Breaking

AML-CFT ညွှန်ကြားချက်များကို လိုက်နာ၍ ယုံကြည်စိတ်ချရသော အိမ်ခြံမြေအကျိုးဆောင်များဖြစ်လာရန် ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၉
    အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ညွှန်ကြား ချက်များကို တိကျစွာလိုက်နာကာ နိုင်ငံတော်နှင့် ပြည်သူကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ဇူလိုင် ၄ ရက်က ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်ရှိ Sky Star Hotel  တွင် ကျင်းပသည့် AML/CFT ညွှန်ကြားချက်ဆိုင်ရာ အသိပညာပေးအခမ်းအနားနှင့် အိမ်ခြံမြေဆိုင်ရာ အဆင့်မြင့်ပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
    အဆိုပါသင်တန်းကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး(ဗဟို)အဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီ ညွတ်သောအိမ်ခြံမြေအကျိုး ဆောင်အသင်းတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။
    ဒေါက်တာမေသန်းနွယ်က "အိမ်ခြံမြေလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးသည့်အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်သဖြင့် စနစ်တကျဖွံ့ဖြိုး တိုးတက်စေရေးအတွက် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းဆိုင်ရာ ဗဟုသုတများကို ကျွမ်း ကျင်စွာ သိရှိနားလည် ထားရန်လိုအပ်ကြောင်း" ပြောကြားခဲ့သည်။
    ထို့ပြင် သင်တန်းတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးထွန်းက AML/CFT သင်တန်းနှင့်ပတ်သက်၍လည်းကောင်း၊ FIU (Financial Intelligence Unit) ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ နှင့်ပတ်သက်၍ ရဲမှူးကိုကိုလေးကလည်းကောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ပပစိုးက အခွန်အကြောင်း သိကောင်းစရာများအား လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနမှ လက်ထောက်ဌာနမှူး ဦးမင်းမင်းဦးက မြို့ပြမြေယာဥပဒေအကြောင်းအားလည်းကောင်း အသိပညာပေး သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
    အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် AML/CFT ညွှန်ကြားချက်များနှင့်လုပ်ငန်းဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို စနစ်တကျ လိုက်နာကျင့်သုံးကာ ကျင့်ဝတ်သိက္ခာရှိပြီး ယုံကြည်စိတ်ချရသော အိမ်ခြံ မြေအကျိုးဆောင်များ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ယင်းမှတစ်ဆင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်ပေးကြရန်လည်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
    ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သော အိမ်ခြံမြေအကျိုးဆောင်အသင်းဥက္ကဋ္ဌ ဦးနေမျိုး အောင်က "ဒီသင်တန်းဖွင့်ပွဲက ပထမဦးဆုံး ခြေလှမ်းဖြစ်ပါတယ်။ သင်တန်းကို ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်က ငွေကြေးခဝါချမှု ဆောင်ရွက်ရန်အတွက် အိမ်ခြံမြေအကျိုးဆောင်များကို အသုံးချခြင်းက နေကာ ကွယ်ရန်၊  အသင်းသားများအနေနဲ့ ငွေကြေးခဝါချမှုလုပ်ငန်းစဉ်များကို သိရှိလိုက် နာဆောင်ရွက်နိုင် စေရန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများဆောင်ရွက်ရာမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေများအား ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန်၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတိုင်း အပြည့်အ၀မှတ်ပုံတင်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နဲ့ နိုင်ငံ တော်ကို ပေးဆောင်ရမယ့်အခွန်များ ပေးဆောင်နိုင်ရေးအတွက် စည်းရုံးဆောင်ရွက်နိုင်စေရန်၊ အသင်းသား အချင်းချင်းအကျိုးစီးပွားဖြစ်ထွန်းစေရန် ရည်ရွယ်ဖွင့်လှစ် တာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
    ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သော အိမ်ခြံမြေအကျိုးဆောင်အသင်းသည် ၂၀၂၆ ခုနှစ် မတ်လတွင် တရားဝင်မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးနောက် တာဝန်ရှိသူများက ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကြကာ (AML/CFT) ညွှန်ကြားချက်ဆိုင်ရာ အသိပညာပေးပွဲနှင့် အိမ်ခြံမြေဆိုင်ရာ အဆင့်မြင့်ပညာပေးသင်တန်းကို ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုအဖြစ် သတ်မှတ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သက်မှူး

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.