ရန်ကုန်၊ ဇူလိုင် ၉
နေပြည်တော်၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ၂၀၂၆-၂၇ ခုနှစ် မိုးစပါးသီးနှံ Rice Export Zone အစီအစဉ် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone) လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)မှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုအဆင့် ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone) လုပ်ငန်းကြီးကြပ်မှုကော်မတီအနေ ဖြင့်မူဝါဒ၊ စည်းကမ်း သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စံလုပ်ထုံးလုပ်နည်းများအား အခါအားလျော်စွာ ဆောင်ရွက်ပေးခြင်း၊ ပြည်ပတင်ပို့မည့် ဆန်စပါးစိုက် ပျိုးရေးဇုန် (Rice Export Zone) အတွက် ရေးဆွဲထားသောစီမံချက်၊ စာချုပ်များအပေါ် လမ်းညွှန်မှုပြုခြင်း၊ ချေးငွေဆိုင်ရာဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ ကိုက်ညီမှုရှိစေရေး ထိန်းကျောင်းကြပ်မတ်ခြင်း၊ Exporter ကုမ္ပဏီနှင့် တောင်သူများအကြား အငြင်းပွားမှုများပေါ် ပေါက်လာပါက ဖြေရှင်းဆုံးဖြတ်ပေးရေး အပါအဝင် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၆-၂၇ ခုနှစ် မိုးစပါးသီးနှံ၌ ဆောင်ရွက်မည့် Rice Export Zone အစီအစဉ်ကို နေပြည်တော်ကောင် စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စုစုပေါင်း ဧက ၃ ဒသမ ၄ သိန်းကျော်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းတွင်ပါဝင်သည့် တောင်သူများအား တစ်ဧကလျှင် ငွေကျပ် ၇ ဒသမ ၅ သိန်းနှုန်း ပံ့ပိုးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ငွေကျပ်သုံးသိန်းနှုန်း၊ ပါဝင်ဆောင်ရွက်မည့် Exporter ကုမ္ပဏီမှ ငွေကျပ်နှစ်သိန်းနှုန်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်းဖြင့်ပံ့ပိုး၍ Rice Export Zone အစီအစဉ်ကို အောင်မြင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သက်မှူး