နိုင်ငံခြားငွေများစွာ သုံးစွဲရသည့် စက်သုံးဆီနှင့်စားသုံးဆီ တင်သွင်းမှုလျှော့ချရန်လို

နေပြည်တော်၊ ဇူလိုင် ၉
    နိုင်ငံခြားငွေများစွာ သုံးစွဲရသည့် စက်သုံးဆီနှင့် စားသုံးဆီများကို တင်သွင်းမှု  လျှော့ချနိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
    ဇူလိုင် ၇ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    နိုင်ငံတော်သမ္မတက "နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများနှင့်စီမံချက်များချမှတ်ရာတွင် အခြေခံကိန်းဂဏန်း အချက် အလက်များသည် အဓိကကျကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြသည့် ကိန်းဂဏန်းအချက်အလက်များသည် မြေပြင်နှင့်ကိုက်ညီမှုရှိရန်နှင့် မှန်မှန်ကန်ကန် ဖြစ်ရန်လိုကြောင်း၊ အလားတူလုပ်ငန်းများ အောင်မြင်မှုရှိစေရေးအတွက် ကာလတို ဆောင်ရွက်ခဲ့သည့် သုတေသနများနှင့် ကာလရှည်ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်းများကိုလည်း မဖြစ်မနေ သုံးသပ်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ သွင်းကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီများကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများများစွာ သုံးစွဲရ လျက်ရှိကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီများကို တင်သွင်းမှု လျှော့ချနိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း"ပြောကြားသည်။
    ဆက်လက်၍ "စက်သုံးဆီသုံးစွဲမှုများကို လျှော့ချနိုင်ရန် ပြည်ပမှတင်သွင်းရန် မလိုသည့် ကျောက်မီးသွေးကို အသုံးပြု၍  ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်သကဲ့သို့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို လည်းဆောင် ရွက်နိုင်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စက်သုံးဆီသုံးစွဲမှု လျှော့ ချနိုင်ရန်အတွက် အများပြည်သူသယ် ယူပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး စနစ်တစ်ခုဖြစ်သည့် မီးရ ထားခရီးစဉ်များ ပိုမိုတိုး ချဲ့ပြေးဆွဲခြင်း၊ ရထားလမ်းများနှင့် မီးရထားများ အဆင့်မြှင့်တင်ခြင်းများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ဘက်ထရီစနစ်သုံး ရထားစက် ခေါင်းများကို တပ်ဆင်ထုတ်လုပ်အသုံးပြု လျက်ရှိပြီး ထပ်မံ၍လည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
    ထို့အပြင် စပါးကိုအဓိကစိုက်ပျိုး ထုတ်လုပ်သည့်နိုင်ငံတစ်ခုဖြစ်ပြီး ဆန်စပါးကြိတ်ခွဲမှုများမှ ထွက်ရှိလာသည့်ဖွဲနုများမှ ဖွဲနုဆီများကို ထုတ်လုပ်ရရှိနိုင်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဖွဲနုဆီများ ထုတ်လုပ်နိုင်ရေးအတွက်လည်း ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ အရည်အသွေးပြည့်မီသည့် ဆီများ ကြိတ်ခွဲထုတ် လုပ်နိုင်ရေးအတွက် အရည်အသွေးကောင်းမွန်သည့် ဆီစက်များဖြင့် ကြိတ်ခွဲနိုင်ရေး နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းစားသုံးဆီများ ဖူလုံမှုရှိစေရေးအဓိက ဆီထွက်သီးနှံများ ဖြစ် သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်း စသည့် ဆီထွက်သီးနှံများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြည့်စွက်ပြောကြားခဲ့သည်။  ထူးမြတ်

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63563

© 2022 - 2026 News. All Rights Reserved.