်ခုအထိ စောင့်စည်းခဲ့သော်လည်း လက်ရှိအချိန်အထိ ဗိုလ်မုန်တိုင်းတို့ကို ပြန်မလွှတ်သေးသောကြောင့် သူတို့၏ မကျေနပ်ချက်များနှင့်အတူ မန္တလေး PDF များ၏ အတူတကွ မကောင်းမှုပြုခဲ့သည်များကို ပြန်၍ ဖော်ထုတ်နေခြင်းဖြစ်သည်။ ထို့ကြောင့် PDF များ တစ်ဦးတစ်ယောက်ချင်း အလင်းဝင်လျှင် တစ်ဦးတစ်ယောက်စိတ်ဓာတ် မခိုင်မာ ခြင်းကြောင့်ဟု ဆိုနိုင်ပြီး အများအပြား တပ်မတော်ထံ အလင်းဝင်ခြင်းသည် စနစ်မမှန်၍ဖြစ်သည်ဟု အထက်တွင် ဆိုခဲ့သည့်အ တိုင်း သူတို့၏ ခေါင်းဆောင်များ မကောင်းသောကြောင့်ဟု ဆိုထားခဲ့ခြင်းဖြစ်သည်။
    မန္တလေး PDF တို့ ဖွင့်ဟထားသည့်အကြောင်း အရာများစွာထဲက “အရာရှိတွေက အိပ်ဆောင်ငွေ တွေကို ရဲဘော်တွေ မုန့်ဖိုးပေးရင်း ကုန်သွားတယ်ဆိုတာ တကယ်လား။ အဲဒီလို အမှန်တကယ်ပေးတဲ့ အရာရှိက  လက်ငါးချောင်း မပြည့်ဘူး။ အဲဒီလိုရတဲ့သူတွေကလည်း သူတို့အနားကပ်နေတဲ့ တပည့်တွေကိုပဲ ပေးတာများတယ်။ ရဲဘော်တွေကရော သူတို့ရပိုင်ခွင့်ကို ဘာလို့မျက် နှာချိုလေးသွေးပြီး ဆရာ.. ဆရာ..နဲ့ အောက်ကျို့ပြီး မုန့်ဖိုးတောင်းနေရမှာလဲ။ တစ်ခါတည်း အိပ်ဆောင်မှာ ညီညီမျှမျှ ပေါင်းပေး လိုက်ရင် မရဘူးလား။ တပ်ပြေးတာ တစ်ယောက်၊ နှစ်ယောက်ဆို ပြေးတဲ့ရဲဘော် စိတ်ဓာတ်မကောင်းဘူး လို့ပြောတာ လက်ခံတယ်။ အုံနဲ့ကျင်းနဲ့ပြေးပြီဆို စနစ်မမှန်လို့၊ လူတန်းစား ကွာဟချက်ကြီးလို့ဆိုတာ မသေမချင်း မှတ်ထားကြပါ”ဟု မန္တလေး PDF များက ဖွင့်ဟထားလေသည်။
    ထိုအကြောင်းအရာ များသည် မန္တလေး PDF များ မိုးကုတ်မြို့ကို ခေတ္တအခြေပြုနေစဉ်က သဘာ၀သယံဇာတ တူးဖော်မှုများ ပြုလုပ်ပြီး ရွှေနှင့် ပတ္တမြား တူးဖော်ရာမှရရှိသည့် အကျိုးအမြတ်များကို အလွန်အကျူး ရရှိခဲ့စဉ်က ဖြစ်စဉ်များ ဖြစ်သည်။ ထိုအကြောင်းကို ‘မိုးကုတ်မြို့ Feeling bar မှာ ညညဆို အရာရှိတွေ ရိုက်သတ်လို့မကုန်ဘူး။ MOD စစ်ရုံးချုပ်က အရာရှိဆိုသူများကလည်း အားကျမခံ ပါဝင်နွှဲကြလေရဲ့။ မိန်းမတွေ တရုန်းရုန်းနဲ့ အရာရှိတွေကို လက်ညှိုးထိုးပြရမလား။ ခြောက်ပစ်ကင်းသဲလဲစင်တွေက အပုပ်ချရင် လက်ခံပါရဲ့။ အခုတော့ မိန်းမ လည်းရှိတယ်၊ ကလေးပါရှိသေးတယ်။ တော်လှန်ရေးကာလအတွင်းမှာ မယားငယ်ထားတဲ့ကောင်က ဌာနပေါင်းစုံ၊ သင်တန်းပေါင်းစုံ သောက်တင်း လှည့်တုပ်သေးသဗျ။ မုန်တိုင်းက ဘာညာဆိုပြီး...