ငွေပေးကတ်စက် အသုံးပြုမရအောင် ပြုလုပ်ထားသည့် YBS ယာဉ်လိုင်းများ တိုင်ကြားမှု ပြုလုပ်သွားနိုင်

ရန်ကုန် ၊ ဇူလိုင် ၂
    YBS ယာဉ်လိုင်းများတွင် ယာဉ်စီးနင်းသူအများပြည်သူ အသုံးပြုမရအောင် ငွေပေးကတ်စက်များ ပိတ်ပင်ပြုလုပ်ထား ခြင်းများရှိပါက တိုင်ကြားမှုများ ပြုလုပ်သွားနိုင်ကြောင်း သိရသည်။
    "YBS ယာဉ်လိုင်းတွေပေါ်မှာ ခရီးသွားပြည်သူတွေ အဆင်ပြေစွာ သွားလာနိုင်ဖို့ ငွေဖြည့်ကတ်စက်တွေ တပ်ဆင်ပေးထားပါတယ်။ ငွေပေးကတ်စက်တွေမှာ Online ဆက်သွယ်မှုနဲ့ စက်ချို့ယွင်းချက် ဖြစ်‌ပေါ်ခြင်းမှအပ ခရီးသွားပြည်သူအများ အသုံးပြုခွင့်မရအောင် ပြုမူပြောဆိုဆောင်ရွက်တာတွေ ကြုံတွေ့လာတယ်ဆိုရင် တိုင်ကြားမှုတွေပြုလုပ်သွားနိုင်ပါတယ်"ဟု ခေတ်သစ်ဘုရင့်နောင် အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ခေတ်သစ်ဘုရင့်နောင်ယာဉ်များသာမကဘဲ တခြားသော YBS ယာဉ်လိုင်းများပေါ်၌ ငွေပေးကတ် စက်များ၊ အသုံးပြုမရအောင် ပြုလုပ်ထားပါက တိုင်ကြားသွားနိုင်ကြောင်း သိရသည်။
    ၎င်းကဲ့သို့ အကြောင်းအရာနှင့် ပတ်သက်၍ YRTC နှင့် သက်ဆိုင်ရာကုမ္ပဏီများမှလည်း အဆိုပါယာဉ်များ၏ ယာဉ်မောင်းများကို အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
    ယခုလို ကိစ္စရပ်များ ဖြစ်ပေါ်လာပါက YBS မည်သည့်ယာဉ်လိုင်းမှမဆို ခရီးသွားပြည်သူများအနေဖြင့် အသုံးပြုခွင့်မရအောင် လုပ်ဆောင်ထားသည့်ယာဉ်၏ ယာဉ်လိုင်းနံပါတ်၊ ယာဉ်နံပါတ်များနှင့် အတူ တိုင်ကြားသွားနိုင်ကြောင်း သိရသည်။
    တိုင်ကြားခြင်းများကို YRTC နှင့် ယာဉ်လိုင်းကုမ္ပဏီများမှ တိုက်ရိုက်ဖြစ်စေ၊ အများပြည်သူများ သိရှိနိုင်ရန် YBS လမ်းညွှန် Group များမှတစ်ဆင့်ဖြစ်စေ အကြံပြုရေးသားပေးပို့ခြင်းများ ပြုလုပ်သွားနိုင် ကြောင်း ခေတ်သစ်ဘုရင့်နောင်ယာဉ်လိုင်း၏ တာဝန်ရှိသူတစ်ဦးက ဆက်လက်အသိပေး ပြောကြားထားသည်။ PHYU

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63356

© 2022 - 2026 News. All Rights Reserved.