Breaking

ဝိသမလောဘသားများ ဈေးကစားနေမှု တရားဝင်ကုန်သွယ်မှုနှင့် တိုက်ဖျက်မည်

နေပြည်တော်၊ ဇူလိုင်  ၉
    ဝိသမလောဘသမားများ၏ စီးပွားရေးအရ ဈေးကွက်ကစားနေမှုများကို တရားဝင်ကုန်သွယ်မှုဖြင့် တိုက်ဖျက်သွားမည်ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
    ဇူလိုင် ၇ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
    နိုင်ငံတော်သမ္မတကပြောကြားရာတွင် "အိမ်နီးချင်းနိုင်ငံများတွင် အခြေခံစားကုန်များ ဖြစ်သည့် အသား၊ ငါးနှင့် မီးဖို ချောင်သုံးသီးနှံများကို ဈေးကွက်လိုအပ်ချက်များ အများအပြား ရှိနေကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အဆိုပါ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ သို့သော်လည်း အချို့သော လမ်းကြောင်းများ နှင့်ဒေသများ၌ လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် အပြည့်အ၀ တင်ပို့နိုင်ခြင်း မရှိကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တရားဝင်ကုန်သွယ်မှု များဖြစ်ရန်နှင့် စနစ်တကျစစ်ဆေးကြပ်မတ် ကွပ်ကဲသွားရန်လို ပြီး တရားမဝင်ကုန်သွယ်မှုများ လုပ်ဆောင်ခြင်းသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း" ပြောကြားသည်။
    ထို့အပြင် "ခေတ်အဆက်ဆက်တွင်လည်း ကုန်ပစ္စည်းများကို မှောင်ခိုသွင်းခြင်း၊ တင်ပို့ခြင်းများ လုပ်ဆောင်ခဲ့ကြခြင်းကြောင့် နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်အခများ မရရှိခြင်း၊ အရည်အသွေး ပြည့်မီမှုမရှိသည့် ကုန်ပစ္စည်းများကို ပြည်သူများ သုံးစွဲနေကြရခြင်းတို့ကို ကြုံတွေ့ခဲ့ကြရသကဲ့သို့ ဝန်ထမ်းများအနေဖြင့်လည်း အဂတိမှုများကို ကျူးလွန်ခဲ့ကြသည်ကို တွေ့မြင်ရကြောင်း၊ ကုန်ပစ္စည်းများကို တရားမဝင်ရရှိ ထားသည့် ငွေကြေးများဖြင့် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ကုန် သွယ်မှုပြုနေခြင်းကို မိမိတို့အနေဖြင့် လက်ခံ၍ရမည် မဟုတ်ကြောင်း၊ ဝိသမလောဘသမားများ၏ စီးပွားရေးအရ ဈေးကစားနေမှုများကို မိမိတို့အနေဖြင့် တရားဝင်ကုန်သွယ်မှုဖြင့် တိုက်ဖျက်သွားကြရမည်"ဟု ဆက်လက်ပြောကြားသည်။
    ဆက်လက်၍ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပို့ကုန်တိုးမြှင့်ရန်လိုပြီး လုံခြုံရေးပိုင်းဆိုင်ရာအရလည်း နယ်စပ်ကုန် သွယ်ရေးဂိတ်များ ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကလည်း လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျ ဖြစ်စေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွား ကြရန် ဖြည့်စွက် ပြောကြားခဲ့သည်။ ထူးမြတ် 

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.