ပြီးတော့ MOD စစ်ရုံးချုပ်မှာတောင် ရာထူးကြီးကြီးနဲ့ နေရာရလိုက်သေးတယ်။ စစ်ပညာဆိုတာ မယ်မယ်ရရ မသိတဲ့ကောင်က အားအားယားယား အင်တာဗျူးနေပြီး ဒုစစ်ဦးစီးအရာ ရှိချုပ်ဆိုပဲ။ မဟာမိတ်တွေကတော့ ‘ခင်ဗျား စစ်တိုက်စားလို့ မရဘူး။ နိုင်ငံရေးသာ လုပ်စား’ဆိုပြီး မှတ်ချက်ပေးတာပဲ”ဟု မန္တလေး PDF ခေါင်းဆောင်များ မိုးကုတ်မြို့တွင် ခွေးဘုရားပွဲ တွေ့သကဲ့သို့ ပျော်ရွှင်ခဲ့ရသည့် အချိန်များကို ပြန်၍ ပြောထားလေသည်။ 
    တော်လှန်ရေးဟု ခေါင်းစဉ်လှလှပေးပြီး PDF များကို ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြောင်း လူလည်ကြီးများ၏ လုပ်စားတော်လှန်ရေးများကို ခံခဲ့ရသည့် PDF များက အများပြည်သူသိစေရန် ဖောက်သည်ချခဲ့သည့် စကားများ ဖြစ်ပါသည်။ သန္ဓေမမှန်ခဲ့သည့် တော်လှန်ရေးက အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားဖြင့် ပြည်သူ့အတွက်ဟု ပြောခဲ့သည့်စကားများ အချိန်ငါးနှစ်ကျော်ကာလတွင် တော်လှန်ရေးဆိုသည်မှာ ကိုယ်ကျိုးရှာရာ အရပ်ဖြစ်နေကြောင်း ပြည်သူများက ကောင်းကောင်းကြီး သိခွင့်ရသွားသည်ဟု ဆိုနိုင်ပါသည်။

ပုလဲနယ်က NUG လက်အောက်ခံ ‘ပ’သုံးလုံးများ၏ အာဏာပြမှု
    စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ဟုဆိုလျှင် NLD တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဇော်ထက်နှင့် ဗိုလ်နဂါးတို့၏ ပဋိပက္ခကိုပြေး၍ မြင်ကြလိမ့်မည်ဖြစ်သည်။ ဇော်ထက်က ‘ပ’သုံးလုံးကို ဦးဆောင်သူဖြစ်ပြီး ဗိုလ်နဂါးကို သူ၏ အမိန့်များ မနာခံဟုမှတ်ယူကာ အပြတ်ရှင်းရမည်ဟု လုပ်ဆောင် ရင်းကနေပြီး ဗိုလ်နဂါးနှင့် ဇော်ထက်တို့၏ အကွဲအပြဲက NUG လက်အောက်ခံ ‘ပ’သုံးလုံးတို့၏ အချင်းချင်း ရက်ရက်စက်စက် အပြတ်ရှင်းတတ်သည့် စိတ်ဓာတ်အကြောင်း ပြည်သူတို့ သိခွင့်ရခဲ့သည့် အခြေအနေလည်း ဖြစ်ခဲ့သည်။ 
