Breaking

အမွေအနှစ်မှ အနာဂတ်ဆီ မြန်မာ့ရုပ်သေးစကားဝိုင်းကို Governor’s Residence တွင် အောင်မြင်စွာကျင်းပ

ရန်ကုန်၊ ဇူလိုင် ၂၃
    မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်တစ်ခုဖြစ်သည့် ရုပ်သေးပညာရပ် ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ "အမွေအနှစ်မှ အနာဂတ်ဆီ" မြန်မာ့ရုပ်သေးစကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့တော်ဝင်လမ်းရှိ Governor’s Residence တွင် ကျင်းပခဲ့သည်။
    ဆွေးနွေးပွဲတွင် အပိုင်းငါးပိုင်းခွဲ၍ ရုပ်သေးပညာရပ်၏ အနှစ်သာရ၊ လက်ရှိ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် လူငယ်မျိုးဆက်သစ်များ စိတ်ဝင်စားလာစေရန် ဆွဲဆောင်မည့် နည်းလမ်းများကို အကျေအလည် ဆွေးနွေးခဲ့ကြကြောင်း၊ ရုပ်သေး၏ အဓိပ္ပာယ်နှင့် ထူးခြားချက်များအနေနှင့် ဆရာ ဆရာမများအတွက် ရုပ်သေး၏အရေးပါမှုနှင့် မြန်မာ့ရုပ်သေး၏ တစ်မူထူးခြားသော အနုပညာလက်ရာများကို ဖော်ထုတ်ဆွေးနွေးခဲ့ကြသည်။
    ထို့အပြင် မျိုးဆက်သစ်များနှင့် ချိတ်ဆက်နိုင်ရန် ယနေ့ခေတ် လူငယ်များကို ရုပ်သေးနှင့် မည်သို့မိတ်ဆက်ပေးရမည်နည်း၊ ရုပ်သေးသင်တန်းများ ဖွင့်လှစ်သင့်ပုံ၊ တက္ကသိုလ်၊ ကျောင်းများနှင့် ဇာတ်သဘင်ဖျော်ဖြေရေးများတွင် မည်သို့ထည့်သွင်းသင်ကြားပြသသင့်သည်ကို အကြံပြုခဲ့ကြကြောင်းနှင့် နည်း ပညာနှင့် ဆန်းသစ်တီထွင်မှု (In-novation)အတွက် Digital Platform များ ဖြစ်သော Facebook, TikTok, YouTube, Animation နှင့် AI နည်းပညာများကို မြန်မာ့ရုပ်သေးနှင့် မည်သို့ပေါင်းစပ်ပြီး ကမ္ဘာသိအောင် ဖော်ပြနိုင်မည်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    အနာဂတ်မျှော်မှန်းချက်အနေဖြင့် နောင် ၁၀ နှစ်အတွင်းတွင် မြန်မာ့ရုပ်သေးကို မည်သို့မြင်တွေ့လိုသလဲဟူသော မျှော်မှန်းချက်များနှင့်အတူ အတူတကွ ပူးပေါင်းလုပ် ဆောင်မည့် အနာဂတ်စီမံ ကိန်းများကို ချမှတ်ခဲ့ကြကြောင်း၊ အဆိုပါစကားဝိုင်း ဆွေးနွေးပွဲမှရလဒ်အနေဖြင့် လာမည့်တစ် နှစ်တာအတွင်း လုပ်ဆောင်မည့်လုပ်ငန်းစဉ် များချမှတ်ခြင်း၊ ချိတ်ဆက်ဆောင်ရွက်မည့် အဖွဲ့အစည်းများ သတ်မှတ်ခြင်းနှင့် ရုပ်သေးပညာရပ်ဆိုင်ရာ မှတ်တမ်းမှတ်ရာများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားမည့် အစီအစဉ်များကိုပါ တစ်ပါတည်းဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
    အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဌ ဦးဖိုးချစ် တက်ရောက်ချီးမြှင့်ကာ ပါဝင်ဆွေးနွေးခဲ့ပြီး၊ စကားဝိုင်းတွင် ဒေါ်မမနိုင် ဥက္ကဋ္ဌ (မြန်မာနိုင်ငံရုပ်သေးကော် မတီ)၊ဦးအောင်စိုးဦးစာပေ၊ ရုပ်ရှင်နှင့် ဥပဒေပညာရှင် (နာယက - ရုပ်သေးကော်မတီ)၊ ဦးဟိန်းလတ် (အမျိုးသားစာပေဆုများရှင်) (နာယက- ရုပ်သေးကော်မတီ)၊ ဦးမြတ်စိုးလှိုင် ဒုတိယ ဥက္ကဋ္ဌ (မြန်မာနိုင်ငံ စာရေးဆရာအသင်း-ဗဟို) (နာယက-ရုပ်သေးကော်မတီ)၊ ဦးရဲထွဋ် (သန်လျင်မောင်ဝင်းဝါ) - ဌာနမှူး (ငြိမ်း)၊ သဘင်ပညာဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တို့က အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြသည်။ သက်မှူး

Total Views ~ 2

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.