နိုင်ငံခြားကနေ တိုက်ပွဲကို အားပေးနေတာ ရခိုင်မှာ ငတ်မွတ်ခေါင်းပါးမှုတွေ မြို့ပေါ်မှာတောင် ဖြစ်တယ် ဟု ဒေါ်စောမြရာဇာလင်းပြော

နေပြည်တော်၊ မေ ၂၁
    ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ရခိုင်ပြည်နယ်ဒေသတွင်း လက်နက်ကိုင်များ မပါဝင်နိုင်ခဲ့ပါက ပြည်သူများ စားနပ်ရိက္ခာရှားပါးမှု ပိုမို ဆိုးရွားသွားနိုင်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။ 
    "ဒီတစ်ခေါက် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ရခိုင်ပြည်နယ်ထဲက လက်နက်ကိုင်အဖွဲ့တွေ မပါဝင်နိုင်ခဲ့ရင် ပိုဆိုးသွားနိုင်တယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ ဒုက္ခတွေ အများကြီးရှိတယ်။ တိုက်ပွဲဆိုတာ ကောင်း ကျိုးမရှိဘူး။ ပြည်သူတွေ ဒုက္ခရောက်လိမ့်မယ်။ တိုက်ပွဲမဖြစ်ဘဲ ငြိမ်းချမ်းရေးကို စားပွဲဝိုင်းမှာ အဖြေရှာကြဖို့ နိုင်ငံတော်အစိုးရကိုသော်လည်းကောင်း၊ လက်နက်ကိုင် ပဋိပက္ခထဲမှာ ရှိနေကြတဲ့ ပုဂ္ဂိုလ်များကို လည်းကောင်းအများကြီး တိုက်တွန်းခဲ့တာရှိတယ်။ အခုစစ်တွေမှာ ၂၀၂၃ နဲ့ ၂၄ ကြားမှာ ကုန်ဈေးနှုန်း လေးဆမြင့်တာကို ခံရတယ်။ စားစရာမရှိ ဖြစ်သွားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ စားနပ်ရိက္ခာ ကုန်ဈေးနှုန်းကြီးမြင့် တဲ့ဒဏ်ကို အလူးအလဲခံရတယ်။ ဆန်ရလာရင် ထင်းမရှိဘူး။ အပင်တွေ မကျန်အောင် ခုတ်လှဲခံရတယ်။ လူနေအိမ်တွေ ဖျက်ဆီးခံရတယ်။ ဒါက စစ်အနိဋ္ဌာရုံပဲ။ ငတ်မွတ်ခေါင်းပါးမှုတွေ မြို့ပေါ်မှာတောင်ဖြစ်တယ်။ နေရပ်စွန့်ခွာသွားသူတွေလည်း ကိုယ့်အိမ်ကိုယ့်ရာကို ပြန်လာလို့ မရတော့ ဘူး။ သူတို့ရင်ထဲက ဒုက္ခတွေကို အားလုံးနားလည်လို့ရတယ်။ တိုက်ပွဲကို အားပေးနေတာ အွန်လိုင်းမှာ၊ နိုင်ငံခြားမှာ၊ နယ်စပ်ဒေသတွေမှာ အသက်ရှင်ရပ်တည်ရေး ဝင်ငွေရှာနေတဲ့လူတွေက တိုက်ပွဲကို အားပေး တာ။ မြေမြင်မှာ ဒုက္ခခံနေရတဲ့သူတွေက မခံနိုင်တော့ဘူး။ ဆေးလည်း ကုသခွင့်မရှိဘူး။ စားနပ်ရိက္ခာ အခက်အခဲ၊ အင်တာနက် အခက်အခဲ အကျပ် အတည်းပေါင်းစုံရှိတယ်။ ကလေးတွေ ပညာသင်ကြားရေး အားလုံးဆုတ်ယုတ်လာတယ်"ဟု ၎င်းက ပြောသည်။
    နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို ပါဝင်ခြင်း၊ မပါဝင်ခြင်းက တိုက်ပွဲထဲတွင် ပါဝင်ပတ်သက်နေသူများ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။
    "ပါဝင်သင့်တာ ထပ်ဖန်တလဲလဲ ပြောပြီးပြီ။ တိုက်ပွဲထဲမှာ ရှိတဲ့သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်တယ်။ ဒီအစိုးရလက်ထက်မှာ ဆွေးနွေးပွဲက အပြီးသတ် ဖြစ်သွားနိုင်တယ်လို့ ကျွန်မဆိုရင် ယူဆထားတယ်။ တိုင်းပြည်က တအားနာသွားပြီ။ နာတဲ့အတွက် နောက်ဆက်တွဲ ထပ်ပြီး နာမယ့်ကိစ္စကို သမ္မတကြီး ဦးမင်းအောင်လှိုင် လုပ်မယ်မထင်ဘူး။ ငြိမ်းချမ်းရေးကို သူကိုယ်တိုင်ဖိတ် ခေါ်ခဲ့တယ်။ သူကိုယ်တိုင်ပြီး အောင် ကလိမ့်မယ်လို့ ယုံကြည်ထားတယ်။ သူ့မှာလည်း သန္နိဋ္ဌာန်ရှိမယ့် ပုံရှိတယ်။ ဒီငြိမ်းချမ်းရေးကို ဖြစ်အောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားတဲ့ ပုံစံရှိတယ်။ တိုင်းပြည်ငြိမ်းချမ်းဖို့ ဖက်ဒရယ်နိုင်ငံ အမြန်ဆုံးတည်ဆောက်ဖို့လိုတယ်"ဟု ၎င်းက ပြောသည်။
    နိုင်ငံတော်အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် NCA လက်မှတ်ရေးထိုး ထားခြင်းမရှိသော အဖွဲ့များကို ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ပြုလုပ်ထားပြီး PDF များကိုလည်း အလင်းဝင်လာကြရန် ဖိတ်ခေါ်ထားသည်။ ကွန်းဈာန်

 

Total Views ~ 2

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62320

© 2022 - 2026 News. All Rights Reserved.