    ပုလဲနယ်ဟုဆိုလိုက်လျှင် တော်လှန်ရေးဘက် အခြမ်းကအထူးသဖြင့် ‘ပ’သုံးလုံး တာဝန်ယူထား သူတို့သည် ကိုယ့်နယ်သူနယ်သားများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူများဖြစ်ပြီး ဇော်ထက်ဆိုလျှင်လည်း တော်လှန်ရေးသမားတစ်ယောက်ကိုပင် သတ်ဖြတ်ပြီးအလောင်းကို ဇော်ထက်၏အိမ်မှာပင် မြှုပ်နှံထားခဲ့ဖူးသည့် သာဓကများလည်း ရှိခဲ့ဖူးသည်။ ပုလဲနယ်က ဗိုလ်နဂါးနှင့် ဇော်ထက်တို့ အားပြိုင်မှုတွင် ဇော်ထက်က ဗိုလ်နဂါးအဖွဲ့ကို လူအင်အား၊ လက်နက်အင်အားအလုံးအရင်းဖြင့် ဝင်စီးနင်းခဲ့သဖြင့်  ဗိုလ်နဂါးသည် တပ်မတော်ထံ အလင်းဝင်ခဲ့ပြီး လက်ရှိ ပုလဲနယ်ရှိ နယ်မြေအချို့တွင် ဇော်ထက်တို့၏ ‘ပ’သုံးလုံး အဖွဲ့က မင်းမူနေလျက်ရှိသည်။
    ထိုသို့ မင်းမူနေရာမှနေ၍ ပြည်သူများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများ လျော့ကျမသွားဘဲ ထင်တိုင်းလုပ်နေသည့် ကိစ္စကို PDF တစ်ယောက်က  ယခုကဲ့သို့ ရင်ဖွင့်ထားလေသည်။ “ပုလဲနယ်မှာ ခေါ် သန္တီရွာက ဖုန်းသူခိုးလို့ စွပ်စွဲပြီး ပ.လ.ဖ ကို တိုင်လို့ ညောင်ပင်သာက လူတစ်ယောက်ကို ပ.လ.ဖ က အစာမကျွေး၊ ရေမတိုက် ရိုက်နှက်ညှဉ်းပန်းလို့ လေးရက်မြောက်နေ့မှာ သေလို့ အလောင်းပုပ်မှ သိရပါ တယ်။ တိုင်တန်းမိသူက ပြန်သနားနေမိတယ်ဆိုပဲ။ ဂျပန်ထက်ဆိုးနေတဲ့ ‘ပ’သုံးလုံးမုဒိမ်းတပ်ကို တိုင်မိသူဟာ အရမ်းကို မှားပါတယ်”ဟု ‘ပ’သုံးလုံးတပ်၏ ညှဉ်းပန်းနှိပ် စက်မှုအကြောင်းကို ဖွင့်ဟ ထားလေသည်။
    ဖုန်းခိုးခံရသူက သူ့ဖုန်းကို ခိုးသည်ဟု စွပ်စွဲကာ ‘ပ’သုံးလုံးလက်ကို အပ်လိုက်မှ အစွပ်စွဲခံရသူက သေဆုံးရသည်အထိ ဖြစ်သွားသဖြင့် တိုင်တန်းခဲ့သည့်သူပင် နောင်တရမိသွားသည်ဟု ဆိုလေသည်။ NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဇော်ထက် NUG တွင် ‘ပ’သုံးလုံး တာဝန်ယူသူတို့ မင်းမူသည့်အရပ်တွင် မကျေနပ်သူကို ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်၊ အလောင်းဖျောက်မှုသည် ထိုမျှလောက် လွယ်ကူလက် ယဉ်နေလေသည်။ 
