Breaking

The Mask Revolution ပြိုင်ပွဲကြီး

၂၀၂၆ ၊ ဇူလိုင် ၂၄

    အသက်အရွယ်လေး ရလာတာပဲလား၊ ခေတ်စနစ် ပြောင်းသွားတာပဲလားမသိ ရုပ်မြင်သံကြားအစီအစဉ်တွေ မကြည့်ဖြစ်တာ ကြာပြီဖြစ် သည်။ ထူးမြတ်တို့ ငယ်ငယ်တုန်းကတော့ ခုလို ဖျော်ဖြေရေးကဏ္ဍတွေ သိပ်မထွန်းကားတော့ ရုပ်မြင်သံကြားကြည့်ရရေးက တို့အရေးဖြစ်သည်။ ရုပ်မြင်သံကြားက ဇာတ်လမ်းတွဲတွေ၊ TV ရှိုးအစီအစဉ်တွေဆိုတာက ငယ်ဘဝက မကြည့်လိုက်ရမှာ၊ လက်လွတ်သွားမှာ အကြောက်ရဆုံး အစီအစဉ်တွေ ဖြစ်သည်။ ဇာတ်လမ်းတွဲ အပိုင်းတိုလေးတစ်ပိုင်း လက်လွတ်သွားရင် မနက်ကျောင်းသွားတက်တဲ့အခါ ပြောစရာစကားနတ္ထိ၊ သူငယ်ချင်းတွေပြောတာ နားထောင်ရမည်ဖြစ်သည်။
    ကလေးဘဝက ကြည့်ခဲ့ရသည့် ဇာတ်လမ်းတွဲတွေကို အခုထိမှတ်မိနေသည်။ နောက်ပြီး ထူးမြတ်တို့ ငယ်ဘဝက ကြိုက်နှစ်သက်ခဲ့ရသည်က TV ရှိုးအစီအစဉ် တစ်ခုဖြစ်သော 'ဆိုကြမယ်၊ ပျော်ကြမယ်' ဟူသော အစီအစဉ်ဖြစ်သည်။ အဆိုတော် ဖြစ်ချင်ကြသော လူငယ်တွေအ တွက် ပြုစုပျိုးထောင်ပေးသော အစီအစဉ်ဖြစ်ပြီး ယနေ့ခေတ်အဆိုပြိုင်ပွဲများ၏ ကနဦးခြေလှမ်းအစပြုခဲ့သော ပြိုင်ပွဲတစ်ပွဲဆိုရင်လည်း မမှားနိုင်ချေ။ ယနေ့ခေတ်ကာလ သားသမီးတွေကတော့ လူမှုကွန်ရက် ပလက်ဖောင်းမျိုးစုံက ဖျော်ဖြေ ရေးကဏ္ဍပေါင်းစုံ မရိုးနိုင်ဘဲ ကြည့်လို့ရသည်။ ဖုန်းလေးတစ်လုံးရှိရုံဖြင့် အချိန်မရွေး၊ နေရာမရွေး ပြည်တွင်းပြည်ပ ဖျော်ဖြေရေးကဏ္ဍပေါင်းစုံ ကြည့်ရှုခံစားနိုင်သည်။ မိမိနှစ်သစ်ရာ ဖျော်ဖြေရေးကဏ္ဍပေါင်းစုံကို ဖုန်းလေးတစ်လုံး ရှိရုံဖြင့် ကြည့်ရှုနိုင်သည့် ခေတ်ဆိုတော့လည်း ယနေ့ခေတ် လူငယ်တွေကို ရုပ်သံထုတ်လွှင့်မှုကို ကြည့်ရှုမှုနည်းသွား ကြတာကတော့ တိုးတက်လာသော နည်းပညာခေတ်၏ ရိုက်ခတ်မှု ဖြစ်သည်။
    တိုးတက်လာသော နည်းပညာခေတ်တွင် ပြည်တွင်းရုပ်သံလိုင်းတွေကပါ လိုက်ပါတိုးတက်လာ ကြတာကိုတွေ့ရသည်။ အက်ပလီကေးရှင်းများ၊ အခြားနည်းပညာ ပလက်ဖောင်းများဖြင့် ရုပ်သံထုတ်လွှင့်မှုများကို လုပ်ဆောင်လာကြသည်ကိုလည်း တွေ့မြင်ရသည်။ ထားပါတော့လေ ပြောချင်တာ တစ်နေ့က အိမ်က ရင်နှစ်သည်းချာ သမီးတော်များ ကြည့်ရှုနေသည့် TV ရှိုးတစ်ခုအကြောင်း ပြောချင်တာ ဖြစ်သည်။ သူတို့ စိတ်ဝင်တစားကြည့်နေတော့ ကိုယ်လည်း အမှတ်တမဲ့ဝင်ကြည့်ဖြစ်ရင်း စိတ်ဝင်စားသွားသည်။ အခြားမဟုတ် ပုဂ္ဂလိက ရုပ်သံလိုင်းတစ်ခုမှ ထုတ်လွှင့်သည့် The Mask Singer ဆိုသည့်အစီအစဉ် ဖြစ်သည်။ ပြိုင်ပွဲဝင် အနုပညာရှင်တွေက