ရန်ကုန်၊ ဇန်နဝါရီ ၂
၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှတာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်ကပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာ ရေးဝန်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် စက်မှုဇုန်များမှ ဥက္ကဌများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ကရင်တိုင်းရင်းသားရိုးရာ အကအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာ အက၊ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့များက ဖျော်ဖြေတင်ဆက်မှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာ ဝန်ရှိသူများကကြည်ရူ့အားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။
အဆိုပါ စျေးရောင်းပွဲတော် နှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက "ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုထုတ်ကုန်များ ၊MSME ထုတ်ကုန်များ ပြသရောင်းချပွဲများကို ၂၀၂၂ခု နှစ် ဒီဇင်ဘာလမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ စျေးရောင်ပွဲတော်များကို ၁၇ ကြိမ်တိုင်တိုင် ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအပြင် ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့မှလည်း လာရောက်ပါဝင်ပြသခဲ့တဲ့အတွက် တိုင်းနဲ့ ပြည်နယ် အချင်းချင်း လုပ်ငန်းချိတ်ဆက် ဆောင်ရွက် နိုင်ခဲ့ကြပါတယ်။ ယနေ့ကျင်းပတဲ့"(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့်ဂီတဖျော်ဖြေပွဲတော်"တွင်လည်း MSME လုပ်ငန်းရှင်တွေ နိုင်ငံတော် အစိုးရမှ ဆောင်ရွက်ပေးလျှက်ရှိသော အခြေအနေများကို သိရှိစေရန် Talk Show အစီအစဥ်များလည်းပါဝင်ပြီး၊ ကျောင်းသား လူငယ်များ စာဖတ်ရှိန် မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနဲ့ စားသောက်ဆိုင်များလည်းပါဝင်ပါတယ်"ဟု ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့်ဂီတဖျော်ဖြေပွဲတော်တွင် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာနက စက်မှုထုတ်ကုန်တွေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှထွက်ရှိသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ အစားအစာ အရောင်းဆိုင်များ၊စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော်ကို ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း၊ ထိုအပြင် ဈေးပွဲတော်ရက်များအတွင်း စတုဒိသာကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ၊ DJ၊ Dancer များ၏ ဖျော်ဖြေတင်ဆက်မှုမျာပါဝင်ပြီးပွဲတော်လာရောက်သူများအတွက် သွားလာရေး အဆင်ပြေစေရန် အကြို၊ အပို့ ကားများကိုပါ စီစဉ်ဆောင်ရွက်ပေထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး MSME ဈေးရောင်းပွဲတော် နှင့် ဂီတပွဲတော်အား ဇန်နဝါရီလ ၁ရက်နေ့မှ ၄ ရက်အထိနေ့စဉ်နံနက် ၈ နာရီမှ ည၁ဝနာရီအထိ ကျင်းပသွားမည်ဖြစ်သည်။ သက်မှူး
