၂၀၂၆ ၊ ဇွန် ၂၇
ကျားဖျန့်နှင့် PDF
ကျားဖျန့်လုပ်ငန်းကို လုပ်ကိုင်ဖူးသူများ ကျားဖျန့်နှင့် ဆက်စပ်လုပ်ငန်း လုပ်ကိုင်ဖူးသူတို့သည် ကျားဖျန့်လုပ်ငန်းကို စွန့်လွှတ်ပြီး အခြားသော လုပ်ငန်းကို လုပ်ကိုင်ရန် လွန်စွာခဲရင်းသွားသည်ဟု ကျားဖျန့်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူတို့က ပြောလေ့ရှိသည်။ အကြောင်းက သက်သောင့်သက်သာနှင့် ငွေရလွယ်သောကြောင့်ပင် ဖြစ်သည်ဟုဆိုသည်။ လွယ်လွယ်နှင့် ဝင်ငွေရဖူးသူတို့သည် ပင်ပင်ပန်းပန်း အားစိုက်ထုတ်ရသည့် လုပ်ငန်း၊ ထိုကဲ့သို့ ပင်ပင်ပန်းပန်း အားစိုက်ထုတ်လုပ်ရသော်လည်း အကျိုးအမြတ်ရရှိမှု နည်းပါးသည့် လုပ်ငန်းမျိုးကို မလုပ်ချင်ကြသည်မှာ မဆန်းပေ။ ကျားဖျန့်လုပ်ငန်းကို နိုင်ငံတော်က အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သဘောထားပြီး အလေးအနက်ထားကာ နှိမ်နင်းနေချိန်တွင် ကျားဖျန့်လုပ်ငန်းကို မစွန့်လွှတ်လိုကြသူတို့သည် အကြမ်းဖက်လက်နက်ကိုင်များ ရှိသည့်အရပ်သို့ ပြန့်ကျဲစွန့် ခွာ သွားနိုင်သည်ဟု သုံးသပ်မှုများ ရှိနေကြသည်။
ယင်းသို့ ပြန့်ကျဲစွန့်ခွာသွားနိုင်သည်ဟု သုံးသပ်မှုများတွင် တိုင်းရင်းသားလက်နက်ကိုင်များ ရှိသည့်နေရာသို့ ရောက်ရှိသွားကြောင်း ဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းများအရလည်း သိရသည်။ ထိုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များရှိရာ အထူးသဖြင့် ရှမ်းမြောက်၊ ရှမ်းအရှေ့မြောက် စသည့်နေရာများတွင် ဖမ်းဆီးရမိသည့် သတင်းများ မကြာခဏ ကြားသိနေရသည်။ ယင်းကဲ့သို့ နိုင်ငံတော်အစိုးရက ကျားဖျန့်ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဖော်ထုတ်အရေးယူနေသဖြင့် တိုင်းရင်းသားလက် နက်ကိုင်များထံသို့ ကျားဖျန့်လုပ်ငန်း လုပ်ကိုင်သူတို့ ရောက်ရှိသွားကြသော်လည်း အညာက PDF လက်နက်ကိုင်များထံတွင်လည်း ရောက်ရှိမသွားနိုင်ဟု မည်သူမျှ တပ်အပ် မပြောနိုင်ပေ။ ကျားဖျန့်လုပ်ငန်းသည် အင်တာနက်ရရှိသည့်နေရာ အစိုးရအုပ်ချုပ်ရေး အပြည့်အ၀ မထိန်းချုပ်နိုင်သည့် နေရာမျိုးကို ပစ်မှတ်ထား၍ ပြောင်းရွှေ့လုပ်ကိုင်နေခြင်း ဖြစ်သဖြင့် အညာက PDF လက်နက်ကိုင်များထံသို့လည်း ရောက်ရှိနိုင်သည်ဟု သုံးသပ်မှုများရှိနေခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ သုံးသပ်မှုအချို့က အကြောင်းမဲ့ သုံးသပ်နေခြင်းမျိုး မဟုတ်ဘဲ PDF တို့က ငွေရမည်ဆိုလျှင် ဘçနဖူးကိုပင် သိုက်တူးကြမည့်သူများ ဖြစ်ကြကြောင်း သဘာဝသယံ ဇာတများ ထုတ်ယူရောင်းချနေမှု၊ ဘုရားရွှေမရှောင်ခွာ နေမှုသတင်းများကြောင့်ပင် ဖြစ်သည်။
သည်ရက်ပိုင်း မုံရွာအနီးတွင်ရှိသည့် သူငယ်ချင်းဖြစ်သူက ဖုန်းဖြင့်ဆက်၍ ပြောလာလေသည်။ သူသိလိုသည်က သက်ကြီးရွယ်အိုများကို ထောက်ပံ့သည်ဆို သည့်သတင်း ဟုတ်၊ မဟုတ် လှမ်း၍မေးခြင်း ဖြစ်သည်။ နိုင်ငံတော်အစိုးရက သက်ကြီးရွယ်အိုများကို ထောက်ပံ့သည်ကရှိကြောင်း၊ မည်သည့်အသက်ရောက်မှ ထောက်ပံ့ကြောင်းဆိုသည်ကို ပြန်၍ပြောမည်ဟု သူ့ကိုပြောလိုက်လေသည်။ သို့သော်လည်း သူကဆက်၍ "ဒီမှာ အသက်အရွယ်မရွေး တစ်ယောက်ငါးသောင်း ထောက်ပံ့မှာတဲ့ အဲဒါကြောင့် ရွာထဲက လူတွေသွားကြမှာ တော်တော်များတယ်"ဟု ဆိုလေသည်။
သူတို့ ထောက်ပံ့ကြေးသွားထုတ်ယူရမည့်နေရာသည် မုံရွာ ကျောက္ကာ၏ အရှေ့ဘက် ထန်းဇလုပ် အကျော် လူသူမနီးသည့် လယ်ကွင်းယာကွင်းထဲက တဲငယ်တစ်လုံးထဲသို့ ဖြစ်သည်ဟု ဆိုလေသည်။ ထိုတဲငယ်သို့ ရောက်သောအခါ လူငယ်ရှစ်ယောက်ခန့်က လက်ပ်တော့များ၊ Starlink အင်တာနက်များနှင့် အလုပ်များနေကြသည်ဟု ဆိုသည်။ ထောက်ပံ့ကြေးရယူမည့်သူများက မှတ်ပုံတင်ပြရုံသာ ပြရမည်ဖြစ် ပြီး ထိုမှတ်ပုံတင်တွင် Kpay အကောင့် မဖွင့်လှစ်ထားသူကို တစ်ယောက်လျှင် ကျပ်ငါးသောင်း ထုတ်ပေးသည်ဟုဆိုသည်။ ထိုလူငယ်များ၏ အဓိက လုပ်ဆောင်ပေးသည်က မှတ်ပုံတင်ကို တိုက်ဆိုင်စစ်ဆေးပြီး Kpay ဖွင့်ထားခြင်း ရှိ၊ မရှိကို စစ်ဆေးပေးခြင်းဖြစ်ပြီး အကောင့်မဖွင့်ထားသူများက ကျပ်ငါးသောင်းရရှိခြင်းပင် ဖြစ်သည်။ မှတ်ပုံတင်ယူလာသည့် လူများသည်လည်း သူ့အဆက်အသွယ်နှင့်သူ အတော်အတန် များပြားပြီး နံနက် ၉ နာရီခန့်မှ ညနေ ၃ နာရီခန့်အထိ စောင့်ရသည်ဟု ဆိုလေသည်။ ထိုအခြေအနေကို ဖုန်းဆက်၍ပြောချိန် "Kpay မဖွင့်ထားတဲ့မှတ်ပုံတင်ကို အဓိက ငါးသောင်းပေးတယ်ဆိုရင် အဲဒီမှတ်ပုံတင်နဲ့ Kpay အကောင့်ဖွင့်ပြီး ငွေအသွင်းအထုတ် လုပ်ဖို့ပဲရှိမှာ"ဟု သူငယ်ချင်းဖြစ်သူကို ရှင်းပြဖြစ်သည်။