    ပုလဲမြို့နယ်က ‘ပ’သုံးလုံးတို့၏ ရမ်းကားမှုများကို ထို PDF ကပဲ “ညောင်ပင်သာက ကျေးရွာ လူကြီးက သူ့ရွာကလူတစ်ယောက်ကို သူမသိဘဲ ဖမ်းခေါ်သွားလို့ မိုက်နဲ့အော်လို့ဆိုပြီး ကျေးရွာလူကြီးကိုပါ ဖမ်းသွားပါပြီ။ကဲ...ပြည်သူ့အတွက် လက်နက်ကိုင်တယ်ဆိုတဲ့ LPDF တွေ ယခု မတရားမှုကျူး လွန်နေတဲ့ ပ.လ.ဖ တွေကို လက်ပိုက်ကြည့်နေကြတော့မလား။
    ပြည်သူ့အတွက် ကာကွယ်စရာမရှိရင် LPDF လည်း လက်နက်မကိုင်ကြပါနဲ့။ ကိုယ့် တစုတဝေး အ တွက်သာ လက်နက်ကိုင်တယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ LPDF အပေါ် ကျရောက်လာ ပါလိမ့်မယ်”ဟု ဖွင့်ဟထားလေသည်။ ထို PDF သည် NUG ၏ MOD လက်အောက်သို့ မဝင်သည့် ဗိုလ်နဂါးတပ်ဖွဲ့ဝင်ထဲက ဖြစ်နိုင်ပြီး LPDF တစ်ဦးလည်းဖြစ်ကြောင်း ပုလဲနယ်က ‘ပ’သုံးလုံးများ မတရား မှုများကို ဖွင့်ချထားလေသည်။

ဒလန်၏ အဓိပ္ပာယ် ကောင်းကောင်းသိသွားကြပြီ ထင်ပါသည်
    ‘PDF ထဲဝင်မယ်၊ ငါချစ်တဲ့မင်းကို သိမ်းပိုက် မယ်၊ မင်းချစ်တဲ့သူကို ဒလန်ဆိုပြီး သတ်ပစ်မယ်’ဆိုသည့် လူငယ်တစ်ယောက်၏ ရည်းစားစာနှင့် ပတ်သက်၍ ဟိုယခင်က ရေးခဲ့ဖူးသည်။ ဆိုလိုချင်သည်က တော်လှန်ရေးဘက်အခြမ်းက လူများသည် ၂၀၂၁ ဆန္ဒများ ပြစဉ်ကတည်းက သူတို့နှင့် အယူအဆ မတူသူ၊ ပုဂ္ဂိုလ်ရေး မကျေနပ်သူများ၊ ကိုယ်အမြင်မကြည်သည့် သူများကို ဒလန်ခေါင်းစဉ်တပ်၍ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်၊ Social Punishment မျိုးစုံလုပ်ခဲ့ပြီး ဇွတ်ဖြူစင်ပြခဲ့သူများ ဖြစ်ကြောင်း ပြောလိုရင်းဖြစ်သည်။
    ထိုအထဲတွင် ခေတ်အဆက်ဆက် မကျေနပ်ခဲ့သူကိုလည်း ဒလန်ခေါင်းစဉ်တပ်ခဲ့ကြသည်။ စီးပွား ရေးပြိုင်ဘက်ဖြစ်ခဲ့ဖူးရုံနှင့် ဒလန်ခေါင်းစဉ် တပ်ခဲ့ကြသည်။နားလည်တတ်ကျွမ်းသူများက ဒလန်ဆိုသည်မှာ အခြားသော အဖွဲ့အစည်း၊ လူမှုအသိုင်းအဝိုင်းက ထွက်ပေါ်လာခြင်းမဟုတ်ဘဲ အချင်းချင်း သစ္စာ ဖောက်သူ ကိုယ့်အဖွဲ့ အစည်းထဲကလူကို ပြောခြင်းဆိုသည်ကို သိသိကြီးနှင့် နားမလည်ချင်ယောင် ဆောင်နေခဲ့ကြသည်။ သိသိကြီးနှင့် နားမလည်ချင်ယောင် ဆောင်သည်ဟု ဆိုခြင်းမှာ သူတို့ နားမလည်၍ မဟုတ်ဘဲ တော်လှန်ရေးခေါင်းစဉ်တပ်၍ သူတို့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ချင်သူများကို  ညှဉ်းပန်းနှိပ် စက်သတ်ဖြတ်ခြင်းများကို အကာအကွယ် ယူလို၍ဖြစ်သည်။
