Breaking

ဧရာဝတီမြစ်ဆိပ်ကမ်းအသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုဗဟိုချက်ဖြစ်ရန် ဆောင်ရွက်မည်

ရန်ကုန်၊ ဇူလိုင်၂၃
    ဧရာဝတီမြစ်ဆိပ်ကမ်းအသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်းပြည်ပကုန် စည်စီးဆင်းမှုဗဟိုချက်ဖြစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို က စီမံကိန်းလုပ်ငန်းခွင်သို့ ဇူလိုင် ၁၆ ရက်တွင် သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
    အဆိုပါစီမံကိန်းသည် မြေဧက ၄၆၀ ကျော် ကျယ်ဝန်းသော မကွေးစက်မှုဇုန်စီမံကိန်းဖြစ်ပြီး ဖွံ့ဖြိုးလာပါက အနာဂတ်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် စက်မှုဇုန်နှင့် တစ်မိုင်ခွဲခန့်သာကွာဝေးသည့် ဧရာဝတီမြစ်ကမ်းဘေးတွင် ကုန်တင်ကုန်ချဆိပ်ကမ်းငယ်တစ်ခု တည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းစက်မှုဇုန်ကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံနိုင်သည့် စနစ်ကျသော စက်မှုဗဟိုချက်တစ်ခုအဖြစ် ထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
    ယင်းစက်မှုဇုန်စီမံကိန်းကို မကွေးတိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီနှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း အကောင်အထည်ဖော်နေ ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် Site Cleaning ပြုလုပ်ခြင်း၊ မြေကွက်ရိုက်ခြင်းနှင့် လမ်းအူကြောင်းဖော် မြေသားတာပေါင်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရှင်တချို့မှလည်း ဝင်ရောက် လုပ်ကိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ 
    မကွေးစက်မှုဇုန်သည် မကွေး-တောင်တွင်းကြီး ကားလမ်းဘေး (မိုင်တိုင် ၃၂၅) တွင် တည်ရှိပြီး စက်မှုဇုန်မြေနေရာ၏ တောင်ဘက်ခြမ်း ၁ မိုင် ၄ ဖာလုံခန့် အကွာတွင် ဧရာဝတီမြစ် တည်ရှိသောကြောင့် အနာဂတ်တွင် ရေကြောင်းသယ်ယူပို့ဆောင်ရေးကို အသုံးချကာ စက်မှုဇုန်၏ ထုတ်ကုန်များနှင့် ကုန်ကြမ်းများကို သက်သာသော ကုန်ကျစရိတ်ဖြင့် သယ်ယူပို့ဆောင်နိုင်မည့် ဆိပ်ကမ်းငယ်တစ်ခု ဖော်ဆောင်ရန် အလားအလာကောင်းများ ရှိနေခြင်းဖြစ်သည်။
    နိုင်ငံတော်၏ စီးပွားရေးမူဘောင် များနှင့်အညီ စနစ်တကျ တည်ထောင်နေသည့် ဤစက်မှုဇုန်သည် ဒေသတွင်းစီးပွား ရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်ထားပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးအတွက်လည်း သက်ဆိုင်ရာ ဥပဒေ၊ စံချိန်စံညွှန်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ထပ်မံပြောကြားထားသည်။  သက်မှူး

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63859

© 2022 - 2026 News. All Rights Reserved.