အိန္ဒိယဝယ်လိုအားများ၍ ပြည်တွင်း မတ်ပဲဈေး အလားအလာကောင်းနေ

ရန်ကုန်၊ ဇူလိုင် ၁၆
    လတ်တလော ဈေးကွက်အတွင်း အိန္ဒိယနိုင်ငံမှ မတ်ပဲ ဝယ်လိုအားကောင်းနေခြင်းကြောင့် မတ်ပဲဈေးကွက် အလားအလာ ကောင်းနေကြောင်း ဈေးကွက်အတွင်း မှ သိရသည်။
    "လတ်တလော ပြည်တွင်းမတ်ပဲ ဈေးကွက်အတွင်း အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုအခြေအနေနဲ့ ဝယ်လိုအားကြောင့် ဇူလိုင်လအတွင်း ဈေးနှုန်း မြင့်တက်နေပြီး အခိုင်အမာ ဈေးတန်းတစ်ခုမှာ ရှိနေပါတယ်။ ရေတိုကာလ ဇူလိုင်လ တတိယပတ်နဲ့ စတုတ္ထပတ်အတွင်း မတ်ပဲဈေးနှုန်းဟာ ဆက်လက်ခိုင်မာတဲ့ အတက်လမ်းကြောင်းမှာ ရှိနေနိုင်တယ်"လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သုံးသပ်ထားကြောင်း သိရသည်။
    မြန်မာ့မတ်ပဲ ဈေးကွက်သည် အိန္ဒိယဘက်မှ ဝယ်လိုအားအပေါ် မူတည်၍ အပြောင်းအလဲများ ရှိနေကြောင်း သိရသည်။
    ဈေးကွက်လေ့လာသူများ၏ သုံးသပ်ချက်အရ ပြည်တွင်းအထွက်နှုန်း နည်းပါးမှုနှင့် အိန္ဒိယနိုင်ငံ၏ လိုအပ်ချက်များကြောင့် မတ်ပဲဈေး ခပ်မာမာအနေအထားတွင် ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ရန်ကုန်နှင့် မန္တလေးကဲ့သို့သော အဓိကဒေသများတွင် နေ့စဉ်အတက်အကျများ ဆက် လက်ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။
    ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးအရ မတ်ပဲ FAQ တစ်တန်ကို ကျပ် ၃၃ သိန်းကျော်အထိ ရောက်ရှိနေပြီး ပြည်တွင်း Raw သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၃၃၂၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်နေကြောင်း သိရသည်။
    မြန်မာနိုင်ငံမှာ မတ်ပဲကို စပါးပြီးပါက ဒုတိယအရေးအကြီးဆုံး သီးနှံအဖြစ် စိုက်ပျိုးကြပြီး အဓိကအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် ပြည်ပတင်ပို့ နိုင်ရန်အတွက်အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
    ပြည်ပတင်ပို့မှုအနေဖြင့် မြန်မာ့မတ်ပဲ၏ ရာခိုင်နှုန်း ၇၀ ကျော်ကို အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူနေပြီး အမေရိကန်နှင့်  အနောက်ဥရောပ ဈေးကွက်များကိုလည်း တိုးချဲ့တင်ပို့လျက်ရှိနေကြောင်း သိရသည်။ PHYU

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63726

© 2022 - 2026 News. All Rights Reserved.