ကြည့်ရှုသူပရိသတ်တွေ၊ ပြိုင်ပွဲကို အနီး ကပ်ကြည့်ရှုကာ မည်သည့် အနုပညာရှင်ဖြစ်ကြောင်း ထောက်လှမ်းရသည့် အနုပညာရှင် ဆယ်လီစုံထောက်တွေမသိအောင် မျက်နှာဖုံးကြီးတွေစွပ်ပြီး ပြိုင်ပွဲဝင်ကြတာ ဖြစ်သည်။ ဒီလိုဆိုတော့ ပရိသတ်ကလည်း အထူးစိတ်ဝင်စားကြပြီး တစ်ပတ်တစ်ပတ် မျက်နှာဖုံးနောက်ကွယ်က အနုပညာရှင် ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ကြသည့် အစီအစဉ်တစ်ခု ဖြစ်လာသည်။ ဆယ်လီစုံထောက်တွေကလည်း ခန့်မှန်း၊ ပရိသတ်တွေကလည်း ခန့်မှန်းကြရင်း မျက်နှာဖုံးတွေ တစ်ယောက်ပြီး တစ်ယောက်ချွတ်ပြကြရင်း ပရိသတ်ကို ပြိုင်ပွဲအဆုံးထိ ကြည့်ရှုရန် ဆွဲခေါ်နိုင်သည့်အစီအစဉ် ဖြစ်လေသည်။
    The Mask Singer  လို အစီအစဉ်မျိုးကို တစ်ကမ္ဘာလုံးက နိုင်ငံအတော်များများ ထုတ်လွှင့်နေသည်ဟုလည်း သိရသည်။ ဒီလိုဆိုတော့ ပြိုင်ပွဲအကြောင်း တီးခေါက်ကြည့်မိသည်။ အတော်လေး တာဝန်ကြီးပြီး သိုသိုသိပ်သိပ် လုပ်ရသည့် ပြိုင်ပွဲဟု သိရသည်။ ပြိုင်ပွဲကို ဦးဆောင်ကျင်းပသည့် အဖွဲ့အစည်းက မျက်နှာဖုံးနောက်ကွယ်ကနေ ပါဝင်ယှဉ်ပြိုင်မည့် အနုပညာရှင်တွေကို တိုးတိုးတိတ်တိတ် ဆက်သွယ်ကြရသည် ဟုဆိုသည်။ ပြီးရင် ပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းတွေနှင့် ထိုက်သင့်သည့် အနုပညာကြေးဖြင့် စာချုပ်တွေ ချုပ်ဆိုရသည်။ ကာယကံရှင် အနုပညာရှင်ကလည်း ကိုယ်တိုင်ကလွဲ၍ ပြိုင်ပွဲဝင်တာတောင် မိသားစု၊ ပတ်ဝန်းကျင် မသိအောင် ဖုံးဖိထားရသည်။ အတော်လေး အနေအထိုင်ပိရိပြီး လူမရိပ်မိအောင် နေရသည်။ ဒီကြားထဲ အလိုက်ကန်းဆိုးမသိ သည့်မီဒီဟာတွေက ဘယ်မျက်နှာဖုံးနောက်ကွယ်က အနုပညာရှင်က  ဘယ်သူလဲဆိုပြီး မေးကြမြန်းကြတာမျိုးကိုလည်း ရှောင်ကြရှားကြရပြန်သည်။ စာချုပ်ထဲမှာ ပြိုင်ပွဲအကြောင်း ထုတ်ဖော်ပြောဆိုပါက လျော် ကြေးပြန် ပေးရသည်ဟုလည်း ထည့်သွင်းထားသည်ဟု သိရသည်။ ဒီလိုဆိုတော့ စပ်စုစိန် မီဒီယာတွေနဲ့တွေ့ပြီး ထိပ်တိုက်အင်တာဗျူးရလျှင် ခပ်တည်တည်နဲ့ ငြင်းလွှတ်ရသေးသည်။ ဟိုတလောက ဝါရင့်မင်းသားကြီးတစ်ယောက် မျက်နှာဖုံးနောက်ကွယ်က အနုပညာရှင်မှာ သူမဟုတ်ကြောင်း မီဒီယာတွေကို ခပ်တည်တည်နဲ့ငြင်းတာ တွေ့မိသေးသည်။ နောက်တော့လည်း အားလုံး ခန့်မှန်းထားသလို ထိုမင်းသားကြီးက မျက်နှာဖုံး နောက်ကွယ်က အနုပညာရှင် ဖြစ်သွား သည်။ ဒီတော့မှ ရယ်ကျဲကျဲဖြင့် အနုပညာမီဒီယာတွေနဲ့ အင်တာဗျူး ပြန်ဖြေသည်။
