မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီ ရာထူးမှနုတ်ထွက် 

ရန်ကုန် ဒီဇင်ဘာ ၁၂
  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ၂၀၂၅ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုအဆင့်မှ ကျော်လွန်နိုင်ခြင်း မရှိသည့်အတွက် ယမန်နေ့ညက နည်းပြချုပ်ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်လိုက်သည်။ 
  ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံး ပွဲစဉ်များတွင် မြန်မာအသင်းသည် နှစ်ပွဲ နိုင်၊ တစ်ပွဲရှုံး ရမှတ် ၆ မှတ်ဖြင့် ဖိလစ်ပိုင်အသင်းနှင့် အမှတ်တူသော်လည်း ဂိုးကွာခြားချက်ကြောင့် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ 
   အသက် ၅၄ နှစ်အရွယ် ဂျပန်နိုင်ငံသား နည်းပြ ယုကီ သည်၂၀၂၃ ခုနှစ်မှစ၍ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်ဖြစ်လာခဲ့ပြီး မြန်မာအမျိုးသမီးအသင်းအား ၂၀၂၃ ဆီးဂိမ်းစ်တွင် ဒုတိယ၊ ၂၀၂၅ နီပေါ ဖိတ်ခေါ်ဖလား ချန်ပီယံဆု နှင့် ၂၀၂၅ အာဆီယံချန်ပီယံရှစ်တွင် ဒုတိယဆုတို့ရရှိခဲ့သည်။
  အိုလံပစ် ခြေစစ်ပွဲ၊ အာရှဖလား ခြေစစ်ပွဲတို့တွင် ခြေစစ်ပွဲမအောင်ခဲ့သလို ယခုနှစ် ဆီးဂိမ်းစ်တွင်လည်း အုပ်စုမှ ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် Mr. Tesuro Uki  ၏ အနာဂတ်တွင် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပါသည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်ထားသည်။  HM

Total Views ~ 105

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67156

© 2022 - 2026 News. All Rights Reserved.