မိုးကုတ်မြို့ရှိ ပုဂ္ဂလိကဘဏ်များ TNLA ဖောက်ထွင်းသွား၍ ပြန်လည် မဖွင့်နိုင်သေး

နေပြည်တော်၊ မေ ၇
    မိုးကုတ်မြို့ TNLA လက်နက်ကိုင်အဖွဲ့ ယာယီစိုးမိုးစဉ်အခါက ပုဂ္ဂလိကဘဏ်များကို ဖောက်ထွင်းမှုများ ပြုလုပ်သွားသည့်အတွက် ပုဂ္ဂလိကဘဏ်များ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း မျက်မြင်တွေ့ရှိသူ အသက် (၇၈) နှစ် အရွယ် ဒေသခံတစ်ဦးက ပြောသည်။ 
‘’MAB ဘဏ်၊ ကမ္ဘောဇဘဏ်တွေကို ပလောင်တွေ ဖောက်သွားတယ်။ သူတို့ သိမ်းထားတဲ့အချိန်မှာ တပ်မတော်က ပြန်ပြီး ထိုးစစ်ဆင်တဲ့အခါကျတော့ အပေါ်က လေယာဉ်နဲ့ ဗုံးလာကြဲမှာစိုးလို မန္တလေးနဲ့ ရန်ကုန်ကို မြို့ခံတွေက တိမ်းရှောင်ကြတယ်။ ကျွန်တော်တို့လည်း မြို့ကို ပြန်ရောက်တာ မကြာသေးဘူး။ တိုက်ပွဲရှောင်ရင်းနဲ့ ကျွန်တော့်အမျိုးသမီး အသက်(၇၀)ကျော်အရွယ် မန္တလေးမှာတင် ရောဂါအခံနဲ့ ဆုံးသွားတယ်။ ကျွန်တော်က အသက်(၇၈)နှစ် ရှိပြီ။ သူတို့သိမ်းထားတာ တစ်နှစ်ကျော်လေ။ အဲဒီကတည်းက ဘဏ်တွေ မဖွင့်နိုင်တာ။ အခု အစိုးရဘဏ်တစ်ခုက ငွေကြေးလည်ပတ်မှုတွေ လုပ်ပေးနေတယ်လို့ သိရတယ်။ ဒီက လူတွေ အသုံးများတာတော့ Kpay အသုံးများတယ်”ဟု ၎င်းကပြော သည်။ 
    မိုးကုတ်မြို့တွင် ပုဂ္ဂလဘဏ်များ မဖွင့်နိုင်သေး၍ Kpay ၊ Wave Pay ကိုသာ အားထားအသုံးပြု နေရကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
    “”ဘဏ်တွေကတော့ ပြန်မဖွင့်နိုင် သေးဘူး။ ဒီမှာ အခြေအနေတွေ ရှုပ်ထွေး ခဲ့တဲ့ အချိန်ကစပြီး ဒီနေ့အထိပေါ့။ မြို့ပေါ် မှာတော့ Kpay အသုံးများတယ်။ Wave Pay လည်း သုံးတယ်။ မြို့ကို တော်တော်များ များတော့ ပြန်လာနေကြပြီ”ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။ 
    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက မိုးကုတ်မြို့ကို မြန်မာ့တပ်မတော်က ပြန်လည် ထိန်းချုပ်စဉ် မိုးကုတ် မြို့မှ TNLA လက်နက်ကိုင်အဖွဲ့များ ပြန်လည် ဆုတ်ခွာသွားခဲ့ ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။ 
    ယခုအခါ မြန်မာ့တပ်မတော်က မန္တလေး-မိုးကုတ်လမ်းမကြီးကို အပြည့်အ၀ ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်၍ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများ ပြန်လည် သွားလာနေကြပြီဖြစ်သည်။  ကွန်းဈာန်

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61982

© 2022 - 2026 News. All Rights Reserved.