နယ်စပ်ထွက်ပေါက် နေရာတစ်ခုတည်း၌သာ အကျုံးဝင်သည့် စုံ၊မ စနစ်ကြောင့် မြဝတီခရီးသွားပို့ဆောင်ရေးလုပ်ငန်းများ အခက်ကြုံ

နေပြည်တော်၊ မေ ၂၁


    မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့တွင် နယ်စပ်ထွက်ပေါက်နေရာတစ်ခုတည်း၌သာ အကျုံးဝင်သည့် ယာဉ် စုံ/မခွဲခြား မှုစနစ်ကြောင့် မြဝတီဒေသတွင်း ခရီးသွားပို့ ဆောင်ရေးလုပ်ငန်းများ အခက်ကြုံတွေ့နေရကြောင်း သိရသည်။
    ထိုင်းနိုင်ငံမှ စက်သုံးဆီအလွယ် တကူရောင်းချပေးမှုကြောင့် မြဝတီမြို့ရှိ ယာဉ်အများစုမှာ မဲဆောက်မြို့တွင် သွားရောက်၍ စက်သုံးဆီ ဝယ်ယူသုံးစွဲကြပြီး မဲဆောက်မြို့တွင်း စက်သုံးဆီများကို ဆိုင်ကယ်နှင့် အခြားလိုအပ်သည့် ယာဉ်များသာ ဝယ်ယူကြပြီး မြို့တွင်းစက်သုံးဆီရောင်းချမှု တွင်လည်း စုံ/မ သတ်မှတ်ချက် မရှိ၊ QR အသုံးပြုခြင်းမရှိဘဲ အလွယ်တကူဝယ်ယူ၍ရကြောင်း သိရသည်။ ထိုသို့ စက်သုံး ဆီအခက်အခဲ မရှိသောကြောင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ နေ့စဉ်ပြေးဆွဲရန် အသင့်ရှိသော်လည်း နယ်စပ်ဂိတ်(မြန်မာ)ဘက်ခြမ်းတွင် သတ်မှတ်ထားသည့် စုံ/မစနစ်ကြောင့် ဒေသတွင်း ခရီးသွားပို့ဆောင် ရေးလုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
    "အဓိကကတော့ မြဝတီကလိုင်စင် ကားတော်တော်များများက ထိုင်းမှာ ဆီသွားဖြည့်ကြတယ်။ ဈေးနှုန်းလည်း မကွာသလို ဘာသတ်မှတ်ချက်မှမရှိတော့ အဆင်ပြေကြတယ်လေ။ ဟိုတလောက ဆီအခက် အခဲဖြစ်တော့ နှစ်ပတ်လောက် ထိုင်းက မြန်မာကားတွေကို ဆီမပေးဘူး။ ခုတော့ပြန်ပေး နေကြပါပြီ။ မြို့တွင်းဆီဆိုင်တွေကတော့ ဆိုင်ကယ်တွေနဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဆီရောင်းပေးတယ်။ အခက်အခဲဖြစ်နေတာကတော့ ခရီးသွားဝန်ဆောင်မှုပေးတဲ့ ကားတွေပေါ့။ နယ်စပ်ဖြတ်တဲ့ဂိတ်မှာက စုံ/မ ခွဲထားတော့ သူ့ရက်အလိုက် ထွက်နေရတယ်။တစ်ရက်ဝင်ငွေရ နောက်နေ့ ကားမထွက်ရ တော့ ဝင်ငွေ မရဘူး ဖြစ်နေတယ်။ မြဝတီမှာက စုံ/မ သတ်မှတ်ချက်က နယ်စပ်ဂိတ်တစ် ခုတည်းမှာပဲ သတ်မှတ်ထားတော့ ခရီးသည်ရပေမယ့် ကိုယ့်ကားရက်မဟုတ်ရင် မသွားရဘူးဖြစ်နေတယ်"ဟု ခရီးသွားဝန်ဆောင်မှု ပေးနေသူတစ်ဦးက ပြောသည်။
    ထို့အပြင် နယ်စပ်ဂိတ်များကို ဖြတ်ကျော်၍ နေ့စဉ် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအရ ကိုယ်ပိုင်ယာဉ်များဖြင့် ဖြတ်သန်းသွားလာနေကြသူများအနေဖြင့်လည်း စုံ/မ သတ်မှတ်ချက်ကြောင့် ယာဉ် နံပါတ် သတ်မှတ်ထားသည့်ရက်များတွင်သာ ထွက်ခွာသွားလာနေကြပြီး ယင်းသတ်မှတ် စည်းကမ်းအပေါ် ဒေသအခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ပေးရန် ဒေသခံပြည်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 2

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62320

© 2022 - 2026 News. All Rights Reserved.