နေပြည်တော်၊ ဇူလိုင် ၉
မြဝတီ-ကော့ကရိတ် အာရှလမ်းကုန်သွယ်ရေးကို ပီပီပြင်ပြင် ဖြစ်စေချင်ပြီး ဖွင့်လျှင်လည်း အကျိုးရှိစေချင်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောမြတ်ထွဋ်ဝင်းက ပြောသည်။
"အာရှလမ်းက တရားဝင်မဖွင့်သေးဘူး။ ကျွန်တော်စုံစမ်းသိရရှိရသလောက် တော့ ။ လူတွေကတော့ သွားလာနေကြတယ်။ တစ်ပိုင်တစ်နိုင်လေးပဲ။ တရားဝင်ကြီး နှစ်နိုင်ငံကုန်သွယ်မှု အနေအထားတော့ မစသေးဘူး။ လမ်းကတော့ ဖွင့်ထားတယ်။ ဆယ်ဘီးကားတွေ၊ တွဲကားတွေကတော့ မသွားသေးဘူး။ မသွားတာက မြဝတီလမ်းမကြီးက မသွားတာ။ တောလမ်းတွေကတော့ သွားနေတယ်။ ကရင်လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ NSPNC နဲ့ ဆွေးနွေးလာနိုင် မလားဆိုရင် အစိုးရက ရက် ၁၀၀ မှာလည်း ငြိမ်းရေးဖိတ်ခေါ်ထားတယ်။ ရက် ၁၀၀ မှ မကဘူး။ ဘယ်အချိန်ဖြစ်ဖြစ် ဆွေးနွေးမယ်ဆိုတော့ သူတို့ဘက်ကပဲ ဆွေးနွေးမလား၊ မဆွေးနွေးဘူးလား သူတို့သဘောဖြစ်နေတယ်။ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်ဖို့ကလည်း မြန်မာတစ်နိုင်ငံတည်းနဲ့ ပြီးတဲ့ကိစ္စမဟုတ်ဘူးဖြစ်နေတယ်။ ထိုင်းနဲ့လည်း ညှိနှိုင်းဆောင်ရွက်ရတယ်။ ဥပမာ မူဆယ်ဆိုရင် တရုတ်ရဲ့ဖိအားနဲ့ လုပ်နေရတာ။ အဲဒီ လိုပဲ ဒီဘက်မှာလည်း ဒီလိုပဲ လုပ်မှရမယ်။ အဓိကတော့ KNU ပဲဗျာ။ PDF တွေလည်း KNU ယူနီဖောင်းပဲ ဝတ်နေတာတွေ့နေရတာပဲ။ PDF သီးသန့်ရှားပါတယ်။ သူတို့လည်း တစ်ယောက်နဲ့ တစ်ယောက်ညှိနှိုင်းတာ မဆုံးနိုင်ပါဘူး။ စောချစ် သူရဲ့ KNA ကလည်း ရှိနေတာ။ အစိတ်စိတ်အမြွှာမြွှာဖြစ်နေတဲ့ သဘောရှိတယ်။ သူတို့ချင်း ညှိနှိုင်းနေ ကြတာတော့သိတယ်။ ဘယ်အခြေအနေ ရောက်လဲဆိုတာ ထင်ထင်ရှားရှား မသိရဘူး။ မပီပြင်သေးဘူး။ အမျိုးမျိုး ဖောင်းပွနေတာ။ ဒီတစ်ခါ ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ရင်တော့ ပီပီပြင်ပြင် ဖြစ်ချင်ပါတယ်။ အစိုးရအနေနဲ့ အာရှလမ်းကြီးဖွင့်ဖို့ဆိုရင် တရုတ်လုပ်သလိုပေါ့။ သူထိန်းချုပ်လို့ရတဲ့ ကိုးကန့်တို့၊ 'ဝ'တို့၊ TNLA တို့ကတော့ သူနဲ့ မကင်းတော့။ ကရင်ပြည်နယ်ဘက်မှာလည်း အဲဒီလိုတော့ရှိတယ်။ ဒါပေမဲ့ KNU ကပဲ ခေါင်းမာနေတာလား။ ဘယ်သူမြှောက်ပေးနေတာလဲ။ သူတို့ နောက်ကွယ်မှာလည်း လက်မည်းကြီးတွေ ရှိနေတာဆိုတော့ ဒီလိုပဲ နားလည်တယ်။ ကုန်သွယ်ရေးလမ်းကြောင်း ကဖွင့်ပြီး ပြန်ပျက်ကုန်ရင် မကောင်းဘူးလေ။ နာမည်လည်း ပျက်တာပေါ့။ သေချာမှဖွင့် စေချင်တယ်။ ဖွင့်ရင်လည်း အကျိုးရှိစေချင် တယ်။ အဲဒီအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ရှိတယ်လို့ နားလည်တယ်။ KNU က မဲဆောက်ဘက်မှာ သူတို့အိမ်တွေရှိတယ်။ အခုတော့ နည်းနည်းကျပ်တည်းတဲ့ အနေအထားတော့ ရှိနေပါပြီ။ ထိုင်းက ဘယ်လောက်အထိ တာဝန်ခံမလဲ၊ ထိန်းသိမ်းမလဲ။ သူတို့လည်း သိနေတာပဲ။ အာရှလမ်းက မဖွင့်နိုင် ဘဲ ကြာနေရင်တော့ ထိုင်းပစ္စည်းတွေ အသုံးများတဲ့ ရန်ကုန်တို့၊ နေပြည်တော်တို့မှာ အိမ်သုံးပစ္စည်းတွေ ဈေးကြီးတာပေါ့။ တချို့ပစ္စည်းတွေ ရှာမရဘူး။ ကျွန်တော်တို့ကိုယ်တိုင် ဝယ်သုံးရတော့ သိပါတယ်"ဟု ၎င်းင်းက ပြောသည်။
မြဝတီ-အာရှလမ်းမကြီးက ကုန်စည်စီးဆင်းမှုမရှိသေး၍ နိုင်ငံတော်မှရရှိမည့် အခွန်ငွေကြေးများ လက်နက်ကိုင် အဖွဲ့အစည်းများထံ စီးဆင်းနေကြောင်း စောမြတ်ထွဋ်ဝင်းက ပြောသည်။
"အနှောင့်အယှက်ကင်းကင်း သွားနိုင်ဖို့ လမ်းခရီးချောမွေ့ဖို ပြင်ဆင်နေတယ်လိုတော့ နားလည်ရတယ်။ အဓိကတော့ နိုင်ငံတော်အစိုးရ အခွန်အကောက်တွေ ရရှိရေး၊ နိုင်ငံတော်ကို ပိုက်ဆံဝင်ဖို့ အရေးကြီးတယ်။ အခုက နိုင်ငံတော်အစိုးရဆီကို မဝင်ဘဲနဲ့ တရားမဝင်လမ်း ကြောင်းတွေကို ဝင်နေတယ်။ ရှင်းရှင်းပြောရရင် လက်နက်ကိုင်အဖွဲ့အစည်းတွေဆီကို ဝင်နေတာ။ အခုအစိုးရအနေနဲ့ အခွန်ရရှိရေး လုပ် ဆောင်နေတယ်လို့တော့ နားလည်ထားတယ်။ အခုက လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နယ်မြေ ထဲမှာပဲ သွားလာနေကြတာ"ဟု ၎င်းကပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သော မြ၀တီ-အာရှလမ်းမကြီးနှင့် ကုန်သွယ်ရေးအတွက် အချက်အချာကျသော မြဝတီနယ်စပ် ချစ်ကြည်ရေး တံတားအမှတ်(၂)သည်လည်း ဖွင့်လှစ်ထားပြီဖြစ်သော်လည်း အာရှလမ်းမကြီးမှ ကုန်စည်စီးဆင်းမှု မရှိသေးကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
အာရှလမ်းမှ ကုန်စည်ကူးသန်းသွားလာမှုမရှိသေးသည့်အတွက် မြဝတီ၊ ကော့ကရိတ်လမ်းဟောင်း၊ ၁၀၁၈ လမ်း၊ ထို့ကော်ကိုးလမ်းတို့မှ ခက်ခက်ခဲခဲသွား လာနေကြကြောင်း သိရသည်။ ကွန်းဈာန်