အမေရိကန်နိုင်ငံမှ  TPS ရပ်ဆိုင်းခြင်းမှာ မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှုနှင့်  တိုးတက်မှုတို့ကြောင့်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

ရန်ကုန် ၊ နို၀င်ဘာ ၂၅ 

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသားများကိုပေးထားသည့် TPS ရပ်ဆိုင်းခြင်းမှာ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှုနှင့် တိုးတက်မှုတို့ကြောင့်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အစိုးရ၏ မြန်မာနိုင်ငံသားများအပေါ် Temporary Protected Status(TPS)ပေးထားရာမှ ရပ်ဆိုင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက နို၀င်ဘာ ၂၅ ရက်တွင် အထက်အတိုင်း ထည့်သွင်း ဖြေကြားထားသည်။

" ဒီနေ့ အမေရိကန် ပြည်တွင်းလုံခြုံရေးဝန် ကြီးဌာန Department of Homeland Security ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်အရ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို TPS ပေးထားတာကနေရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းကြားသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါမှာ TPS ရပ်ဆိုင်းရတဲ့အကြောင်းအရင်းကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်လာမှု ကြောင့်ဆိုတာကို ပြောဆိုထားတာတွေ့ရပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ အရေး ပေါ်အခြေအနေက ရုပ်သိမ်းပေးခဲ့မှု၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဆောင်ရွက်နေမှု၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှုနဲ့ တိုးတက်မှုတို့ကြောင့် TPS အခွင့်အရေးရထားတဲ့မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံကို လုံခြုံစွာ ပြန်နိုင်ပြီဖြစ်ကြောင်းသုံးသပ်ပြီး ရပ်ဆိုင်းခဲ့တယ်ဆိုတာကို သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ အမေရိကန်အစိုးရရဲ့ ဒီထုတ်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့ မှတ်ယူပါတယ်။အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ/နိုင်ငံသားများအနေနဲ့ အမိနိုင်ငံကို ပြန်လာလို့ရပါတယ်။ကြိုဆိုပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားခဲ့သည်။

အကြောင်းအမျိုးမျိုး ကြောင့် နေရာဒေသအသီးသီးကို ရောက်ရှိနေသည့်  မြန်မာနိုင်ငံသားများကို ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့က တည်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ တရားဝင်ကြေညာချက်ထုတ်ပြီး ဖိတ်ခေါ်ခဲ့သည်။

" အဲ့ဒီထဲမှာတော့လူသတ်မှု၊ မုဒိမ်းမှုစတဲ့ ပြစ်မှုကြီးများ ကျူးလွန်သူများကတော့ တရားဥပဒေအရ တရားရင်ဆိုင်ရမှာဖြစ်ပြီး ကျန်သူများက တော့ အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးသွားပါမယ်လို့ ကြေညာချက်မှာ ပါခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီကြေညာချက်ကြောင့်လည်း ထွက် ပြေးတိမ်းရှောင် သူတော်တော်များများ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ သူတို့အနေနဲ့လည်း ကျွန်တော်တို့နိုင်ငံ အတွင်းမှာကောင်းမွန်စွာနေထိုင်လျက်ရှိပါတယ်" ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်း ဖြေကြားခဲ့သည်။ 

၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာတော့ ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်များဆိုပြီး PDF အမည်ခံ လက်နက်ကိုင်အုပ်စုများကိုလည်းတရားဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း၊အဆိုပါ ဖိတ်ခေါ်ချက် ကြောင့်လည်း PDFအမည်ခံ လက်နက်ကိုင်အဖွဲ့ဝင် ရာပေါင်းများစွာ တရားဥပဒေဘောင် အတွင်း ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


 ထို့အပြင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်၍နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းချက်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံတော်အစိုးရက ထုတ်ပြန်၍ ဖိတ်ခေါ်ခဲ့သည်။

" အခု ကျွန်တော်တို့နိုင်ငံမှာ မကြာမီ အချိန်အတွင်းမှာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာနိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီးအထွေထွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ပါတယ်။ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တော်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့ လက်ကမ်းကြိုဆိုပါကြောင်း အသိပေးအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်"ဟူ၍ အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်း ‌ဖြေကြားခဲ့သည်။

Total Views ~ 26

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58449

© 2022 - 2025 News. All Rights Reserved.