ရန်ကုန်၊ ဇူလိုင် ၂
၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်းနှင့် ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းရောက်ရှိခဲ့သော်လည်း ကနဦးမှတ်ပုံတင်လုပ်ငန်းများ မပြီးစီးသေးသည့် မော်တော်ယာဉ်များကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင် ဆောင်ရွက်ရန် ပို့ ဆောင်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။
ထို့အပြင် သတ်မှတ်ကာလကျော် လွန်ပါက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးများ၌ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တင်သွင်းခွင့်ပြုချက်ရရှိပြီး အကောက်ခွန်ဦးစီးဌာနတွင် အခွန်ပေးဆောင်ကာ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောက်ရှိလာသည့် မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ ကနဦးမှတ်ပုံတင် လုပ်ငန်းများမဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ် သော်လည်း လက်ရှိတွင် မှတ်ပုံတင်ခြင်းမရှိဘဲ နံပါတ်ပြားအတုများနှင့် အလှဆင် နံပါတ်ပြားများ တပ်ဆင်အသုံးပြုနေသည့် ယာဉ်များကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ထို့ပြင် လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားယာဉ်များကိုလည်း ကနဦးမှတ် ပုံတင်လုပ်ငန်းများ မဆောင်ရွက်ဘဲ စီမံကိန်းများနှင့် လုပ်ငန်းခွင်များတွင် တရားမဝင် အသုံးပြုနေမှုများကိုတွေ့ရှိရကြောင်း၊ ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအရ သတ်မှတ်ထားသည့် ကနဦး မှတ်ပုံတင်လုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပထမအဆင့်အဖြစ် ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းခဲ့သည့် မော်တော်ယာဉ်များကို ဇွန်လ ၃၀ ရက် နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင် ဆောင်ရွက်ရန် ယခင်က သတ်မှတ်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
ယခုအသိပေးချက်တွင် ဒုတိယအဆင့်အဖြစ် ၂၀၁၅–၁၇ ခုနှစ်နှင့် ၂၀၂၁–၂၅ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းခဲ့သည့် မော်တော်ယာဉ်များအား ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံး ထား၍ ကနဦးမှတ်ပုံတင်လုပ်ငန်းများ ပြီးစီး အောင်ဆောင်ရွက်ရန် ထပ်မံအသိပေးထား ခြင်းဖြစ်ကြောင်း သိရသည်။ သက်မှူး