နေပြည်တော်၊ ဇန်နဝါရီ ၂၃
တပ်မတော်အနေဖြင့် နိုင်ငံရေး အစိုးရများ မည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေ၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း ၊ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ဇန်နဝါရီ ၁၉ ရက်က တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအား တွေ့ဆုံအမှာ စကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံအမှာစကား ပြောကြားရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့် (၂) အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မကြာမီ ကျင်းပမည့် အပိုင်း(၃)ကိုလည်း အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင် ပြောင်း လဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် တပ်မတော်အနေဖြင့် လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနေရသည်ကို သမိုင်းကြောင်း အထောက်အထားများအရ သိရှိနိုင်ကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ထိန်းသိမ်းဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သော်လည်း လိုအပ်ချက်အရ တပ်မတော်မှ ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကိုလည်း စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် များကို ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စွမ်းရည် နှင့်စွမ်းပကားများ ရှိရန်လိုကြောင်း၊ အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ တိုက်စွမ်းအား ရှိသည့်တပ်မတော် ဖြစ်ရန်လိုကြောင်း၊ ထိုသို့အရည်အချင်း ပြည့်ဝရန်အတွက် လေ့ကျင့်သား ပြည့်ဝနေရန်လိုကြောင်း၊ တပ်မတော်သားတစ်ဦးချင်းအနေဖြင့် တိုက်ရည် ခိုက်ရည် ရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်၊ စစ်နည်းဗျူဟာနှင့် စစ်လက်နက်ပစ္စည်းများအပေါ် ကျွမ်းကျင်မှု ရှိရမည်ဖြစ်ကြောင်း ဖြည့် စွက်ပြောကြားခဲ့သည်။ ထူးမြတ်