နှစ်နှစ်ကျော်ကာလအတွင်း ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားသူ ၅၇၀၀ ကျော်ရှိ

ရန်ကုန်၊ ဇူလိုင် ၉
    နှစ်နှစ်ကျော်ကာလအတွင်း တိုင်းဒေသကြီး ပြည်နယ်အလိုက် မှတ်ပုံတင်ထားသည့် ဆန်စပါးသို လှောင်ရုံပေါင်း ၅၇၀၀ ကျော်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
    "၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက် ကနေ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်ထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဒေသကြီး ပြည်နယ်အလိုက် မှတ်ပုံတင်ထားတဲ့ ဆန်စပါးသိုလှောင်ရုံ ၅ç၇၉၂ လုံး မှတ်ပုံ တင်ထားပါတယ်"ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ပြောသည်။
    မြန်မာဆန်စပါးအွန်လိုင်း (My RO)တွင် အွန်လိုင်းစနစ်ဖြင့် သိုလှောင်ရုံ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို သိုလှောင်ရုံ အကျယ်အဝန်း သတ်မှတ်ချက်များအလိုက် အုပ်စုလေးစုခွဲ၍ ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
    ယခုကဲ့သို့ ဆန်စပါးသိုလှောင်ရုံ များမှတ်ပုံတင်ခြင်းကြောင့် ပြည်တွင်းတွင်ရှိသည့် သိုလှောင်အရေအတွက်၊ ဆန်စပါး လက်ကျန် စသည်များအား သိရှိသွားနိုင်မည့် အကျိုးကျေးဇူး ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
    ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online - My RO) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှ ပူးပေါင်းပြီး ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၃ ရက်မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    ဆန်တန်ချိန် ၂၅ တန်နှင့် အထက်၊ စပါးတင်း ၂၅၀၀ နှင့်အထက် စပါးသိုလှောင် ရောင်းချနိုင်သည့် ဆန်စပါးသို လှောင်ရုံများအနေဖြင့် မှတ်ပုံတင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနတွင် ဆက်သွယ် အကူအညီတောင်းခံသွားနိုင်ကြောင်း သိရသည်။
    သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်နိုင်ပြီး သိုလှောင်ရုံ၏ အကျယ်အဝန်း၊ လုပ်ငန်းအကြီးအသေးပေါ် မူတည်ပြီး မှတ်ပုံတင်ကြေး ကျပ် ၅၀၀၀၀ မှ နှစ်သိန်းထိ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
    သိုလှောင်ရုံများအနေဖြင့် မှတ် ပုံတင်ထားခြင်း မရှိပါက နောက်ပိုင်းတွင် စီမံခန့်ခွဲမှုနည်းလမ်းအရ သတိပေးခြင်း၊ သိုလှောင်ရုံ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း စသည်များကို စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ ပြောကြားချက်များအရ သိရသည်။ PHYU

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63563

© 2022 - 2026 News. All Rights Reserved.