ဂျပန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံရန် သမ္မတဖိတ်ခေါ်

နေပြည်တော် ဇူလိုင် ၃၀
    ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးတွင် ယုံကြည်စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်လိုက်ပြီး ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ၏ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်အနေဖြင့် ကြိုဆိုလျက်ရှိပြီး လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
    ဇူလိုင် ၂၈ရက်က မြန်မာ-ဂျပန်  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်းနှင့် ဂျပန်နိုင်ငံ Ingo Peace တို့ ပူးပေါင်းကျင်းပသည့် မြန်မာ- ဂျပန် စီးပွားရေးဖိုရမ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
    နိုင်ငံတော်သမ္မတက ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုရှင်းလင်းခိုင်မာပြီး ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန်၊ လုပ်ထုံးလုပ်နည်းများကို လွယ်ကူချောမွေ့စေရေး ပြုပြင်ပြောင်းလဲရန်နှင့် သင့်တော်သည့်မူဝါဒဆိုင်ရာ ကူညီပံ့ပိုးမှုများပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင် အဓိကလိုအပ်သည့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို အလေးထား ဖိတ်ခေါ်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံ ကုန်ထုတ်လုပ်ငန်းများ၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှု လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်လိုကြောင်း ပြောကြားခဲ့သည်။
    ထို့အပြင် ရွေးကောက်ပွဲများအပြီး ထွက်ပေါ်လာသည့် အစိုးရသစ်အနေဖြင့် နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရေးအတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဥပမာအားဖြင့် လျှပ်စစ်သုံးမော် တော်ယာဉ်(EV)များ တိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်ခွန်နှုန်းထားများကိုလည်း လျှော့ချပေးလျက်ရှိကြောင်း၊ အထူးသဖြင့် စည်းမျဉ်းလုပ်ထုံးလုပ်နည်းများကို ပြန်လည်ဆန်းစစ်ပြီး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူမြန်ဆန်အောင် ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိရာ  မြန်မာဒစ်ဂျစ်တယ် လမ်းပြမြေပုံ ၂၀၃၀ ကို  ရေးဆွဲဖော်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း ရာသီဥတုကောင်းသည့် တောင်ပေါ်ဒေသတွင် မြေဧရိယာ ဧက ၁၀၀၀၀ ခန့် ကျယ်ဝန်းသည့် ရတနာပုံဆိုက် ဘာစီးတီးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စိတ်ပါဝင်စားသည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း ထည့်သွင်းပြောကြားသည်။
    မြန်မာနိုင်ငံ၏ သဘာဝအရင်းအ မြစ်၊ စိုက်ပျိုးရေးနှင့် လူငယ်အင်အား၊ လုပ်သားအင်အားစသည့် အားသာချက်များကို ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှု အတွေ့အကြုံ၊ နည်းပညာ စသည်တို့နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုး ရှိစေမည့်(Win-Win)စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း သမ္မတက ဆက်လက်ပြောကြားသည်။
    ဆက်လက်၍ သမ္မတက နှစ်နိုင်ငံကုန်သွယ်မှု ကိန်းဂဏန်းအချက်အလက်များကို ကြည့်ပါက မြန်မာ-ဂျပန် နှစ်နိုင်ငံကုန်သွယ်မှု (Bilateral Trade) ပမာဏသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းကုန် သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၃၄ ဒသမ ၇၉၅ သန်း၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၉၄ ဒသမ ၃၉၄ သန်းနှင့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၄၃ ဒသမ ၆၆၅ သန်းဖြင့် တိုးတက်လျက်ကြောင်း၊ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ ဂျပန် နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၅၈ ဒသမ ၅၈ သန်းရှိခဲ့ပြီး ဂျပန်နိုင်ငံမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၈၁ သန်း တင်သွင်းခဲ့ကြောင်း၊ ၂၀၂၄ -၂၅ ဘဏ္ဍာရေးနှစ်တွင် နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၉၄ ဒသမ ၃၉၄ သန်းရှိခဲ့ကြောင်း ပြောကြားသည်။ သီလဝါအထူးစီးပွားရေး ဇုန်တွင်  ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအထိ ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံ ၂၁ နိုင်ငံနှင့် မြန်မာ နိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၁၂၆ ခုကို ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုပေးထားပြီး စုစုပေါင်းအနေဖြင့် အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထား ကြောင်း ဖြည့်စွက်ပြောကြားသည်။
    ရင်းနှီးမြှုပ်နှံမှု အချက်အလက်များအရ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ကိုးနိုင်ငံမြောက် ရင်းနှီး မြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ  အမေရိကန်ဒေါ်လာ ၁၈၆၉ ဒသမ ၀၅၆ သန်းတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၇ ခု လာရောက် ရင်းနှီးမြှုပ်နှံကိုင် လျက်ရှိကာ မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီပေါင်း ၃၀၀ ခန့် လုပ်ငန်းများလည်ပတ်လျက်ရှိပြီး ဂျပန်နိုင်ငံသား ၁၅၀၀ ကျော် လာ ရောက်နေထိုင်လျက် ရှိသည်။ ထူးမြတ်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64434

© 2022 - 2026 News. All Rights Reserved.