၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၂၄၄၀၆၈ တန်ဖိုးရှိ QIP စီမံချက် ငါးခု မြန်မာ-အိန္ဒိယ လက်မှတ်ရေးထိုး

ရန်ကုန်၊ စက်တင်ဘာ ၁၇
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် ‘မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects- QIP)’ အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ငါးစောင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမျိုးသားစီမံ ကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
    အဆိုပါ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၁၁ ရက်က အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
    နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲတွင်  သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ပထမအတွင်းဝန် Mr. Amit Shreeansh တို့က လက်မှတ်ရေးထိုးကြပြီး မီဒီယာသင်ကြားရေးစင်တာ တည်ထောင်ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို  ပြန်ကြားရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ငလျင်ဒဏ်သင့်ကျေးလက်ဒေသများအတွက် နေရောင်ခြည်စွမ်းအင်သုံးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှလည်းကောင်း၊ ဗဟိုသင်တန်းကျောင်းတွင် သင်ကြားရေးကိရိယာများအဖြစ်အသုံးပြုရန် ဆောက်လုပ်ရေး စက်ယန္တရား မောင်းနှင်လေ့ကျင့်ရေးစက်နှင့် အင်ဂျင်ပုံစံငယ်ဖြတ်ပိုင်းဝယ်ယူခြင်း စီမံချက်နှင့် ဗဟိုသင်တန်းကျောင်းတွင် အသုံးပြုရန် ဆောက်လုပ်‌ရေးလုပ်ငန်းသုံး စက်ယန္တရားများအတွက် စနစ်တကျ လေ့ကျင့်သင်ကြားရေး သင်ထောက်ကူပစ္စည်းဝယ်ယူခြင်း စီမံချက်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လည်းကောင်း၊ မာန်အောင်ရတနာဘုရားထိန်းသိမ်းခြင်း စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာနား လည်မှုစာချွန်လွှာကို ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ  လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
    အဆိုပါစီမံချက်များသည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၄၀၆၈ ရှိပြီး စီမံချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များ ပါဝင်သည့် စီမံချက်ဆိုင်ရာစောင့် ကြည့်စစ်ဆေးရေးပူးတွဲကော်မတီများဖွဲ့စည်း၍ ကြီးကြပ်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးသည့် QIP စီမံချက် ငါးခုအပြင် ထပ်မံ၍ စီမံချက်ငါးခုကိုလည်း အိန္ဒိယနိုင်ငံအစိုးရမှ အကူအညီပေး အပ်မည်ဖြစ်ရာ ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်း QIP စီမံချက် ၁၀ ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ သက်မှူး

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65716

© 2022 - 2026 News. All Rights Reserved.