Breaking

ရှမ်းပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ထပ်ပေးလိုက်လျှင် လက်ရှိပြဿနာများ ပိုမို ဆိုးရွားသွားနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြော

နေပြည်တော်၊ ဇူလိုင် ၂
    ရှမ်းပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထပ်မံပေးလိုက်မည်ဆိုပါက လက်ရှိပြဿနာများ ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း သီပေါပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောသည်။ 
    "တိုင်းရင်းသား ရှမ်းနိုင်ငံရေးသမားအနေနဲ့ ပြောရရင်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြန်ကြည့်မယ်ဆိုရင်လည်း ရှမ်းပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတောင်းလိုက်ပြီဆိုရင် ရှမ်းပြည်က အစိတ်စိတ်အမြွှာမြွှာ ကွဲခဲ့ပြီးသွားပြီ။ ဒါမျိုးကို နောက်တစ်ကြိမ် ထပ်ပြီးဖြစ်မယ့် အရေးကိုတော့ ကျွန်တော်တို့က မလိုလားပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုတဲ့ နောက်မှာ အစိုးရရဲ့ အာဏာစက်သက်ရောက်မှု၊ ထိန်းကျောင်းမှုက အားနည်းခဲ့တဲ့အတွက် ဒီနေ့ဒီအချိန်မှာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရပေးထားတဲ့ ဒေသတွေက ကိုယ်ပိုင်နိုင်ငံ တည်ထောင်ချင်လာကြတယ်။ ကိုယ်ပိုင်ဒေသတွေ လုပ်ချင်လာပြီးတော့ အစိုးရနဲ့ အန်တုချင်လာတယ်။ ဒီလို ဖြစ်ခဲ့တာကို ကျွန်တော်တို့က သင်ခန်းစာယူရမယ်။ ဒါကို သင်ခန်းစာမယူဘဲနဲ့ ဒီလိုပဲ ကျွန်တော်တို့က ရှမ်းပြည်ကို ထပ်ပြီး ခွဲစိတ်ပြီး ပေးနေမယ်ဆိုရင် နောင်တစ်ချိန်မှာ ရှမ်းပြည်ရဲ့ ပြဿနာဟာ အစိုးရရဲ့ အာဏာစက် သက်ရောက်မှုမရှိဘဲနဲ့ သီးခြားကြီးကို ဖြစ်သွားမယ့် အနေအထားတစ်ခုမှာ တွေ့လာရပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ ဖြစ်နိုင်ခြေမရှိဘူး။ အစိုးရအနေနဲ့လည်း ကျွန်တော့်လိုပဲ စဉ်းစားမယ်ထင်တယ်။ ဒီအချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေဒေသတွေ ထပ်ပေးလိုက်ခြင်းက လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ပိုပြီးတော့ ဆိုးရွားသွားစေနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ပြည်ထောင်စုကို ပြိုကွဲသွားနိုင်တဲ့ အနေအထားတစ်ခုမှာ ရှိပါတယ်။ ပြည်နယ်တစ်ခုလိုချင်တယ်ဆိုရင် အခြေခံဥပဒေအတိုင်းပဲ ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့နိုင်ငံ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်လို့မရဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း သွားမယ်။ လူမျိုးတစ်မျိုးက ပြည်နယ်လိုချင် တယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန္ဒခံယူပွဲတွေ လုပ်မယ်။ သဘောထား မှတ်ချက်တွေယူမယ်။ လူထုက သတ်မှတ်တဲ့ အချက်တွေနဲ့ ပြည်စုံတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီရင်တော့ သတ်မှတ်တဲ့အချက်တွေရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုရင်တော့ မရနိုင်ဘူး။ လူခင်လို့မူကို ပြင်တယ်ဆိုတဲ့မေးခွန်းက လက်ရှိအစိုးရမှာ ကျင့်သုံးမယ်လို့ မမျှော်လင့်ဘူး။ ဖွဲ့စည်းပုံ အခြေ ခံဥပဒေအတိုင်း ဆောင်ရွက်သွားမယ် လို့ နားလည်ထားပါတယ်"ဟု ၎င်းကပြော သည်။ 
