ရန်ကုန်၊ ဇူလိုင် ၂၃
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ကြက်ဥဈေးနှုန်းများ တည်ငြိမ်ရေးအတွက် ဖြန့်ဖြူးရောင်းချသူများနှင့် ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"လက်ရှိဆောင်ရွက်နေဆဲ အများပြည်သူအတွက် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး အစီအမံတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို ထုတ်ကုန်တွေ တည်ငြိမ်စွာနဲ့ ထုတ်လုပ်ပေးနိုင်ဖို့အတွက်လည်း ကုန်စည်ကွင်းဆက် တစ်လျှောက်လုံးမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ စပ်လျဉ်းပြီး အဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာအသင်းတွေ ပေါင်းစပ်ညှိနှိုင်းပြီး ဖြေရှင်းဆောင်ရွက်တာ၊ သက်ဆိုင်ရာသို့ အစီရင်ခံ တင်ပြတာတွေကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ပြောကြားသည်။
ကာကွယ်ဆေးနှင့်အစာကုန်ကြမ်းသွင်းအားစု လိုအပ်ချက် အခြေအနေများကြောင့် လတ်တလော ဈေးကွက်အတွင်း ရောင်းချသည့် ကြက်ဥဈေးနှုန်းတချို့ပြောင်းလဲလာကြောင်း သိရသည်။
မွေးမြူရေးထုတ်ကုန်များ၏ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာမှု အခြေအနေများနှင့်အတူ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ရောဂါကျရောက် ဖြစ်ပွားမှုများကြောင့် ကြက်ဥထုတ်လုပ်မှု လျော့နည်း ကျဆင်းလာသည့် အခြေအနေများ ရှိခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ Supply လျော့ကျလာ ခြင်းကြောင့် ဈေးနှုန်းပြောင်းလဲလာမှု အခြေအနေများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှလည်း ဆွေးနွေး သုံးသပ်ပြောကြားထားသည်။
အဆိုပါ အခြေအနေများတွင် ကြက်ဥဈေးနှုန်းမြင့်တက်ခြင်း မရှိစေရေးအတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် သက်ဆိုင်ရာအစုအဖွဲ့မှ ကြက်ဥ ဖြန့်ဖြူးရောင်းချသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ကြက်မွေးမြူရေး ကဏ္ဍတစ်ခုလုံး၏ အခြေအနေများကို သုံးသပ်ဆွေးနွေးနိုင်ရန် အတွက် မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းနှင့် အသင်းဝင်အစုအဖွဲ့များ၏ အစည်းအဝေးကိုလည်း မကြာမီ ခေါ်ယူကျင်းပသွားမည်ဖြစ်သည်။ PHYU