    ယနေ့ပြောလိုသည်က NUG ၏ အထူးတိုင်း စစ်ဌာနချုပ်ဗုံးကြဲခံရသည့် အကြောင်းအရာတွင် တော်လှန်ရေးဘက်အခြမ်းက လူများက ဟိုလူ့အပြစ်ပုံချ၊ သည်လူ့အပြစ်ပုံချ လုပ်နေသည့်အပြင် တော်လှန်ရေး မီဒီယာများကိုပါ ပတ်ဆဲနေသည်ကို တွေ့နေရလေသည်။ သည်နေရာတွင် NUG က ကြီးကြီးကျယ်ကျယ် ပြောနေသည့် အထူးတိုင်းစစ်ဌာနချုပ်ဆိုသည့် အသုံးအနှုန်းကြီးနှင့် ဗုံးကြဲခံရသည့်ပုံစံများကို ကြည့်ပြီး ဗုံးကြဲခံရမှုကို  သနားနေခြင်းထက် စကားကြီးစကားကျယ် ပြောသည့် NUG ကို ဝိုင်းလှောင်နေသူက အများအပြားပင်။ အကြောင်းက အထူး တိုင်းစစ်ဌာနချုပ်ဟုဆိုပြီး ၁၂ ပွဲဈေး ဆိုင်တန်းလောက်မှ မခမ်းနား သည့် ဌာနချုပ်ဖြစ်နေခြင်းက ရယ်စရာ ဖြစ်နေလေသည်။ 
    NUG ၏ အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရ သည်ဆိုသည်နှင့်ပတ်သက်၍ ရန်ကုန်က ပြည်သူများက သတင်းပေး၍ ရနိုင်မလား၊ ကရင်ပြည်သူက သတင်းပေးနိုင်ပါ့မလား၊ မွန်ပြည်နယ်က ပြည်သူများက သတင်းပေးနိုင်ပါ့မလား၊ ပဲခူးတိုင်းက ပြည်သူများက သတင်းပေး နိုင်ပါ့မလား။ NUG အထူးတိုင်းစစ်ဌာနချုပ်ကို ရောက်ဖူးသည့် အဖွဲ့ဝင်များထဲက အချင်းချင်း မကျေလည်သည့် သူများကသာ အချိန်၊ နေရာ အတိအကျကို သတင်းပေးနိုင်မည်ဖြစ်ကြောင်း ကလေးကစပြီး စိတ်မနှံ့သူပင် သိနိုင်ရဲ့ မဟုတ်ပါလား။ NUG အထူးတိုင်းစစ်ဌာနချုပ်ကို ဗုံးကြဲခံရခြင်းနှင့် ပတ်သက်၍ အထူးပြောလိုသည်က NUG အတွင်းကလူနှင့် NUG အစည်းအဝေးလုပ်မည်ကို သိသောသူထဲကသာ ရှာကြပါဟု ဆိုချင်ပါသည်။ အဘယ် ကြောင့် ထိုသို့ ပြောနေရသနည်းဟု မေးလာလျှင် မဆိုင်သည့်သူများကို ဒလန်ခေါင်းစဉ် တပ်လွန်းသော NUG နှင့် တော်လှန်ရေးအဖွဲ့အစည်းအတွက် ကိုယ့်အချင်းချင်းထဲက ဒလန်ကို မတွေ့ မမြင်မိမည်ကို စိုး၍ စေတနာရှေ့ထား၍ အကြံပေးရခြင်း ဖြစ်ပါကြောင်း ပြောလိုပါသည်။
ရွှေထီး  

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 56

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66374

© 2022 - 2026 News. All Rights Reserved.