ထိုကဲ့သို့ ကိုယ်ကိုယ်တိုင်၏ မှတ်ပုံတင်ဖြင့် ငွေသွင်းငွေထုတ်မလုပ်ဘဲ အခြားသူ၏ မှတ်ပုံတင်ဖြင့် ငွေသွင်းငွေထုတ်လုပ်လျှင် ငွေသွင်းငွေထုတ်လုပ်သူက မည်သို့မျှ တာဝန်ခံစရာ မလိုတော့ဘဲ တရားမဝင် သည့် လုပ်ငန်းများအတွက် ရဲရဲတင်းတင်း ပြုလုပ်နိုင်ပြီဟု ပြောဖြစ်ခဲ့သည်။ ထိုအကြောင်းကို သူငယ်ချင်း ဖြစ်သူက ရွာသူရွာသားများအား ရှင်းပြရာ ငွေငါးသောင်းမထုတ်ချင်တော့ဆိုသည့် သူများလည်း ရှိသွား လေရာ ငါးသောင်းထုတ်ယူသူများကြားတွင် မထုတ်ယူတော့ဟု ပြောသူက သင်းကွဲဖြစ်သွားပြီး ထုတ်ယူသူများ၏ အမြင်မကြည်လင်မှုနှင့် ထုတ်ပေးသူတို့၏ အမြင်မကြည်လင်မှုများ ကြုံတွေ့ခဲ့ရပြီး အများထုတ် ယူသည့်အတိုင်း ထုတ်ယူခဲ့လိုက်ကြသည်ဟု ဆိုလေသည်။
သို့နှင့် ငါးသောင်း ရရှိသွားသူများက အစိုးရက ထောက်ပံ့ပေးသည်ဟုပြောရန် သင်ကြားခြင်းခံ လိုက်ရပြီး အချင်းချင်း သွေးဆောင်သူများသဖွယ် ဖြစ်သူက ဖြစ်၊ အချို့က လူတစ်ယောက်ရှာပေးလျှင် ကော်မရှင် ကြေးတစ်ခုသတ်မှတ်၍ရရှိပြီး K pay မှတ်ပုံမတင်ရသေးသူများကို ငါးသောင်းဖြင့် ရှာဖွေခေါ်ယူနေကြသည်ဟု ဆိုလေသည်။
ဆွယ်တရားဟောကြသူများ
တစ်ဦးလျှင် ကျပ်ငါးသောင်းထောက်ပံ့ကြေး ပေးမည်ဟုဆိုကာ အဓိက ဆွယ်တရားဟောကြ သူများက K pay အကောင့် မဖွင့်ရသေးသူတစ်ဦးလျှင် မည်မျှရသည်မသိ လူတိုင်းကို လိုက်ပါ၍ မှတ်ပုံတင် ပြ၍ငွေထုတ် ယူစေချင်ကြသည်ဟု ဆိုလေသည်။ ကျေးရွာများတွင် နေထိုင်ကြသူအများစုသည် မှတ်ပုံ တင်ရှိကြသော်လည်း K pay အကောင့် မဖွင့်ရသေးသူများပြားသောကြောင့် လူတစ်ရာခေါ်သွားလျှင် လူ ၉၀ နီးပါးက K pay အကောင့်မဖွင့်ရသေးကြောင်း ဆိုသည်။ "လာပြောတဲ့ သူတွေကလည်း အကျိုးအမြတ် ရှိလို့နေမှာ၊ မှတ်ပုံတင်သာယူခဲ့ ထောက်ပံ့ကြေးက ပေးနေတာ"ဟုဆိုကာ ခေါ်ကြောင်းပြောသည်။
