ရန်ကုန်၊ ဇူလိုင် ၉
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ငှက်ပျောလျှော်နှင့် မြက်မှ ထုတ်လုပ်သော လက်မှုပစ္စည်းများအား လာမည့် သြဂုတ်လတွင် စတင်ပို့ဆောင်သွားနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
Green Banana Myanmar ၏ စွန့်ဦးတီထွင်လုပ်ငန်းဖြစ်သည့် ငှက်ပျောလျှော်နှင့် မြက်မှထုတ်လုပ်သည့် အရည်အသွေးမြင့် လက်မှုပစ္စည်းများကို တရုတ်နိုင်ငံ HEILONGJIANG ကုန်သည်ကြီးများ အသင်းမှ ဝယ်ယူနိုင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ် သည်။
"နိုင်ငံတော်အကြီးအကဲ တရုတ်ခရီးစဉ်သွားပြီး ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ ခရီးသွားပြပွဲကနေတစ်ဆင့် အချိတ်အဆက်ရခဲ့တယ်။ အဲဒီကနေ ငှက်ပျောလျှော်နဲ့ မြက်ကထွက်တဲ့ပစ္စည်းတွေ တင်ပို့ရောင်းချနိုင်ဖို့ လက်မှတ်ထိုးဖြစ်ခဲ့တာပါ"ဟု Green Banana Myanmar တည် ထောင် သူမှပြောကြားသည်။
ယခုကဲ့သို့ ငှက်ပျောလျှော်နှင့် မြက်မှထုတ်လုပ်သည့် လက်မှုပစ္စည်းများအား ဝယ်ယူသွားနိုင်ရန်အတွက် ဇွန် ၃၀ ရက်၌ လက်မှတ်ရေးထိုးခဲ့ပြီး လာမည့် သြဂုတ်လတွင် စတင်တင်ပို့သွားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငှက်ပျောလျှော်နှင့် မြက်တို့မှ ခေါင်းအုံး၊ ဦးထုပ်၊ ပဝါ၊ အိတ်၊ ဖိနပ်၊ ဖျာ ဒီဇိုင်းမျိုးစုံနှင့် အခြား လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းမှ ဒေသခံများအတွက် အလုပ်အကိုင်များလည်း ပိုမိုဖန်တီးပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
HEILONGJIANG ကုန်သည်ကြီး များအသင်းအနေဖြင့် အဆိုပါ လက်မှုပစ္စည်းများကို တရုတ်နိုင်ငံ ပြည်နယ်လေးခုရှိ အခြားကုမ္ပဏီများ၊ အဖွဲ့အစည်းများထံ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ PHYU