နေပြည်တော်၊ ဇူလိုင် ၃၀
ဇူလိုင် ၂၇ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်သူလူထုကို ငြိမ်းချမ်းသည့် အမိုးအကာအောက်တွင် နေထိုင်နိုင်ရန် ဆွေးနွေးနေခြင်းဟု ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာ လင်းက ပြောကြားသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့ တွေ့ဆုံ၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးရလဒ်များနှင့်အညီ တည်ဆောက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NCA-S EAO ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းနှင့်မဆို တွေ့ဆုံဆွေးနွေးနိုင်ရန် လမ်းဖွင့်ထားပါကြောင်း၊ NCA-S EAO ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးပြီး တစ်ဖွဲ့ချင်းနှင့်လည်း Bilateral တွေ့ဆုံဆွေး နွေး၍ လိုအပ်ချက်များအား သက်ဆိုင်ရာဝန် ကြီးဌာနများ၏ မူဝါဒများနှင့်အညီ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ၂၀၁၀ ပြည့်နှစ်မှစတင်၍ ငြိမ်းချမ်းရေးလမ်းကြောင်းအား လျှောက်လှမ်းခဲ့ပြီး NCA ကြိုးပမ်းစဉ်တစ်လျှောက်လုံး ရှေ့တန်းကပါဝင်၍ ယနေ့အချိန်အထိ ငြိမ်းချမ်းရေးအား ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပဋိပက္ခများ ရပ်တန့်ရန် ငြိမ်းချမ်းရေးအား ဆွေးနွေးခြင်းဖြစ်ကြောင်း၊ NCA စာချုပ်ပါ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ရလဒ်များနှင့်အညီ ကြိုးစားရန် အချိန်ကျနေပြီဖြစ်ကြောင်း၊ ယနေ့အချိန်အခါသည် အခွင့်ကောင်း၊ အချိန်ကောင်း ဖြစ်ပါကြောင်းနှင့် ပြည်သူလူထု အကျိုးကိုရှေးရှု၍ ရေရှည်တည်တံ့ခိုင်မြဲ သောငြိမ်းချမ်းရေးကို ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဆွေးနွေးပွဲ၌ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုကို နိုင်ငံရေး ရလဒ်များနှင့်အညီ တည်ဆောက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေမည့်လုပ်ရပ်များ မဖြစ်ပွားစေရေး၊ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အတွင်း ရောက်ရှိနေသော ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအား အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က ကမ်းလှမ်းဖိတ်ခေါ်ထားသည်။ ထူးမြတ်