Breaking

ကရင်ပြည်နယ် လှိုင်းဘွဲ့နှင့် မြိုင်ကြီးငူရှိ အခြေခံပညာကျောင်းများတွင် ပြင်ပမှ ဆရာ၊ ဆရာမ ငှားရမ်းသင်ကြားနေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြော

နေပြည်တော်၊ ဇူလိုင် ၂
    ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နှင့် မြိုင်ကြီးငူဒေသရှိ အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမ အလုံအလောက်မရှိ၍ ပြင်ပမှ ငှားရမ်းသင်ကြားနေရကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစောမြက ပြောသည်။ 
    "ပညာရေးနဲ့ပတ်သက်လို့ တချို့ကျောင်းတွေမှာ ဆရာ၊ဆရာမတွေငှားပြီး သင်နေရတယ်။ ငှားတယ်ဆိုတာ အရပ်ထဲက လူတွေ ငှားနေရတာများတော့ မိဘတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်။ လှိုင်းဘွဲ့ မြို့နယ်ဆိုရင် ရွာတိုင်းလိုလိုပဲ မငှားတဲ့ရွာ တစ်ရွာမှ မရှိဘူး။ ဆရာ၊ ဆရာမတွေက ကင်းကွာဆိုပြီး နေတဲ့သူတွေလည်းရှိသေးတယ်။ သူတို့ရဲ့ ဝင်ငွေပြဿနာ ဖြေရှင်းဖို့အတွက်ကို အခြားနည်းလမ်းနဲ့ လုပ်ကြတယ်။ ဘယ်မှတော့ မသွားဘူး။ ရှိကြတယ်။ ဆရာ ဆရာမ ငှားသင်ရတယ်ဆိုတာ စာသင်ပြနိုင်တာ၊ မသင်ပြနိုင်တာ စဉ်းစားတဲ့အဆင့် မရောက်တော့ဘူး။ ကလေးတွေကို ထိန်းကျောင်းနိုင်လား၊ မထိန်း ကျောင်းနိုင်လားတော့ မသိဘူး။ လိုအပ်တယ်ဆိုတော့ ၁၀ တန်းမအောင်တဲ့ သူတွေရော၊ အောင်တဲ့သူ တွေရောခေါပြီး သုံးကြတယ်။ အောင်တဲ့သူတော့ များတယ်။ မြိုင်ကြီးငူမှာကို ဖြစ်နေတယ်။ ပျက်သွားတာက မူလတန်းပြတွေပေါ့။ အထက်တန်းပြကတော့ အလုံအလောက်ရှိတယ်။ ရွာခံတွေက များတာကိုး။ မော်လမြိုင်၊ ဘားအံ၊ မွန်ပြည်နယ်က လာတဲ့သူတွေကတော့ ပျော်ကြတယ်လို့ ပြောရမယ်။ မပြောင်းတော့ဘူး။ မဖွင့်နိုင်တဲ့ တချို့ကျောင်းတွေတော့ရှိတယ်။ ကလေးတွေကတော့ များတယ်။ ၂၀၂၀နောက်ပိုင်း ကလေးတွေကတော့ ခါးပြတ်သွားတယ်။ အခုကျတော့ KG / Grade (1) / Grade(2) ကလေးတွေများတယ်။ ကျောင်းသားတွေကတော့ များလာတယ်"ဟု ၎င်းကပြောသည်။ 
    ပြင်ပမှ ကျောင်းဆရာဆရာမငှားရမ်းရာတွင် ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံ၍ စုပေါင်းပေးရခြင်းကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း နန်းစောမြက ပြောသည်။ 
    "ဆရာ ဆရာမငှားရတယ်ဆိုတာ ပြီးခဲ့တဲ့နှစ်ကတော့ တစ်နှစ်စာလုံးအတွက် ငွေကြေးကောက်လိုက်တယ်။ ကလေးများရင်များသလို တစ်ဦးကို သောင်းဂဏန်းပေါ့။ သိန်းဂဏန်းတော့ မရှိဘူး။ အခုငှား တဲ့လူတွေက သင်တန်းလည်းရှိတာ မဟုတ်ဘူး။ အဲဒါကို အထက်တန်းပြ လစာထက်တောင် မြင့်နေသေး တယ်။ ကျွန်မပညာရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ပြီးခဲ့တဲ့ တစ်ခေါက်က မေးခွန်း မမေးသေးဘူး။ လာမယ့်တစ်ကြိမ်မှာ ပြင်ဆင်ထားတယ်။ တကယ်တော့ ကျောင်း ဆရာ ဆရာမက ဘယ်ကျောင်းမှ အလုံအလောက် မရှိဘူး။ မေးရင်တော့ ပြည်နယ်တစ်ခုလုံး ခြုံငုံတဲ့ မေးခွန်းကိုပဲ မေးမှာပါ"ဟု ၎င်းက ပြောသည်။ 
    လှိုင်းဘွဲ့မြို့နယ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ပျမ်းမျှ ၃၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.