နေပြည်တော်၊ ဇူလိုင် ၁၆
နိုင်ငံ့ဝန်ထမ်းများအတွက် သင့်လျော်သည့်နှုန်းထားဖြင့် မြေကွက်ချထားပေးရန် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းထွန်းမိုးက ပြောသည်။
"လက်ရှိ ဝန်ကြီးဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းများက နိုင်ငံတော် အစိုးရရဲ့ ယန္တရားလည်ပတ်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ အစိုးရနဲ့ နိုင်ငံ့ဝန်ထမ်း တက်ညီလက်ညီ ဆောင်ရွက်နိုင်မှသာ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဝန်ထမ်းဘ၀ ဂုဏ်ရှိစွာ ရပ်တည်နိုင်ရေး နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေး နိုင်ပါရန် နိုင်ငံ့ဝန်ထမ်းများကို မြေကွက်များ ချထားပေးသင့်ပါတယ်။ လက်ရှိ နိုင်ငံ့ဝန်ထမ်းများအနက် ဥပမာအားဖြင့် အငယ်တန်း စာရေးတစ်ဦး အသက်(၆၂)နှစ် လုပ်သက် ၄၂ နှစ် သက်ပြည့်ပင်စင်ယူရင် ရရှိမယ့် ဆု ကြေးငွေက ကျပ် ၃၉၉၀၀၀၀၊ တစ်လ ပင်စင်လစာငွေဟာ ကျပ် ၁၁၉၇၀၀ ရရှိ မှာဖြစ်ပြီး ဦးစီးအရာရှိ ဆုကြေးငွေ ကျပ် ၆၁၉၅၀၀၀၊ တစ်လပင်စင် ကျပ် ၁၈၅၈၅၀ သာ ရရှိမှာ ဖြစ်ပါတယ်။ လုပ်သက်နှစ် ၃၀ ပြည့်ပြီး လုပ်သက်ပင်စင်ယူရင် အငယ်တန်း စာရေး ကျပ် ၂၈၅၀၀၀၀၊ ပင်စင် ကျပ် ၈၅၅၀၀၊ ဦးစီးအရာရှိ ဆုကြေးငွေ ကျပ် ၄၄၂၅၀၀၀၊ ပင်စင် ကျပ် ၁၃၂၇၅၀ ရမှာ ဖြစ်တယ်။ ၎င်းတို့ပင်စင်ယူတဲ့အခါ နေရာထိုင်ခင်းအတွက် မြေကွက်တစ်ကွက်တောင် ဝယ်ယူနိုင်ခြင်း မရှိတာကို စိတ်မကောင်းစွာ တွေ့ရှိရပါ တယ်။ ဒါကြောင့် လုပ်ငန်းခွင်မှ ပျော်ပျော်ရွှင်ရွှင် အေးချမ်းသာယာစွာ လုပ်ငန်းတာဝန် ဆောင်ရွက်နိုင်ဖို့ ရာထူးနဲ့ လုပ်သက်ကန့်သတ်သတ်မှတ်ပြီး သင့်လျော်တဲ့ နှုန်းထားနဲ့ ဝန်ထမ်းများအတွက် မြေကွက်စီစဉ် ဆောင်ရွက်ပေးသင့်ပါတယ်။ ရာထူးနဲ့လုပ်သက်အလိုက် နေရာချထားပေးမယ်ဆိုရင် မြေကွက်တန်ဖိုးကို နိုင်ငံ့ဝန်ထမ်းများရဲ့ လစဉ်လစာမှ သင့်လျော်တဲ့နှုန်းထားနဲ့ ဖြတ်တောက်ကျခံသွားစေရန် မြေကွက် တန်ဖိုး ကောက်ခံပြီးရင် အိမ်ရာအဆောက်အအုံ ဆောက်လုပ်ရာမှာ နိုင်ငံတော်မှ စီစဉ်ကြီးကြပ်မှုနဲ့ အဆောက်အအုံ နှုန်းထားသတ်မှတ်ပြီး ဝန်ထမ်းများအတွက် အရစ်ကျ သော်လည်းကောင်း၊ လစာမှ ဖြတ်တောက် ကျခံစေခြင်းဖြင့် ဆောင်ရွက်ပေးသင့်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများအတွက် မြေကွက်များကို နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်ပေးမယ်ဆိုရင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့၊ ခေတ်မီတိုးတက်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာအဂတိတရား ကင်းရှင်းပြီး ဝန်ထမ်းများ လုပ်ငန်းခွင်မှာ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ခြင်းဖြင့် နိုင်ငံတော်ရဲ့ ယန္တရား တိုးတက် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ဝန်ထမ်းများ ပင်စင်ယူတဲ့ အခါမှာ နေရာထိုင်ခင်း အဆင်ပြေချောမွေ့နိုင်ရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြေကွက်များ ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းလိုပါတယ်"ဟု ၎င်းက ပြောသည်။
ဇူလိုင် ၁၃ ရက်က တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၂၂ ရက် မြောက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း ထွန်းမိုးက လက်ရှိဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအတွက် မြေကွက်များ ဖော်ထုတ်နိုင်ရေး အသေးစိတ် စိစစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ၌ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်းနှင့်ပက်သက်၍ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပြန်လည်ဖြေကြားရာတွင် "နေပြည်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် မြေကွက်ဖော်ထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အစီအစဉ်ရှိပါက နေထိုင်ရန် အခက်အခဲရှိတဲ့ လုပ်သက်ရှည်လျားပြီး မြေကွက်မရသေးတဲ့ ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိထားသူများ၊ အငြိမ်းစားယူရန် နီးကပ်နေသူများ၊ အခြေခံ လစာ နည်းပါးသော်လည်း တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် နိုင်ငံတော် အစိုးရရဲ့ မူဝါဒနဲ့အညီ စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်"ဟု ပြောသည်။ ကွန်းဈာန်