တစ်ရက်ပြီးတစ်ရက် လူစုလိုက် ခေါ်လိုက်၊ သွားလိုက်နှင့် ဆားလင်းကြီးနှင့် ယင်းမာပင်နယ်အစပ် မြောက်ယမားချောင်း၏ တောင်ဘက်ဝန်းကျင်က လူအချို့ အလုပ်များနေကြသည်ဟု ဆိုလေသည်။ ဤလုပ်ရပ်က အကြမ်းဖက်လုပ်ငန်းနှင့် စပ်ဆက်နေခြင်း ရှိ မရှိ၊ တရားဝင်ခြင်း ရှိ မရှိ စသည်တို့ကို အုပ်ချုပ်ရေးယန္တရား အပြည့်အ၀ စိုးမိုးနိုင်ခြင်း မရှိသေးသောကြောင့် စိစစ်ရန် ခက်ခဲသော်လည်း မီးဆို သည်မှာ လောင်မှငြှိမ်းခြင်းထက် မလောင်ခင် တားဆီးနိုင်မှ ထိခိုက်ဆုံးရှုံးနိုင်ခြေ သက်သာမည်ဖြစ်သည်။
နောက်ဆက်တွဲပြသနာ
သူငယ်ချင်းဖြစ်သူက မေးရှာသည်။ " K pay အကောင့် မဖွင့်ရသေးလို့ ငွေငါးသောင်း ထုတ်ယူလိုက်တဲ့နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ"ဟု မေးလေသည်။ သူ့မေးခွန်းကို "ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ပါဘူး၊ ဖြစ်လာရင်တော့ နောက်ဆက်တွဲ လိုက်ရှင်းရတော့မှာပေါ့" တိတိကျကျ အဖြေပေးနိုင်ခဲ့ခြင်း မရှိပေ။ ရပ်ထဲရွာထဲတွင် ထောက်ပံ့ကြေးပေးသည်ဟုဆိုကာ ငွေကျပ်ငါးသောင်းကို မက်မောပြီး သုံးဘီးဆိုက်တွဲကြီးဖြင့် ကိုယ့်ထမင်းချိုင့်ဖြင့် ကိုယ်လိုက်သွားကြသူများအတွက် နောက်ဆက်တွဲ လိုက်လံရှင်းလင်းရမည်ဆိုလျှင်လည်း သူတို့အတွက် မလွယ်ကူနိုင်ပေ။ ဥပမာ K pay အကောင့်ပိတ်ရုံ မျှသာမကဘဲ ထို K pay အကောင့်ပိုင်ရှင် မှတ်ပုံတင်နံပါတ်နှင့်ဥပဒေအရ အရေးယူမှုများ ဖြစ်ပေါ်လာပါက ဆိုသည်အထိ စဉ်းစားလိုက်လျှင်လည်း ဇာတ်လမ်းကပြီး မည်မဟုတ်တော့ပေ။ ထို့ကဲ့သို့ နောက်ဆက်တွဲ ဘေး အန္တရာယ်ကို ရှောင်ရှားလို၍ KBZ ရုံးသို့သွားပြီး Device အပြောင်း လျှောက်ရအောင်လည်း သူတို့အတွက် အဆင်ပြေနိုင်ကြမည် မထင်ပေ။ ငွေငါးသောင်းပေး၍ K pay အကောင့် မလုပ်ရသေးသူများကို ပစ်မှတ် ထား၍လုပ်သည်ကိုက ထိုကဲ့သို့ လည်လည်ဝယ်ဝယ် မရှိသူများကို ဦးစားပေးနေခြင်း ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့ မှတ်ပုံတင်တွင် K pay အကောင့် မဖွင့်လှစ်ရသေးသူများကို ငွေငါးသောင်းထောက်ပံ့ပေးသည် ဟုဆိုကာ လုပ်ကိုင်နေမှုသည် လွန်ခဲ့သည့် နှစ်လဝန်းကျင်မှစပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်းကျင်တွင် ခေတ်စားလာသည်ဟုလည်း လူပြောသူပြော