ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းသည် အကြီးမားဆုံးစိန်ခေါ်မှုဟု သမ္မတပြော

နေပြည်တော်၊ ဇူလိုင် ၉
    နိုင်ငံဖွံ့ဖြိုးရေးတွင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုသည် အရေးကြီးပြီး နိုင်ငံအတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ ကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်းပင်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
    ဇူလိုင် ၇ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
    နိုင်ငံတော်သမ္မတက "နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရ၏ တာဝန်ဖြစ်ပြီး မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုလည်း လိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်ယူ ဆောင်ရွက်သည်မှာ သုံးလတာကာလအတွင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဖွဲ့စည်းထားသည့် ကော်မတီများ၊ ကော်မရှင်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများတိုး တက်မှုအခြေအနေများကို လစဉ်ဆန်းစစ်သုံး သပ်ဆောင်ရွက်ရန်"ထည့်သွင်း ပြောကြားသည်။
    ထို့အပြင် ကုန်ဈေးနှုန်းများကြီးမြင့်မှု ဖြစ်ပေါ်ရခြင်းမှာလည်း ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းများကြောင့်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုစရိတ်ကြီးမြင့်ရခြင်းသည်လည်း ငွေကြေးတန်ဖိုးပြောင်းလဲမှုများကြောင့်ဖြစ်သည့် အကျိုး ဆက်များ ကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားစေရေးအတွက် ဆောင်ရွက်ရန်မဖြစ်မနေ လိုအပ် ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ တိုးတက်များပြားလာမှသာ ပို့ကုန်ပစ္စည်းများရရှိပြီး ထိုမှတစ်ဆင့် ရရှိ သည့် နိုင်ငံခြားငွေများဖြင့် သွင်းကုန်များကို တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဝင်ငွေနှင့်ထွက်ငွေ မျှတနေမှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများ မြင့်မားလာစေရေး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။
    ဆက်လက်၍ ပို့ကုန်များအရေအတွက်များများ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း စိုက်ပျိုးရေး ပို့ကုန်များ ပြည်ပသို့ တင်ပို့နိုင်မှု လျော့နည်းခဲ့ကြောင်း၊ အဓိက သီးနှံဖြစ်သည့် ဆန်တင်ပို့မှု လျော့နည်းခဲ့သကဲ့သို့ အခြားစိုက်ပျိုးသီးနှံအချို့ တင်ပို့နိုင်မှု လျော့နည်းခဲ့ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးပို့ကုန်များ အရေအ တွက်များများ ထုတ်လုပ်တင်ပို့နိုင်ရေး ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးရေး ကုန် ထုတ်လုပ်ငန်းများတွင် ပိုမိုပါဝင်ရင်းနှီး မြှုပ်နှံဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံ၏ အဓိက ပို့ကုန်သီးနှံဖြစ်သည့် ဆန်တင်ပို့မှုကို ပိုမိုထုတ်လုပ်တင်ပို့နိုင်ရန်လိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထူးမြတ်

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63563

© 2022 - 2026 News. All Rights Reserved.