တစ်နေ့လျှင် ရွှေတစ်ပိဿာကျော် ထွက်ရှိသည့် မကွေးနှင့်မင်းလှကြား မြစ်ကြောင်းအတွင်း ပွဲတော်ကြီးဖြစ်နေကြောင်း တ.စ.ညပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပြော

နေပြည်တော်၊ မေ ၇
    မကွေးနှင့် မင်းလှကြား မြစ်ကြောင်းအတွင်း သဲ၊ ကျောက်ထုတ်သည့် လုပ်ငန်းများကို ဗန်းပြ၍ ရွှေကျင်သည့် လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် မြစ်ကြောင်းပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး လူနေအိမ်၊ စိုက်ခင်းများ ထိခိုက်ပျက်စီးနေကြောင်း မကွေးတိုင်းဒေသကြီး မင်းလှမဲဆန္ဒနယ် တ.စ.ညပါတီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဆွေက ပြောသည်။ 
    "ကျောက်ထုတ်ရင်း ရွှေလည်း ကျင်ကြတယ်။ အဲဒါတွေလည်း မြစ်ကြောင်းတွေ ပျက်စီးတယ်။ နိုင်ငံတော် အဆင့်ထိမပေါက်ဘူး။ နားလည်မှုတွေနဲ့ လုပ်နေကြတာ။ အဲဒါက မကွေးမြို့နယ်နဲ့ မင်းလှမြို့နယ် အစပ်မှာရှိတယ်။ သပြေတော၊ ပေတော၊ ကိုင်းရွာ အဲဒီဘက်က မင်းလှမြို့နယ် တော်တော်များများတော့ မင်းလှမြို့နယ်ထဲမှာ လုပ်နေကြတာ။ မြစ်ကမ်းပါးတွေ ပြိုတော့ ပြည်သူတွေ စိုးရိမ်ကြ တယ်။ မြစ်ကြောင်းထဲမှာ သဲကျောက်ထုတ်တယ်။ ရွှေလည်းကျင်တယ်။ တရားမဝင်မို့လို့ ခဏခဏဖမ်း တယ်။ မင်းလှတရားရုံးမှာ အစီးရေ ၂၀၊ ၃၀ ဒဏ်ကြေးလာ ဆောင်တာရှိတယ်။ ဖမ်းတာတွေရှိတယ်။ နောက်ပြီတော့ ပြန်လုပ်တာပါပဲ။ စက်လှေကြီးတွေနဲ့ လုပ်ကြတာ။ ကြည့်ရင်တော့ ကျောက်ထုတ်နေ တာပဲ။ ဒါပေမဲ့ မျှောပါတပ်ထားပြီးတော့ ရွှေကျင်တာ။ ကျောက်သဲလုပ်ငန်းကို အကြောင်းပြပြီးတော့ တကယ်တော့ ရွှေပဲ ကျင်နေကြတာ။ မြစ်ကြောင်း ပျက်စီးတာက အဲဒီကိစ္စတွေကြောင့် ဖြစ်နေတာ။ မြစ်ကမ်းတစ်လျှောက် ရွှေကျင်လို့ ပျက်စီးနေတဲ့နေရာတွေ အများကြီး ရှိတယ်။ ထိခိုက်မှု အများဆုံးက တော့ ကမ်းပါးတွေ ပြိုတော့ စိုက်ခင်းတွေပါ ပါသွားတယ်။ ကိုင်းတွေ စိုက်ကြတာ။ လူနေအိမ်တွေအတွက်လည်း စိုးရိမ်ရတယ်။ အဓိကတော့ မြစ်ကြောင်း ပျက်စီးတယ်။ စိုက်ခင်းတွေ ပျက်စီးတယ်။ လူနေအိမ်တွေ ထိခိုက်တယ်၊ မြစ် ကြောင်းအပြောင်းအလဲ ဖြစ်လာတော့ ကမ်းပါးထိန်းတဲ့ နံရံတွေ၊ ရေကာတာတွေက မလိုအပ်ဘဲ လုပ်ရတဲ့အထိ ဖြစ်သွားတာ။ မြစ်ကြောင်းကောလာတော့ ရေကြီးရေလျှံတာတွေလည်း ဖြစ်နိုင်တယ်"ဟု ၎င်းကပြောသည်။ 
    မကွေးနှင့် မင်းလှကြားရှိ သပြေတော၊ ပေတော၊ ကိုင်းရွာ အစရှိသည့် ကျေးရွာများအနီး ရွှေအမြောက်အမြားထွက်ရှိခြင်းကြောင့် လှေအစီးရေ ၁၈၀ခန့် သဲ၊ ကျောက် ထုတ်ခြင်းနှင့် ရွှေကျင်သည့် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဒေါ်ခင်ဆွေကပြောသည်။ 
    "အခုဆိုရင် ဧရာဝတီ မြစ်ကူးတံတားတွေလည်း အများကြီးဖြစ်လာတယ်။ တံတား အောက်ခြေတွေမှာ အနည်တွေထိုင် လာတယ်။ မြစ်ကြောင်းကျဉ်းလာတယ်။ အခုဆိုရင် သောင်ထွန်းပြီး ကျွန်းတွေ ဖြစ်နေပြီ။ အဲဒီလုပ်ငန်းတွေက အရမ်းများတယ်။ လှေကြီးတွေ အစီးရေ ရာချီရှိတယ်။ ဒေသခံက အလုပ်သမားလောက်ပဲ ရှိတာ။ ကျန်တာက ငွေကြေး ရင်းနှီးနိုင်တဲ့သူတွေ လုပ်ကြတာ။ မလွန်တံတားကြီး အောက်မှာ မကွေးဘက်အခြမ်းက ရွှေထွက်တယ်။ ကိုင်းရွာ၊ သပြေတော၊ ပေတော ရွှေထွက်တယ်။ အခု ဒီဘက်ကို တိုးလာပြီး မလွန်ကျေးရွာနား ရောက်လာပြီ။ အဲဒီနားမှာ ရွာတွေအများကြီးရှိတယ်။ စာရင်း ဇယားက ပြလို့မရဘူး။ နိုင်ငံတော်က မသိဘူး။ တစ်နေ့ကို ရွှေက ပိဿာချီပြီး ထွက်နေတာ။ မော်တော်က ၁၈၀ လောက် ရှိတယ်။ ပွဲတော်ကြီး ဖြစ်နေတာ။ တစ်စီးကို တစ်ကျပ်သားပဲရဦး အစီးရေ တစ်ရာကျော်ဆိုတော့ တစ်ပိဿာကျော်မယ်"ဟု ၎င်းကပြောသည်။ 
    မြစ်ကြောင်းများ တိမ်ကောလာခြင်း၊ မြစ်ကမ်းပါးပြို၍ လူနေအိမ်နှင့် စိုက်ခင်းများ ထိခိုက်ပျက်စီးသည့် ကိစ္စရပ်များကို လွှတ်တော်အစည်း အဝေးများ ပြန်လည်စတင်ချိန်တွင် တင်ပြသွားရန် ရှိကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61982

© 2022 - 2026 News. All Rights Reserved.