ရန်ကုန်၊ သြဂုတ် ၆
နိုင်ငံအတွက် Smart ကျသည့် AI နည်းပညာ ပေါ်ထွန်းလာရန်ရည်ရွယ်၍ "Digital First, Digital Trust to AI Smart" ခေါင်းစဉ်ဖြင့် နည်းပညာဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စီမံကိန်းဒါရိုက်တာ ဒေါက်တာ တင်ဘုန်းကျော်က ပြောကြားခဲ့ သည်။
ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပသည့် AI နည်းပညာဆိုင်ရာ Panel Discussion ကို "Digital First, Digital Trust to AI Smart" ခေါင်းစဉ်ဖြင့် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MICT Park ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသား ဉာဏ်ရည်တု နည်း ပညာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ဘုန်းကျော်က "ဒီနေ့ အကြောင်းအရာကတော့ Digital ဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital First ကို ဦးစားပေးပြီး အကောင်အထည် ဖော်ဖို့ ဒီလိုအကောင်အထည်ဖော်ဖို့ကလည်း Digital Trust ပေါ့။ အားလုံးက ယုံယုံကြည်ကြည်နဲ့ အသုံးပြုသူ၊ ဖန်တီးသူကြားထဲက ဆက်သွယ်ပေးတဲ့သူတွေ အားလုံးက ယုံယုံကြည်ကြည်နဲ့ဖြစ်အောင် ဝိုင်းဝန်း ကြိုးပမ်းကြရင်းနဲ့မှ ကျွန်တော်တို့ နိုင်ငံအတွက် Smart ကျတဲ့ AI နည်းပညာတွေ ပေါ်ထွန်းလာဖို့အတွက် ရည်ရွယ်ပြီးတော့ ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီနေ့ ဒစ်ဂျစ်တယ်က လူတိုင်း နဲ့ ထိတွေ့နေရတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ လူတိုင်းမဖြစ်မနေ ကင်းကွာလို့မရတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့အသက်အရွယ်မရွေး အထူးသဖြင့် နောက်လာမယ့် နောင်လာနောက်သားတွေ သူတို့ရဲ့ခေတ်သည် AI ခေတ်၊ ဒစ်ဂျစ်တယ်ခေတ်ဖြစ်ပါတယ်။ AI နဲ့ဘယ်လိုမှ မလွတ်ကင်းတဲ့ မျိုးဆက်တွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆွေးနွေးပွဲမှာ ဒစ်ဂျစ်တယ်ကို အခြေပြု ပြီးတော့ AI နည်းပညာကို တက်လှမ်းတဲ့အခါမှာ ဘယ်လိုတက်လှမ်းမယ်ဆိုတာတွေ၊ AI ကို အသုံးပြုတဲ့အခါမှာ ဘယ်လိုကျင့်ဝတ်နဲ့ အညီ အသုံးပြုမယ်ဆိုတာတွေ၊ ကျင့်ဝတ်နဲ့အညီ အသုံးပြုတဲ့အခါမှာလည်း အသုံးပြုသူဘက်က၊ ဖန်တီးသူဘက်က လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ လိုအပ်တဲ့ ကျင့်ဝတ်တွေအကြောင်းကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေကို Message ပေးခွင့်ရလိုက်တာကတော့ ပထမအချက်က ဒစ်ဂျစ်တယ်သည် လက်ရှိမှာ ခေတ်ကာလအခြေအနေအရ မဖြစ်မနေကြိုးပမ်းရမယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်နဲ့ နေ့စဉ်လူနေ မှုဘဝဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ဒီအပေါ်မှာ အားလုံးပူးပေါင်း အကောင်အထည် ဖော်မှရမယ်ဆိုတာကို Message ပေးနိုင်သလို၊ AI ခေတ်မှာ ကျွန်တော်တို့ တိုင်းပြည်အကျိုးရှိဖို့အတွက် နိုင်ငံနဲ့လူမျိုးအကျိုးရှိဖို့အတွက် ဘယ်လိုအသုံးချရမလဲဆိုတာ ကို Message ပေးနိုင်ခဲ့တယ်"ဟု ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က Video Message မှတစ်ဆင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယနေ့ခေတ် သည် နည်းပညာသမိုင်းတွင် အပြောင်းအလဲ အရှိန်အဟုန် အမြင့်ဆုံးကာလတစ်ခု ဖြစ်ကြောင်း၊ Generative AI? Agentic AI? Cloud Infrastructure? Data Center နှင့် Semiconductor နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုး တက်လာမှုကြောင့် ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲမှုများ ပိုမို မြန်ဆန်လာကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် "Digital First, Digital Trust to AI Smart"သည် လက်ရှိနှင့် အနာဂတ် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်မြေပုံတစ်ရပ်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး AI နည်းပညာဆိုင်ရာ Panel Discussion တွင် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တု နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ဘုန်းကျော်က Moderator အဖြစ် ဆောင်ရွက်ကာ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်ယုံကြည်မှု (Digital Trust) တည်ဆောက်ရေး နှင့် AI Smart အနာဂတ်ဆိုင်ရာအမြင်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။ သက်မှူး