မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်

နေပြည်တော် ၊ ဧပြီ ၃

မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ယနေ့ (ဧပြီလ ၃ ရက်) ကျင်းပ
သည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်လိုက်သည်။

ယနေ့ကျင်းပသည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲ ကျင်းပရန် စီစဉ်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲအစီအစဉ်အရ  ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအစုအဖွဲ့က  ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသည့်  ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒ နယ်အမှတ်(၁)မှ ဒေါ်နန်းနီနီအေး၊တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသည့် ကိုကိုးကျွန်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးညိုစောတို့အား နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များက ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ခဲ့သည်။


နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရာတွင် ဆန္ဒမဲလက်မှတ်ပေါင်း ၅၈၄ ခုဖြင့် လျှို့ဝှက်ဆန္ဒမဲပေးခဲ့ကြရာ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ထောက်ခံဆန္ဒမဲ(၄၂၉ ) မဲ  ၊ ဦးညိုစော မှ ထောက်ခံဆန္ဒမဲ  (၁၂၆ ) မဲ ၊ဒေါ်နန်းနီနီအေး မှ ထောက်ခံဆန္ဒမဲ
 (၂၉ ) မဲ  အသီးသီးရရှိခဲ့သည်။

ဆန္ဒမဲလက်မှတ်ဖြင့် ရေတွက်ပြီး‌နောက် ထောက်ခံဆန္ဒမဲ အများဆုံးရရှိသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်း‌ဒွေးက အသိပေးကြေညာခဲ့သည်။


ထို့နောက်  ထောက်ခံဆန္ဒမဲ အများအနည်းအလိုက် ဒုတိယသမ္မတ(၁)အဖြစ် ဦးညိုစော ၊ ဒုတိယသမ္မတ (၂) အဖြစ် ဒေါ်နန်းနီနီအေး တို့ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက  ကြေညာခဲ့သည်။

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61284

© 2022 - 2026 News. All Rights Reserved.