နေပြည်တော်၊ ဧပြီ ၂၄
လက်နက်ကိုင်ပဋိပက္ခကြောင့် အစိုးရအုပ်ချုပ်မှုနှင့် ကင်းကွာခဲ့ရသည့် သီပေါဒေသခံများ စိုက်ပျိုးရေးစရိတ်ချေးငွေ ပြန်ရတော့မည်ဖြစ်ကြောင်း ကျားဖြူပါတီ သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောသည်။
"အမတော်ကြေးတွေ မရတာသုံး နှစ်ရှိပြီ။ အကြမ်းဖက် လက်အောက်မှာ အမတော်ကြေးတွေ မရတဲ့ကိစ္စလေးတွေ ရှိတယ်။ အရင်တုန်းက လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်တွေကြောင့် မှတ်ပုံတင်တို့၊ အိမ်ထောင်စုစာရင်းတို့ ပျောက်တဲ့၊ ရှတဲ့လူတွေများတယ်။ အဲဒါလေးတွေ လုပ်ပေးဖို့ သူတို့ကိုရှင်းပြတယ်။ ရက် ၁၀၀ စီမံချက်က စပြီ။ ကဏ္ဍသုံးခုပေါ့။ လယ်ယာမြေပုံစံ(၇)၊ မြေငှားဂရန်၊ လဝကကိစ္စ သုံးမျိုး အဓိကထားလုပ်မယ်။ အမတော်ကြေးက စိုက်ပျိုးစရိတ် ထုတ်ချေးတာ လယ်သမားတွေက မရတာကြာပြီ။ သုံးနှစ်ဆိုတော့ သီပေါက အစိုးရအုပ်ချုပ်မှုနဲ့ ကင်းကွာသွားတာ သုံးနှစ်လောက်ရှိသွားပြီ။ အဲဒီကတည်းက မရတာ။ အဲဒီကိစ္စတွေ ပြန်ပြီး တင်ပြထားတယ်။ စိုက်ပျိုးရေးစရိတ်မရဘူး။ သွင်းအား စုတွေ ဈေးကြီးနေတာ။ ဝန်ကြီးဌာနအနေနဲ့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ သူတို့မေးကြတယ်။ တချို့ကိစ္စတွေက လွှတ်တော်တင်စရာ မလိုဘူး။ အောက်ခြေမှာပဲ ရှင်းလို့ရတယ်။ ဒီလို ကိစ္စတွေက အောက်ခြေမှာတင် ပြီးပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေက မရတာ မဟုတ်ဘူး။ အစိုးရအုပ်ချုပ်မှုနဲ့ ကင်း ကွာတဲ့အခါကျတော့ အခုမှပဲ အစိုးရအုပ်ချုပ်မှုက ပြန်ပြီး သက်ရောက်တာကိုး။ အခုမှစပြီး ပြန်လည်ပတ်ရ တာဆိုတော့ အဲဒါကိုလည်း ရှင်းပြလိုက်ပါတယ်။ မကြာခင်ရမှာပါ။ ပြန်ရမှာလို့လည်း ပြောခဲ့ပါတယ်။ ဝန်ကြီးဌာနက ချပေးမှာပါ။ ယာလား၊ လယ်လား။ စိုက်ပျိုးသီးနှံအပေါ်မူတည်ပြီး ကွဲပြားတယ်"ဟု ၎င်းကပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံအနေဖြင့် လွှတ်တော်ရပ် နားထားချိန်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေကို သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အမျိုးသမီးငယ်များ လူကုန်ကူးမှု အန္တရာယ်မကျစေရေး၊ Social Media မှ ခြိမ်းခြောက်မှု၊ မူးယစ်ဆေးနှင့် လောင်းကစားဆိုင်ရာ ကိစ္စရပ်များအတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ကွန်းဈာန်