ရန်ကုန် ဒီဇင်ဘာ ၅
ဆီးဂိမ်းစ် ၂၀၂၅ အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းများကို ကြိုးစားရင်ဆိုင်သွားမည်ဟု မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း နည်းပြချုပ် ကူရိုဆာခီကပြောသည်။
မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း နည်းပြချုပ် ကူရိုဆာခီသည် ယနေ့ မွန်းလွဲပိုင်းက ချင်းမိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းစ် ၂၀၂၅ အမျိုးသား ဘောလုံးပြိုင်ပွဲ၏ ပွဲကြို သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ဖြေကြားခဲ့သည်။
“ ပြိုင်ဘက်အသင်းတွေကို ကျွန်တော်တို့ လေးစားမှုနဲ့ ယှဉ်ပြိုင်မှာပါ။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားအသင်းတွေက တောင့်တင်းပြီး တကယ်ကောင်းတဲ့ အသင်းတွေဆိုတာ သူတို့ တွေ့ဆုံခဲ့တဲ့ပွဲတွေမှာ မြင်ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ဆီမီးဖိုင်နယ်တက်တဲ့ နှစ်သင်းစလုံးကို ကြိုးစားပြီး ရင်ဆိုင်ပါ့မယ်။ ကျွန်တော်တို့ကို ကြည့်ရှု့အားပေးနေတဲ့ ပရိသတ်အတွက် တစ်သင်းလုံး ကြိုးစားနေပါတယ်၊ ရလဒ်ကောင်းနဲ့ ပရိသတ်ကို ပျော်စေချင်ပါတယ်။” ဟု မြန်မာ ယူ-၂၂ လက်ရွေးစင်အသင်း နည်းပြချုပ်က ဖြေကြားခဲ့သည်။
မြန်မာ ယူ၂၂ အသင်းသည် ယနေ့ ဒီဇင်ဘာ ၅ ရက် မြန်မာစံတော်ချိန် ညနေ(၅:၃၀)နာရီ၊ ချင်းမိုင် အားကစားကွင်းတွင် ဖိလစ်ပိုင် အသင်းနှင့် စတင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ SEA Games 2025 ပွဲစဉ်များအား MRTV, MRTV-4, Channel 7, HTV Sports တို့မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။ HM