များလာခဲ့သည်။ ထိုသူတို့၏ လှမ်းနေသည့် ခြေလှမ်းသည် ကျားဖျန့်လုပ်ငန်းကို PDF များနှင့် ပူးပေါင်းပြီးလုပ်ဆောင်ရန် ပစ်မှတ်ထားနေသကဲ့သို့ဖြစ် နေကြောင်း သုံးသပ်မှုများ ရှိနေသည်။ လွန်ခဲ့သည့် နှစ်လခန့်က မုံရွာနယ်ဘက်ရှိ PDF တစ်ဦးက ထိုသတင်းကို စတင်၍ ပြောဆိုဖူးပါသည်။ ထိုစတင်ပြောဆိုသည့် PDF အဖွဲ့သည် SRF (ခ) Sniper Ranger Force(Local PDF) အဖွဲ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထို PDF အဖွဲ့သည် အရာတော်မြို့နယ်တွင် အခြေစိုက်သည့်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ် ကြောင်း ထို PDF အဖွဲ့၏ ပြောဆိုချက်များ အရသိရသည်။ မုံရွာ၏ အရှေ့ဘက်ရှိ ကျေးရွာအများအပြားတွင်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား အပြည့်အ၀မလည်ပတ်နိုင်သေးသည့်နေရာ အများအပြား ရှိနေပြီး ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ဝက်လက် စသည့်ဒေသရှိ ကျေးရွာများတွင် PDF လက်နက်ကိုင်များ အခြေပြု လှုပ်ရှားနေသေးသည်။ ထိုဒေသများတွင် အခြေပြု၍ ကျားဖျန့်လုပ်ငန်းလုပ်ကိုင်ရန် PDF တို့နှင့် ပူးပေါင်းရွေးချယ်နိုင်သည်ဟု လက်ရှိအချိန်တွင် သုံးသပ်မှုများလည်း ရှိလာပြီဖြစ်သည်။ အကြမ်းဖက်လက်နက်ကိုင် PDF များ က ကျားဖျန့်လုပ်ငန်းလုပ်ကိုင်နေသည်ဟု အတိအကျစွပ်စွဲရန် ခက်ခဲသော်လည်း အကြမ်းဖက် PDF လက်နက်ကိုင် ကြီးစိုးလွှမ်းမိုးရာ အရပ်ဒေသများတွင် ထိုအဖြစ် အပျက်များ ဖြစ်ပွားနေခြင်းသည်က လုံးဝငြင်းမရသည့် အမှန်တရားပင် ဖြစ်နေလေသည်။ PDF များအဖို့ သူတို့ ကြီးစိုးရာဒေသတွင် လူစိမ်းသူစိမ်း ကပ်လာလျှင်ပင် လက်ခံလေ့မရှိဘဲ 'ဒလန်'ခေါင်းစဉ်တပ်၍ သတ်ဖြတ်မှုများရှိခဲ့သည့် သာဓကပေါင်းများစွာ ရှိသော်လည်း ယခု ၎င်းတို့ကြီးစိုးရာဒေသ အစိုးရယန္တရားအပြည့် အဝမလည်ပတ်နိုင်သည့်နေရာကို ရွေးချယ် လုပ်ကိုင်နေခြင်းကိုက PDF များနှင့် ကျားဖျန့်ဆိုသည့် ဇာတ်လမ်းအသစ်များ တွေ့မြင်ကြားသိရတော့မည်လားဟု သုံးသပ်နေမှုများ သည်လည်း လွန်မည်မထင်ပေ။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )