PDF တွေ အိမ်ပြန်ချင်နေကြပြီ

ရေလိုက်လွဲသူ
    ဘဝက ခါးလွန်းသည်ဟုဆိုလျှင်သည် LGBT အတွက် ရည်ရွယ်၍ပြောခြင်း ဖြစ်နိုင်ပါသည်။ သူ၏ဘဝက အဘယ့်ကြောင့် ခါးသနည်းဟုဆိုလျှင် ရွေးချယ်ခဲ့သည့် လမ်းမှားယွင်းသောကြောင့် ပန်းတိုင်ပျောက်နေကာ အနာဂတ်လည်း မဲ့နေခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ပညာအခြေခံ တတ်မြောက်သော်လည်း စဉ်းစားသည့် ဦးနှောက်Óဏ် ပါမလာလျှင်လည်း ထို LGBT လေးကဲ့သို့ လမ်းဘေးနေ လမ်းဘေးစားသူများပေးမှ၊ ကမ်းမှ စားရသည့်ဘဝသို့ ရောက်တတ်ကြောင်းလည်း သင်ခန်းစာယူတတ်လျှင် ရနိုင်ပါသည်။ ထို LGBT လေးက တိုင်းရင်းသားလက်နက်ကိုင်များထံတွင် ခိုလှုံရင်း တော်လှန်ရေးလုပ်ရာကနေ အနာဂတ်မဲ့သွားကြောင်း သူကိုယ်တိုင် ရင်ဖွင့်လာခြင်းပင် ဖြစ်သည်။ သူ့အနေနှင့်ဆိုလျှင် တော်လှန်ရေးတွင် ဆေးဝါးကုသပေးနေသည့် အခန်းဏ္ဍက ပါဝင်ခဲ့ပြီး ဆေးဝါးကုသပေးသည့် လုပ်ငန်းဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင် ငွေကြေး ရှာဖွေနိုင်ခဲ့သည်ဟု ဆိုလေသည်။ ထိုကဲ့ သို့ ငွေကြေးရှာဖွေနိုင်ခဲ့သော်လည်း ပြောခဲ့သည့်အတိုင်း  ဉာဏ်နည်းသူတို့၏ လမ်းကို ရွေးချယ်ခဲ့သူဖြစ်သောကြောင့် ထို LGBT လေးသည်လည်း တော်လှန်ရေးသမားအချင်းချင်း၏ လိမ်လည်လှည့်ဖြားခြင်းကို ခံလိုက်ရသည်ဟု ဆိုလေသည်။ သူ့ကိုလိမ်သွားသူက တော်လှန်ရေးနယ်ပယ်တွင် လူ့သိအတန် အသင့်များသည့် စန္ဒာလင်းခေါ် ပေါက်မိဒါ ဆိုသူဖြစ်သည်။ ထို LGBT လေးက တော်လှန်ရေးထဲတွင် ဆေးဝါးကုသသည့်လုပ်ငန်း လုပ်ကိုင်ရင်းဖြင့် တော်လှန်ရေးထဲက လူသိများ ထင်ရှားလာသည့် စန္ဒာလင်း ခေါ် ပေါက်မိဒါနှင့် ချစ်သူများဖြစ်ခဲ့ကြသည်ဟု ဆိုလေသည်။ 
    ဇာတ်လိုက်ကျော်ကြီး LGBT က ချစ်သူရပြီ ဆိုပြီး အထင်မကြီးလိုက်နှင့်။ သူနေထိုင်သည့် အရပ်က KNU ခွင်ထဲက ထိုင်းနယ်စပ်တစ်နေရာ ဖြစ်ပြီး သူ၏ချစ်သူ မိဒါက ဟိုးအညာအရပ် ပေါက်၊ မြိုင်နယ်ဘက် ကဖြစ်ပြီး အွန်လိုင်းပေါ်ကနေ၍ LDRS (အဝေးရောက် ချစ်သူ)အဖြစ်နှင့် စိတ်ကူးယဉ်အိပ်ရာထဲမှာ ဖိတ်စာလည်းပါ ဖြစ်ခဲ့ရလေသည်။ သည်ခေတ်ကြီးထဲ အဝေးရောက်ချစ်သူအဖြစ် အွန်လိုင်းပေါ်တွင် ချစ်ကြသည်က မဆန်းလှသော်လည်း LGBT ဇာတ်လိုက်ကျော်ကြီး အတွက်က ဆန်းလှသည်ဟု ဆိုနိုင်သည်။ သူက မြန်မာနိုင်ငံကြီးကို ကယ်တင်လိုသည့်စိတ်ဖြင့် တော်လှန်ရေးကို ရွေးချယ်ခဲ့ရာမှ တော်လှန်ရေးနယ်ပယ်တွင် ချစ်သူတစ်ဦး အဝေးရောက်ရရှိခဲ့ခြင်း မဟုတ်ပေဘူးလား။ တော်လှန်ရေးထဲဝင်စဉ်က ပြည်သူ့အတွက်ဟု ကြွေးကြော်ပြီး အချစ်နှင့်တွေ့သည်အခါ အညာသူမလေး မိဒါအတွက် အရာရာ ဖြစ်ခဲ့ရပြီး သူစွမ်းသမျှရသည့်ငွေများဖြင့် မိဒါလေး၏ဘဝကို ပြောင်းလဲပေးရမည်ဟု စိတ်ထဲတွင် ပိုင်းဖြတ်လိုက်ဟန်တူပါသည်။
    သို့နှင့် မိဒါလေးနှင့် အဝေးရောက်ချစ်သူ အလိုကျ လိုသမျှ ဖြည့်ဆီးပေးရာက တော်လှန်ရေးလည်း မေ့၊ ရသမျှ မိဒါသရဏံဂစ္ဆာမိ ဖြစ်ကုန်ကြရ၏။ ဤကဲ့သို့ နှစ်ကိုယ်ကြား ဆိုစကားများကို အများပြည်သူက အဘယ်ကဲ့သို့ သိခွင့်ရှိနိုင်ပါမည်နည်း။ သိခွင့်မရှိဟုဆိုလျှင် မည်သို့ သိလာသနည်းဟု မေးခွန်းထုတ်လာလျှင် ချစ်စကြင်စက ကြားလေသွေးမှာ ဝေးလိမ့်မည်ဟု သဘောထားတတ်ကြသော်လည်း အချစ်ကုန် သွားသောအခါ ရန်သူတော်ကြီးများကဲ့သို့ ဖြစ်သွားတတ်ကြသည်က သဘာ၀မဟုတ်ပေဘူးလား။ ချစ်တုန်းမုန်းစကားဆိုခဲ့ဟန် မထင်ဘူး။ ဇာတ်လိုက်ကျော်ကြီး LGBT က အဝေးရောက်အချစ်များဖြင့် ရေစက် ကုန်သွားချိန်တွင် မိဒါက တာ့တာပြသွားသဖြင့် မိဒါကို ထောက်ပံ့မိသမျှ ငွေချေး ထားပြီးပြန်မဆပ်သူဟု စွပ်စွဲကာ အပုပ်အစုံဖော်ကုန်ကြလေသည်။ မိဒါဆိုသည့် တော်လှန်ရေး ဆယ်လီမလေး သည်လည်း ဤကဲ့သို့ စားခွင်မျိုး ရိုးနေပြီထင်ပြီး သူနှင့်ပတ်သက်စပ်ဆိုင်သမျှ ဆိုရှယ်မီဒီယာအကောင့် မှန်သမျှနှင့် ဖုန်းနံပါတ်များကို Block လိုက်လေသည်။ 'မိဒါအကြောင်း ကြိုက်သလောက်ပြော မောလျှင်ရေသောက် ငါတို့ကတော့ တာ့တာပဲ' စတိုင်နှင့် တော်လှန်ရေး သူရဲကောင်းမကြီးဟန်ဖြင့် ဝတ္တရားမပျက် လိုင်းပေါ် တက်၍ အာချောင်နေမြဲ အာချောင်နေလေသည်။
    ယုံမှတ်၍ ပုံအပ်ခဲ့သည့် LGBT ဇာတ်လိုက် ကျော်ကြီးခမျာ ပထမဆုံး တော်လှန်ရေးထဲဝင်ကတည်းက မှားလိုက်သည့်အမှား ယခုထက်ထိ အမှားများစွာ မကုန်သေးကြောင်း ထုံးစံအတိုင်း လူမှုကွန်ရက် ပေါ်တက်၍ ငိုချင်းချယုံကလွဲ၍ ဘာများ တတ်နိုင်တော့မည်နည်း။ သူငိုချင်းချနေသည့် ဇာတ်လမ်းလေး နည်းနည်းမြည်းစမ်း ကြည့်ရုံမျှဖြင့် ကိုယ့်ဖယောင်းတိုင် ကိုယ်ထွန်းပြီး ကိုယ့်စာအုပ်အပေါ် ကိုယ်မှတ် တမ်းရေးသည်ဟု သတ်မှတ်ထား သူတစ်ယောက်ထံက  သင်ခန်းစာယူစရာအချို့ရှိသဖြင့် ဝေမျှပါရစေ။ ဘဝကို ဘယ်ခြေလှမ်းက စတင်၍  မှားယွင်းသွားသလဲဟု မေးခွန်းထုတ်လာခဲ့လျှင် လုပ်စားနိုင်ငံရေး သမားများ၏ စကားကိုယုံပြီး တော်လှန်ရေးထဲ  ခြေစုံပစ် ဝင်စဉ်ကတည်းကဟု၍များ ဖြေနေမည်လား မသိပေ။
    သူက "အခု ကျွန်တော်ဆိုရင် ပြန်စရာအိမ် မရှိတော့ဘူး။ နွေးထွေးတဲ့ အိမ်တစ်အိမ် မရှိတော့ဘူး။ ချစ်ခြင်းတရားတွေနဲ့ နွေးထွေးလုံခြုံမှုပေးတဲ့ မိဘနှစ်ပါး ဆုံးပါးသွားတယ်။ အငယ်ဆုံးလေးပါလားဆိုပြီး၊ ရောဂါသည်လေးပါလားဆိုပြီး နွေးထွေးလုံခြုံတဲ့ ချစ်ချင်းတရားတွေပေးတဲ့ မောင်နှမတွေဟာလည်း ဒီတော်လှန်ရေးလောကကို ဝင်တဲ့အတွက် စွန့်ပစ်သွားကြတယ်။ ပြန်စရာအိမ်မရှိတဲ့ ကျွန်တော်တို့အဖို့ ဘယ်သူ့ကို တရားစွဲရမလဲ။အကောင်းအတိုင်း အိမ်က ထွက်သွားနိုင်ခဲ့ကြပေမယ့် အကောင်းအတိုင်း အိမ်ပြန်နိုင်မယ်လို့ ဘယ်သူကမှ အာမခံချက်မပေးတဲ့ ဒီလမ်း၊ ဒီခရီးကို ကျွန်တော်တို့ ဘာလို့လျှောက်ခဲ့ ကြတာလဲ"ဟု သူ၏ဘဝကို လည်ပြန်ကြည့်ရင်း မေးခွန်းထုတ်ထားလေသည်။ သူ၏ ဘဝသည်လည်း လုပ်စားနိုင်ငံရေးသမားများနှင့် တံဆိပ်လှလှကပ်ထားသည့် အပေါစားမူးယစ်ဆေးတွင် ယစ်မူးသူကဲ့သို့ ရုန်းထွက်ရန် ခက်ခဲနေခြင်းအကြောင်းကို အဘယ့်ကြောင့် ပြောရသနည်းဆိုလျှင် အကြောင်းရှိသည်ဟု ဆိုနိုင်ပါသည်။ ထိုအကြောင်းက အမိမြေက နွေးထွေးစွာ ကြိုဆို နေသူများကို ကြည့်မြင်မိရင်းမှ သူတို့ ဘဝ၏ အနာဂတ်မဲ့မှုများကို ဖွင့်ဟနေခြင်းပင် ဖြစ်သည်။

ပျော်ရွှင်ခြင်း ဇာတ်ပေါင်းခန်းကို မနာလိုကြသူများ
    ဤကဲ့သို့မျက်ရည်မျိုးကို ကြည့်မြင်ရသူတိုင်းက ထပ်တူခံစား ဝမ်းသာနိုင်ကြပါသည်။ သာမန်အားဖြင့် လွယ်လွယ်ကူကူ မေးခွန်းကို အလွယ်တကူ ဖြေနိုင်ကြပါ လိမ့်မည်။ သို့သော်လည်း နှစ်ကာလများစွာ ခွဲခွာခဲ့ကြရသူများ၊ တစ်နည်းအားဖြင့် အသက်ရှင်လျက်နှင့် ရှိသေးရဲ့လားဆိုသည့် သံသယနှင့် မျှော်လင့်နေသူများအဖို့ အသက်ရှင်လျက် ပြန်တွေ့ချိန် ခံစားချက်ကိုမေးသည့် မေးခွန်းများကို ဖြေဆိုရန် ဝမ်းသာမျက်ရည်များဖြင့် ဆို့နင့်နေခြင်း ဖြစ်သည်။ 'အမျိုးသားကနေပြီးတော့ သင်္ဘောနဲ့ သူပါလာတယ်၊ ပထမဆုံးအကြိမ်ပဲ သူ့အသံကိုကြားရတာ၊ ရေတပ်က ဗိုလ်လေးကလည်း ပြောတယ်၊ ကျွန်တော်တို့ ခေါ်လာပေးတယ်တဲ့။ လာကြိုတဲ့အခါတော့ ဘယ်လိုခံစားရလဲမသိဘူး။ ဒါပေမဲ့ သူ့အသံနဲ့ဆက်ခဲ့တဲ့ ဖုန်းနံပါတ်ကိုတော့ ခဏခဏကြည့်တာတော့အမှန်ပဲ'ဟု မလေးရှားမှ ပြန်လာသည့် အမျိုးသားကို လာကြိုသည့် ကလေးနှစ်ယောက်မိခင်တစ်ဦး၏ အပြုံးမျက်ရည်များကြားက ဖြေကြားချက်များဖြစ် သည်။ မလေးရှားနိုင်ငံတွင် အခက်အခဲဒုက္ခမျိုးစုံ ကြုံတွေ့နေရသူများကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းကာ ပြည်ပရှိ  မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ၊ ဒုက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာချိန်တွင် လာရောက်ကြိုဆိုသူများထဲက အမျိုးသမီးတစ်ယောက်၏စကားသံလည်း ဖြစ်သည်။ 
    ထိုအကြောင်းအရာနှင့်ပတ်သက်၍ အဓိက အချက်အချို့ကိုလည်း ပြောလိုပါသည်။ မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခအခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရန် နိုင်ငံတော်အကြီး အကဲများနှင့် တာဝန်ရှိသူများက ကြိုးပမ်းချိန်တွင် တော်လှန်ရေးဘက်အခြမ်းကဆိုသည့် လူတိုင်းနီးပါးက နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးကာ အပျက်စကားများ ပြောကြလေသည်။ သူတို့၏ဘဝနှင့် နှိုင်းယှဉ်ကာ တော်လှန်ရေး သမားများကဲ့သို့ ဘဝနိဂုံးချုပ်စေချင်သည့် သဘောဖြင့် အမိမြေကို မပြန်ကြရန် ဆော်သြနေကြသည်မှာ ကြား ၍မကောင်း၊ မြင်၍မသင့်တော် ဖြစ်ကြရသည်။ ကောင်းသည့်လုပ်ရပ်ကို လုပ်နေသည်ကိုပင်လျှင် မချီးမွမ်းလျှင် လည်းရသော်လည်း ကဲ့ရဲ့အပြစ်တင် ရှုတ်ချခြင်းများသည် တော်လှန်ရေးဘက်အခြမ်းက လူများ၏ စိတ်ဓာတ် အဆင့်အတန်းနှင့် မြန်မာပြည်သူတို့အပေါ် ထားသည့်သဘောထားကို ကောင်းကောင်း သိမြင်နိုင်ကြမည်ဖြစ်သည်။ မလေးရှားနိုင်ငံတွင် အခက်အခဲဒုက္ခ ကြုံတွေ့နေရသူတို့သည် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။ သူတို့သည် မိသားစုကို အဆင်ပြေပြေ ထားနိုင်စေရန် ပြည် ပနိုင်ငံများသို့ ထွက်၍ အလုပ်လုပ်ရာမှ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများနှင့် ကြုံတွေ့နေကြရသည့် မြန်မာနိုင်ငံ သားများဖြစ်ကြသည်။ အမိမြေနှင့်ဝေးကွာ၍ အခက်အခဲဒုက္ခမျိုးစုံ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများ သည် အမိမြေကို မည်မျှ လွမ်းဆွတ်တမ်းတကာ ကူကယ်ရာ မျှော်လင့်နေ ကြမည်နည်း။ ထိုကဲ့သို့ အခြေ အနေမျိုးတွင် နိုင်ငံတော် အကြီးအကဲ၏ နိုင်ငံသားများ အပေါ်ထားသည့် စေတနာဖြင့် ပြည်ပတွင် ဒုက္ခရောက်နေသူများကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ကာ ခေါ်ဆောင်သည့် ဆောင်ရွက်ချက်က မုဒိတာပွားစရာ ဖြစ်သည်။ 
    ထိုအကြောင်းအရာနှင့်ပတ်သက်၍ "မလေးရှားမှ မြန်မာနိုင်ငံသား ၁၄၇၆ ဦး ယနေ့ ပြန်လည်ရောက်ရှိ၊ ပြည်ပတွင် အခက်အခဲကြုံသူများကို ဆက်လက်ကူညီမည်"ဆိုသည့် သတင်းကိုလည်း ဝေမျှလိုပါသည်။ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံထား ရသော မြန်မာနိုင်ငံသားများထဲမှ စိစစ်ပြီး မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ အောက်တိုဘာ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ပါသည်။
    အဆိုပါ မြန်မာနိုင်ငံသားများကို စစ်ရေယာဉ် မုတ္တမ၊ ပင်လယ်သွားဆေးရုံရေယာဉ် သံလွင်နှင့် စစ်ရေယာဉ် ဆင်ဖြူရှင်တို့ဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ ၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းကာ ပြည်ပရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲ၊ ဒုက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ကောင်စစ်ဆိုင်ရာ အကူအညီများ ပေးအပ်လျက် ရှိပါ သည်။
    ယင်းသို့ ဆောင်ရွက်ရာတွင် မလေးရှားနိုင်ငံ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေသည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ နှစ်နိုင်ငံအစိုးရများအကြား ညှိနှိုင်းကာ လူသားချင်း စာနာထောက်ထားမှုအရ မြန်မာ့တပ်မတော်ရေ ယာဉ်များဖြင့် ပြန်လည်ခေါ် ဆောင်ပေးခဲ့ပါသည်။
    ထို့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်အထိ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား မှန်ကန်ကြောင်းစိစစ်ပြီးသူ ၈၀၄၁ ဦးကို လေယာဉ်ဖြင့် အပတ်စဉ် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပါသည်။
    ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများအနက် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ စုစုပေါင်း ၁၉၀၅ ဦးကို တပ်မတော်လေယာဉ်၊ စင်ကာပူလေယာဉ်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) နှင့် AirAsiaလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပါသည်။
    အိန္ဒိယရေပိုင်နက်အတွင်း တရားမဝင်ဝင် ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့တွင် ထိန်းသိမ်းခံခဲ့ရသည့် မြန်မာရေလုပ်သား ၂၆ ဦးကိုလည်း ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပါသည်။ နောင်တွင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာပါက သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်း ပို့နိုင်ပြီး မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန် လည်ရောက်ရှိနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါသည်"ဆိုသည့် သတင်းက ပြည်ပတွင် အခက်အခဲဒုက္ခများ ကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများ ကို ယခုမှ ပြန်ခေါ်ခြင်းလည်းမဟုတ်၊ နည်းလမ်းပေါင်းမျိုးစုံဖြင့် ကူညီကယ်ဆယ်ဖေးမခဲ့သည်ကို တွေ့နိုင် ပါသည်။ 
    ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပြောချင်သည်က တော်လှန်ရေးဘက်အခြမ်းက လူများသည် သူတို့ဘ၀ လမ်းဆုံးရောက်နေသကဲ့သို့ အခြားသူတို့ကိုလည်း လမ်းဆုံးရောက်စေချင်နေလေသည်။ ထို့ကြောင့်  ပြည်ပတွင် ဒုက္ခရောက်နေရာမှ ပြည်တွင်းသို့ ပျော်ပျော်ရွှင်ရွှင်ပြန်ပေါင်းထုတ်သည့် မြင်ကွင်းမျိုးကို မြင်တွေ့နေရချိန်တွင် အထက်တွင် ဆိုခဲ့သည့် LGBT ကဲ့သို့တော် လှန်ရေးတွင် ရေတိမ်ရော၊ ရေနက်ပါ ခေါင်းမဖော်နိုင်အောင် ဒုက္ခရောက်နေသူတို့က မနာလိုခြင်းများစွာ ဖြစ်နေကြလေသည်။ တော်လှန်ရေးဘက်အခြမ်းက အသည်းအနာဆုံး မြင်ကွင်းမျိုးက ပြည်ပတွင်ဒုက္ခရောက် နေသူများသည် စစ်ရေယာဉ်ဖြင့် လာရောက်ကြိုဆိုသည့်အချိန် စစ်ရေယာဉ်ပေါ်သို့ တက်ရောက်ကာ မြန်မာနိုင်ငံ အလံကို နမ်းရှုပ်နေသည့် ပျော်ရွှင်ခြင်းဇာတ်ပေါင်းခန်း မြင်ကွင်းမျိုးကို တော်လှန်ရေးဘက်အခြမ်းကလူတို့ ရင်နာနေကြခြင်းပင် ဖြစ်သည်။

အိမ်ပြန်ကြသူများကို အားကျနေသည့် PDF များ
    ပျော်ရွှင်ခြင်းဇာတ်ပေါင်းခန်းက ဝမ်းသာမျက်ရည်ဖြင့် ကြည်နူးကြရသည်။ ထိုမြင်ကွင်းမျိုးကို ကြည့်ပြီး အချို့သော လက်နက်ကိုင် PDF အချို့က ဒေါသထွက်နေကြလေသည်။ သည်တစ်ခါထွက်သည့် ဒေါသက သူတို့ကို မျှော်လင့်ချက် အမှားများ၊ ယုံကြည်ချက်အမှားများဖြင့် လက်နက်ကိုင်လမ်းစဉ်ကို အရောက်ပို့ခဲ့သည့် လုပ်စားနိုင်ငံရေးသမားများနှင့် ပြည်ပသို့ထွက်ပြေးသွားသည့် တော်လှန်ရေးသမား ကြီးများကို ဒေါသထွက်နေကြ ခြင်းပင်ဖြစ်သည်။ အိမ်ပြန်ကြသူများ၏ မြင်ကွင်းကိုကြည့် ပြီး ငါးနှစ်ကျော်၊ ခြောက်နှစ်ခန့် လက်နက်ကိုင်လာသည့် PDF လက်နက်ကိုင်အချို့သည်လည်း သူတို့အိမ်ပြန်ချိန်ကို မျှော်လင့်နေကြသည်။ သည်တစ်ခါ မျှော်လင့်နေသည့် မျှော်လင့်ချက်က တော်လှန်ရေး မပြီးစေချင် သေးသည့်လုပ်စားတော်လှန်ရေးသမားများကို အားလုံးက မုန်းနေ ကြောင်း မြေပြင်ကအိမ်ပြန်ချင်သည့် PDF များက ပြောလာလေသည်။ "ကျွန်တော်တို့ တော်လှန်ရေးသမားတွေက ဒါအကုန်ပဲနော်။ ထပ်တိုး လာဖို့ မရှိတော့ဘူး။ တော်လှန်ရေးအစတုန်းကလို တော်လှန်ရေးအင်အားစုတွေ အလုံးအရင်းနဲ့ဝင်လာဖို့ မမြင်တော့ဘူး။ ဒါအကုန်ပဲ။ ရှိတဲ့အင်အားနဲ့ ကျွန်တော်တို့စုစည်းပြီးတော့ မလုပ်နိုင်ရင် ကျွန်တော်တို့ လူငယ်တွေရဲ့ အိမ်အပြန်ခရီးက နောက်ကျနေဦးမှာ။ အချင်းချင်းဆို ပြောရဦးမယ်။ အဲဒီအချင်းချင်းဆိုတဲ့ ကောင်တွေကပဲ စကားအမှားမခံတာ။ စကားလေးမှားလိုက်တာနဲ့ တော်လှန်ရေးသမားအချင်းချင်း သတ် မယ်ဖြတ်မယ်နဲ့။ ဒါလား အချင်းချင်း။ ဒီလို စည်းလုံးမှုမရှိဘူး၊ ဗိုလ်လုနေလို့ကတော့ ရှင်းတယ်။ လူငယ်တွေရဲ့ အိမ်ပြန်ခရီးက နောက်ကျနေဦးမှာပဲ။လူငယ် တွေကအိမ်ပြန်ချင်နေပြီ။ တချို့ကောင်တွေက သာ တော်လှန်ရေး မပြီးစေချင်သေးဘူးဗျ။ အဲဒီလိုကောင်တွေကို တည့်ရွံတာသိလား။ တော်လှန်ရေး မပြီးစေချင်သေးပါဘူး ဆိုတဲ့ခေါင်းဆောင်တွေ ရှိတယ်သိလား။ တော်လှန်ရေးကို မပြီးစေချင်ပါဘူးဆိုတဲ့ လူတချို့ရှိတယ်။ ပြောချင်တာက လူငယ်တွေက အိမ်ပြန်ချင်နေပြီ။ ဒီပုံစံအတိုင်းဆို လူငယ်တွေရဲ့ အိမ်ပြန်ခရီးက ဘယ်ဆီဘယ်ဝယ်နေမယ်မသိဘူး"ဟု PDF လူငယ်တစ်ယောက်က သူတို့၏မျှော်လင့်ချက်မဲ့နေသည့်အကြောင်း ရင်ဖွင့်ထားလေသည်။ 
    ထိုရင်ဖွင့်ထားသည့် ရုပ်သံအောက်တွင် အံ့သြစရာကောင်းသည်က လက်နက်ကိုင် PDF လူငယ်ပေါင်းများစွာက အိမ်ပြန်ချင်သည့်အကြောင်းများကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နေကြလေသည်။ ထိုလက် နက်ကိုင် PDF တို့သည် သေမထူး နေမထူးဘဝမှ အေးအေးချမ်းချမ်း ပြန်နိုင်မည့် လမ်းကို သိကြသူများ ဖြစ်သည်ဟု သူတို့၏ စကားသံများကို ကြည့်လျှင် သိနိုင်ပါသည်။                                             
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 50

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66545

© 2022 - 2026 News. All Rights Reserved.