    ဘယ်လိုပဲဖြစ်ဖြစ် ဆယ်လီစုံထောက်က မိခင်၊ မျက်နှာဖုံးနောက်ကွယ်က အနုပညာရှင်က သမီးဖြစ်နေတာတောင် မရိပ်မိသည် အထိ အင်မတန်ပိရိလှသော ပြိုင်ပွဲဖြစ်တာကြောင့် ပရိသတ်စိတ်ဝင်စားတာကလည်း မဆန်းပေ။ ပြိုင်ပွဲစီစဉ်သူတွေနဲ့ ပါဝင်ယှဉ်ပြိုင်ကြသော အနုပညာရှင်တွေကို ချီးကျူးဂုဏ်ပြုလိုပါသည်။ ထိုပြိုင်ပွဲလေးကြည့်ပြီး တွေးမိသည်က တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ အကြောင်းပင်ဖြစ်သည်။ အင်မတန် ပိရိလှသော သရုပ်ဆောင်မှု အကြောင်းများပင် ဖြစ်သည်။
    နွေဦးကာလ မြူထစဉ်ကတော့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ လက်သီးလက်မောင်း တန်းပြီး တော်လှန်ရေးပရိသတ်တွေရှေ့မှောက် အသုံးတော်ခံပြီး လက်ခုပ်သံချူကြ၊ ယူကြလေသည်။ ခုတော့လည်း တော်လှန်ရေးမျက်နှာဖုံး နောက်ကွယ်ကနေ မျက်နှာဖုံးကြီး တွေခွာချပြီး တစ်ယောက်ပြီးတစ်ယောက် ပြိုင်ပွဲကထွက် ခွာသွားလိုက်ပုံများ ထူးမြတ်တို့ တော်လှန်ပရိသတ်တွေ ဟာခနဲ ဟင်ခနဲ ဖြစ်ရသည်အထိပင် ဖြစ်သည်။ The Mask Revolution  ပြိုင်ပွဲကြီးဟုပင် တင်စားရမည် ဖြစ်သည်။
    ဟုတ်တိပတ်တိ တော်လှန်ကြမည်ဟုဆိုကာ တော်လှန်ရေးမျက်နှာဖုံးတွေ အလုအယက်တပ်ကြသည်။ သွေးဆူနေတဲ့ တော်လှန်ပရိသတ်ကြီးကလည်း လက်ခုပ်လက်ဝါးတွေ ဝိုင်းတီးကြသည်။ တချို့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အချင်းချင်း မြွေမြွေချင်း ခြေမြင်ဆိုသလိုရှိကြပေမယ့် တော်လှန်ပြိုင်ပွဲစည်းကမ်းအရ တစ်ယောက်နဲ့တစ်ယောက်အကြောင်းတွေ မဖော်ကြဘဲ နှုတ်ဆိတ်နေကြသည်။
    ဤမျှ စည်းစည်းလုံးလုံး ရှိတာကြောင့် တော်လှန်ပရိသတ်တွေ မရိပ်မိကြတာ ဖြစ်သည်။ ဒီလို အခြေအနေမှာ မျက်နှာဖုံးတပ်ကြပြီး ရသလောက် အလှူခံကြတော့သည်။ ဒေါ်လာငွေကြေးလေးတွေ ပိုက်သင့်သလောက် ပိုက်မိပြီဆိုရင် တော်လှန်စုံထောက်တွေရဲ့အခန်းကဏ္ဍ ရောက်ရှိလာပြီ ဖြစ်သည်။ ဘယ်သူကတော့ အလှူခံလို့ရတဲ့ငွေတွေထဲက ဘယ်လောက်ခိုးတာ၊ ဘယ်တုန်းက အလှူခံလို့ရတဲ့ ငွေ တွေ ဘယ်ရောက်သွား လဲဆိုပြီး စုံစမ်းထောက်လှမ်းမှုတွေ ပြုကြသည်။ ဒီလိုဆိုရင် မျက်နှာဖုံးတွေ ချွတ်ချိန်တန်ပြီ ဖြစ်သည်။ ပြိုင်ပွဲစည်းကမ်းအရ အထုပ်နဲ့အထည်နဲ့ ပိုက်မိပြီး စာရင်းစစ်လို့ ပေါ်ပါက ပြန်မလျော်ရသေးခင် မျက်နှာဖုံးက ချွတ်ရတော့မည် ဖြစ်သည်။
