နေပြည်တော်၊ သြဂုတ် ၆
'ဝ'တပ်ဖွဲ့အနေဖြင့် နိုင်ငံတော်ကို မိဘကဲ့သို့ သဘောထားကြောင်း ပြည်ထောင်စုသမ္မတနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
သြဂုတ် ၄ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ 'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရ သစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်း ရေးရရှိရန်အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး မဖြစ်မနေ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ များအားလုံးကို ဖိတ်ခေါ်ဆွေးနွေးဆောင်ရွက်လျက်ရှိမှု၊ ထိုသို့ ဖိတ်ခေါ်ဆွေးနွေး ဆောင်ရွက်ချိန်တွင် 'ဝ'ပြည် သွေးစည်းညီ ညွတ်ရေးပါတီ (UWSP) မှ ယခုကဲ့သို့ လာရောက်တွေ့ဆုံခဲ့ခြင်းသည် နိုင်ငံတော်၏ အနာဂတ်အတွက် ကောင်းမွန်သည့် လုပ်ဆောင် ချက်ဖြစ်မှု၊ ၁၉၈၉ ခုနှစ်တွင် တပ်မတော်နှင့် 'ဝ'အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေး နိုင်ခဲ့မှုအခြေအနေ၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ လိုလားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၅၀(စ)နှင့်အညီ ဦးတည်လျှောက်လှမ်း ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထို့အပြင် (UWSP) 'ဝ'အဖွဲ့အနေ ဖြင့် နိုင်ငံတော်ကို မိဘကဲ့သို့ သဘောထားမှုနှင့် မိဘဖြစ်သည့် နိုင်ငံတော်၏ စောင့်ရှောက်မှုအောက်တွင် မိမိတို့သားသမီးများက မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းလုပ်ဆောင်ရန် ခံယူချက်ထားဆောင်ရွက်နေမှု၊ 'ဝ'ဒေသအတွင်း ပညာရေးကဏ္ဍ တိုးတက်ရေး၊ ဆရာ ဆရာမများနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးကဏ္ဍ တိုးတက်ရေး ဆေးရုံများ အဆင့်မြှင့်တင်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းဆောင် ရွက်ပေးခြင်းနှင့် လမ်းပန်းဆက်သွယ်မှုကဏ္ဍများ ပိုမို ဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာစေရေး ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည့် အခြေ အနေများ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်အနေဖြင့် နိုင်ငံတစ်ဝန်း အွန်လိုင်း ငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အပြီးတိုင် ချုပ်ငြိမ်းပပျောက်စေရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိသကဲ့သို့ UWSP 'ဝ'အဖွဲ့အနေဖြင့်လည်း ဒေသအတွင်း အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို ဖိဖိစီးစီးကြပ် မတ်နှိမ်နင်း ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေ အနေနှင့် 'ဝ'ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတ ဦးညိုစော၊ အမျိုးသား စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်တို့ တက်ရောက်ကြပြီး 'ဝ'ပြည်သွေး စည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယ ဥက္ကဋ္ဌနှင့်အတူ ဒုတိအထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်းနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။ ထူးမြတ်