    နိုင်ငံတော်အစိုးရအနေဖြင့် ရှမ်းမြောက်ရှိ EAOS များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပြောဆိုရန် ငြိမ်းချမ်းရေးအကျိုးဆောင်လိုအပ်ပြီး ငြိမ်း ချမ်းရေး တွေ့ဆုံဆွေးနွေး လိုက်မည်ဆိုပါက လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးလာနိုင်ကြောင်း စိုင်းကောင်းသက်စံက ပြောသည်။
    "ကျွန်တော်တို့အမြင်မှာ သမ္မတကြီးက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ် ပေမယ့် မြောက်ပိုင်း အဖွဲ့တွေနဲ့ အစိုးရဆွေးနွေးဖို့ဆိုတာက ကြားခံဆက်သွယ်ရေးတစ်ခု လိုပါတယ်။ သူတို့ဘက်က ထုတ်ပြောတာလည်းရှိပါတယ်။ ဆိုလိုချင်တာက ညှိနှိုင်းစေ့စပ်ပေးမယ့် ပုဂ္ဂိုလ်မျိုး လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဒီအတိုင်းလေးပဲ ဆက်သွားနေမယ်ဆိုရင် ဆွေးနွေးချင်သော်လည်း ကြားခံပုဂ္ဂိုလ်ပေါ့။ ငြိမ်းချမ်းရေး အကျိုး ဆောင်ပေးမယ့်လူ လိုပါတယ်။ အကျိုးဆောင်ပေးမယ့်လူရှိမှပဲ ဒီကိစ္စက အဆင်ပြေသွားပါလိမ့်မယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုရင် ရှမ်းမြောက်ဒေသက အရင်လို တည်ငြိမ်အေးချမ်းရေး ပြန်ဖြစ် သွားမယ်။ လူမှုစီးပွားတွေ ပြန်တိုးတက်သွားမယ်။ အဓိကတော့ ငြိမ်းချမ်းရေး မရသေးတာရယ်၊ လက် နက်ကိုင်ကြီးစိုးတဲ့ ဝါဒတွေရှိနေတဲ့အခါကျတော့ ကျွန်တော်တို့က ဆောင်ရွက်ချင်သော်လည်းပဲ ဆောင်ရွက်လို့မရသေးတဲ့ အနေ အထားတစ်ခုမှာ ရှိနေတယ်။ ရှမ်းမြောက်ရဲ့ အဓိက ပြဿနာက ငြိမ်းချမ်းရေး ဆွေးနွေး ဖို့ဆိုတာထက် ကျော်လွန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လက်နက်ကိုင် တိုက်ခိုက်ခြင်းမျိုး မဟုတ်တော့ဘဲနဲ့ ကိုယ့်မင်းကိုယ့်ချင်းနဲ့ သမ္မတကြီးပြောခဲ့သလို လူတစ်လူငါတစ်မင်း လုပ်ချင်သူတွေက များနေတယ်။ ဒါတွေကို စေ့စပ်ညှိနှိုင်းဖို့ကတော့ တော်တော်ကို ကျယ်ပြန့်မယ့် အနေအထားတစ်ခု ဖြစ်ပါတယ်။ လက်ရှိမြေပြင်မှာ ကျွန်တော်တို့ သီပေါဒေသဆိုရင်လည်း ကျွန်တော်တို့ အစိုးရရဲ့ အာဏာစက်အောက်မှာရှိရမယ့် ဒေသဖြစ်သော်လည်း ကိုးကန့်ကသူတို့ရဲ့ အထူးဒေသ(၁) လို့သတ်မှတ်တယ်။ သတ်မှတ်ပြီးတော့ အုပ်ချုပ်ခွင့်တွေ၊ ဆေးရုံ၊ တက္ကသိုလ်တွေတောင် လုပ်တော့မယ် ဆိုပြီး ပေါ်တင်ပေါ့ဗျာ။ စင်ပြိုင် အစိုးရပေါ်လာတယ်။ ဒါတွေက ငြိမ်းချမ်းရေးအတွက် ကျော်လွန်တဲ့ အတိုင်းအတာ တစ်ခုဖြစ်သွားတယ်။ တော်တော်လေး သတိထား ဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။ 
    နိုင်ငံတော်အစိုးရအနေဖြင့် ငါးနှစ်တာကာလအတွင်း တိုင်းပြည်တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် မည်သည့်အဖွဲ့အစည်းမဆို ကြိုတင်ကန့်သတ်ချက်မှ မထားဘဲ ငြိမ်းချမ်းရေးအတွက် လာရောက်ဆွေးနွေးရန် တရားဝင်ဖိတ်ခေါ်ထားသည်။ 
    ပြီးခဲ့သည့် ဇွန် ၉ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ 7 EAOs Alliance တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.