    ဒီတော့ The Mask Revolution ပြိုင်ပွဲဝင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ တော်လှန်ရေးအတွက် ဘယ်လောက် ပေးဆပ်ခဲ့ရကြောင်း စာအရှည်ကြီး စတင်ရေးကြတော့သည်။ ပြီးရင် တော်လှန်ရေးမှာ ခုလို အယုံအကြည်မရှိရင် ဆက်တော်လှန်ရတာ အဆင်မပြေတော့ဘူးဆိုကာ တော်လှန်ရေးကနေ မျက်နှာဖုံး ခွာပြီး ခပ်တည်တည် အနားယူကြတော့သည်။ တော်လှန်ပရိသတ်တွေကလည်း ခုတစ်ခေါက် တော်လှန် မျက်နှာ ဖုံးချွတ်လိုက်တာ ဘယ်သူဆိုပြီး လက်ခုပ်တီးကာ အလှူငွေတွေကို ရေစက်ချအမျှဝေလိုက် ကြရတော့သည်။
    ပရိသတ်တွေ အသည်းစွဲ အားပေးကြသည့် The Mask Singer ပြိုင်ပွဲကြီးက အနုပညာရှင်တွေတောင်  'တော်လှန်ရေး မျက်နှာဖုံးစွပ်' တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ အနုပညာမြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကိုတော့ အရှုံးပေးရမလိုပင် ဖြစ်သည်။ The Mask Singer ပြိုင်ပွဲက အနုပညာရှင်တွေက လျော်ကြေးငွေကြောင့် မျက်နှာဖုံး ဖုံးထားပြီး ပရိသတ်တွေ ရိပ်မိပေမယ့် ခပ်တည်တည် ငြင်းရသော်လည်း မျက်နှာဖုံးခွာချချိန်တွင် ပရိသတ်ကို အပြုံးလေးနဲ့ နှုတ်ဆက်လေ့ရှိသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေကတော့ ထိုသို့မဟုတ် တော်လှန်ပရိသတ်နဲ့ တော်လှန်စုံထောက်ကြီးတွေ ရိပ်မိတာတောင် ခပ်တည်တည်ပင်ဖြစ်သည်။ နောက်ဆုံး ခိုးထားဝှက်ထားတာတွေ ပေါ်ခါနီးမှ တော်လှန်ရေးမျက် နှာဖုံးတွေခွာ ချပြီး တော်လှန်ပရိသတ်ကို လှန်မပြရုံတမယ် ထွက်ခွာသွားကြလေတော့သည်။ ဒီလိုနှင့် The Mask Revolution ပြိုင်ပွဲကြီးက ပြိုင်ပွဲဝင်သူ သိပ်မကျန်တော့ချေ။
    ထူးမြတ်တို့ တော်လှန်ပရိသတ်တွေကတော့  ပြိုင်ပွဲကြီးကို အနီးကပ်ကြည့်ရင်း The Mask Singer  ပြိုင်ပွဲဝင်တွေ မျက်နှာဖုံးချွတ်ခါနီး ဆယ်လီစုံထောက် ကြီးတွေနဲ့ ပရိသတ်တွေ ဝိုင်းအော်ကြသလို ထိုင်သာ အော်နေလိုက်ချင်သည်။ မျက်နှာဖုံးချွတ်ခါနီး ဘယ်တော် လှန်ရေးခေါင်းဆောင်ကြီး ဖြစ်မလဲဆိုတာ သိချင်ဇောနဲ့ 'ဘယ်သူလဲ...ဘယ်သူလဲ...ဘယ်သူလဲ'ဟုသာ အော်ဟစ်အားပေးနေမည်သာ ဖြစ်သည်။   

ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )


Website
Facebook
Facebook
YouTube

TikTok
X(Twitter)
Telegram
Telegram
Viber
Mobile app

#trendnews
#trendnewsmedia
#myanmarnews
#news
#journal
#interview
#TrendNewsJournal
#WeeklyJournal
#NewsAndArticles
#KnowledgeUpdate
#Vol5No27

 

Total Views ~ 36

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63859

© 2022 - 2026 News. All Rights Reserved.