ရန်ကုန်၊ ဇန်နဝါရီ ၆
ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မှန်မှန်ကန်ကန်၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လွတ်လပ်ပြီးတရားမျှ တသည့် ရွေးကောက်ပွဲအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက အသိပေးပြောကြားခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ဇန်နဝါရီ ၅ ရက်က UEC ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အထက်ပါအတိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲမှတစ်ဆင့် ဂုဏ်သိက္ခာရှိသော လွှတ်တော်အသီးသီး ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောကြားခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မဲစာရင်းကို သုံးကြိမ်တိုင် ကပ်ထားကြေညာပေးခဲ့ပြီး မဲစာရင်းတွင် မပါဝင်ပါက တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့် ကွက်ခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ကြိုတင်မဲပေး ခြင်းနှင့်စပ်လျဉ်း၍လည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့ပြီး ၂-၁-၂၀၂၆ ရက်စွဲဖြင့်လည်း အသိပေးထုတ် ပြန်ကြေညာခဲ့သည်။
ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရေတွက်ခြင်း၊ ဆန္ဒမဲစာရင်းများ ပြုစုခြင်း၊ ကပ်ထားကြေညာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ် စားလှယ်များ၊ အသိသက်သေများ၊ အများပြည်သူတို့အား ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရရှိသည့် ဆန္ဒမဲစာ ရင်းများကို အများပြည်သူ သိရှိနိုင်ရန် သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား၊ ကြေညာထားပြီးဖြစ်ကြောင်း ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ကြောင်း အသိအမှတ်ပြု မှတ်ကျောက်တင်ရန်အတွက် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အစည်းများမှ သတင်းမီဒီယာသမားများ စုစုပေါင်း ၁၅၄၄ ဦးခန့် စောင့်ကြည့်လေ့လာ သတင်းရယူခွင့်ပြုခဲ့သည်။
နိုင်ငံတကာရွေးကောက်ပွဲစောင့် ကြည့်လေ့လာသူများက မဲဆန္ဒရှင်ပြည်သူများ၏ စိတ်ပါဝင်စားမှု၊ အားတက်သရော လာရောက်မဲပေးခဲ့မှုများကို မြင်တွေ့ခဲ့ကြသည့်အတွက် အောင်မြင်သည့်ရွေး ကောက်ပွဲဖြစ်ကြောင်းနှင့် ထောက်ခံအားပေး အသိအမှတ်အပြု မှတ်ချက်စကားများ ပြောကြားခဲ့ကြောင်း၊ အခက်အခဲ အမျိုးမျိုးကြားမှ လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီး ဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံ ရေးပါတီ ၄၇ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ညီသစ်