နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းများအတွက် ပြည်ထောင်စုအဆင့်မှ လမ်းညွှန်မှုရရှိပါက မြေကွက်များချထားပေးရန် ဆောင်ရွက်ပေးမည်

ရန်ကုန်၊ ဇူလိုင် ၂
    ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြစီမံကိန်းများ ဖော်ဆောင်ရန်အတွက် အစီအစဉ်ရေးဆွဲနေဆဲဖြစ်ပြီး  နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ပြည်ထောင်စုအဆင့်မှ လမ်းညွှန်မှုရရှိပါက မြေကွက်များချထားပေးရန် ဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ဇွန် ၂၉ တွင် ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။
    ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးသော်တာက ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ လုပ်သက် အနှစ် ၃၀ အထက်နှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူသော နိုင်ငံ့ ဝန်ထမ်းများအား မြေကွက်များချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုနှင့်ပတ် သက်၍ စည်ပင်သာ ယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ဖြေကြားရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
    "ကျွန်တော်တို့က အစိုးရသစ်ရဲ့ အစပိုင်းကာလ ဖြစ်နေတယ်။ မြို့ပြစီမံကိန်းများ ဖော်ဆောင်ဖို့အတွက် ဒီအစီအစဉ်တွေကို စီစဉ်ဆောင်ရွက်ဖို့ စပြီးတော့ ဆောင်ရွက်နေတဲ့ ဒီစီမံကိန်း Project တွေကို စဖို့အတွက် အစီအစဉ်ရေးဆွဲနေတဲ့ကာလပဲ ရှိပါသေးတယ်။ အဲဒီတော့ အစီအစဉ်ရေးဆွဲပြီးရင်လည်း ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့ပြမြေစီမံခန့်ခွဲမှုဆိုတာ ပြည်ထောင်စုရဲ့လမ်းညွှန်မှုကို ခံယူပြီးတော့မှ ကျွန်တော်တို့က ပြည်ထောင်စုအဆင့်ကနေ လမ်းညွှန်မှုပေးတော့မှ တိုင်းဒေသကြီးအဆင့်က ဆောင်ရွက်ရတာဖြစ်ပါတယ်။ ကျွန်တော် တို့က လက်ရှိ ဒီစီမံကိန်းကိုရေးဆွဲဖို့ စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။ အဲဒီတော့ ဒီအဆင့်တွေပြီးမှ ကျွန်တော်တို့က စောစောကပြောတဲ့  လွှတ်တော်ကိုယ်စား လှယ်ကြီးမေးတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေကို ကျွန်တော်တို့ကစီစဉ်ပေးလို့၊ ဆောင်ရွက်ပေး လို့ရမှာ ဖြစ်ပါတယ်။ လက်ရှိအ‌‌ခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိ အခြေအနေမှာတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေကို အခုလက်ရှိချပေးဖို့ဆိုတာ အစီအစဉ်မရှိသေးဘူးဆိုတာ ကျွန်တော်က ဖြေကြားခြင်းဖြစ်ပါတယ်။ အကယ်၍ စောစောက ကျွန်တော်ပြောတဲ့ စီမံကိန်းတွေ ကျွန်တော်တို့ဆွဲလို့ရပြီး ပြည်ထောင်စုကိုလည်း တင်ပြဖို့ရလို့ လမ်းညွှန်မှုရပြီဆိုတာနဲ့ အဲဒီ အချိန်မှာ စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်"ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။
    ထို့ပြင် အချို့သောဝန်ထမ်းများသည် ဝန်ထမ်းဘ၀ လုပ်သက် အနှစ် ၃၀ ကျော်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော်လည်း နေထိုင်ရန်အတွက် နိုင်ငံတော်မှ ပေးအပ်သည့် မြေကွက်တစ်ကွက် (သို့မဟုတ်) တန်ဖိုးနည်းအိမ်ရာ အခွင့်အရေး တစ်ကြိမ်တစ်ခါမျှ ရရှိခဲ့ဖူးခြင်း မရှိကြောင်း ကိုယ်စားလှယ် ဦးသော်တာက မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။  သက်မှူး

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63356

© 2022 - 2026 News. All Rights Reserved.