၂၀၂၆ ၊ ဧပြီ ၂၄
ပြည်တွင်းတွင် အရင်းအနှီးမလိုဘဲ စီးပွားရေးလုပ်ကိုင်နိုင်သည့် အကျိုးဆောင်လုပ်ငန်းကို ရွေးချယ်လုပ်ကိုင်နေမှုများမှာ အများအပြားရှိလာသည်ကို တွေ့ရှိရသည်။ အကျိုးဆောင်လုပ်ကိုင်သူများ များပြာလာသည်နှင့်အမျှ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်းအနေဖြင့် အိမ်ခြံမြေ လုပ်ငန်းတွင် မသမာသည့် ငွေကြေးများမစီးဆင်းနိုင်ရန် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးသင်တန်းများကို လည်း သင်ကြားပို့ချပေးလျက်ရှိသည်။ ထို့ကြောင့် အဆိုပါသင်တန်းများ ပို့ချပေးနေမှု အခြေအနေများနှင့် အိမ်ခြံမြေလုပ်ငန်းအခြေအနေများကို မြန် မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးနန္ဒကျော်နှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။
TREND ။ ။ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေနဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်ရေးဆိုင်ရာနဲ့ အိမ်ခြံမြေ အသိပညာပေးသင်တန်း ဖွင့်လှစ်ပေးနေတာတွေကို ပြောပြပေးပါဦး။
UNDK ။ ။ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီး (ရုံးခွဲ) ရဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်ရေးဆိုင်ရာနဲ့ အိမ်ခြံမြေ အသိပညာပေး သင်တန်းဖွင့်လှစ်တာက အခုဆိုရင် အမှတ်စဉ် (၄၄)အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ မန္တလေးမှာ ကျင်းပခဲ့ပါတယ်။ ပြီးရင် ဧရာဝတီတိုင်းဒေသကြီးမှာ ကျင်းပသွားပါမယ်။ သင်တန်းတွေဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ နိုင်ငံကို ကမ္ဘာ့ငွေကြေးစုံစမ်းစောင့် ကြည့်ရေးအဖွဲ့က Blacklist ထဲကို သွင်းထားတယ်။ ငွေကြေး လွှဲပြောင်းတာတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေမှာ အခက်အခဲတွေ ဖြစ်တယ်။ နိုင်ငံတိုင်း ဒီလိုစာရင်းထဲကိုဝင်ရင် အခက်အခဲ ဖြစ်တတ်တဲ့အတွက် ဒီစာ ရင်းကနေ လွတ်မြောက်ဖို့ ပူးပေါင်းကြိုးစားနေတာပေါ့။

TREND ။ ။ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေနဲ့ လမ်းညွှန်ချက်တွေနဲ့ ဆောင်ရွက်နေမှု အပိုင်းကိုလည်း ရှင်းပြပေးပါဦး။
UNDK ။ ။ ကျွန်တော်တို့ ၂၀၂၆ ခုနှစ်မှာ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရန် ကျန်တဲ့အချက်ကတော့ ၁၅ ချက်ပဲ ကျန်တော့တယ်။ ငွေကြေးခဝါခမှုနဲ့ ပတ်သက်ပြီးလမ်းညွှန်ချက် ၁၅ ချက်မှာ ကျွန် တော်တို့က ၂၀၂၂ ခုနှစ်မှာက အချက်နှစ်ချက်ပဲ ဆောင်ရွက်နိုင်တယ်။ အချက် ၁၃ ချက် ကျန်တယ်။ အဲဒီ ၁၃ ချက်ကို ၂၀၂၅ မှာ အချက်တွေထပ်ပြီး တိုးတက်လုပ်ကိုင်ဆောင်ရွက်မှုက ရှစ်ချက်လုပ်ကိုင်ဆောင် ရွက်နိုင်တော့ အချက် ၁၀ ချက် အထိ တိုးတက်လာနိုင်ခဲ့တယ်။ နောက်ဆုံး ငါးချက်လေး ပဲကျန်တော့တာ။ ဒီငါးချက်လေးလုပ်ပြီးသွားရင် ဒီအဆင့်ကနေပြီးတော့ လွတ်မြောက်နိုင်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒါတွေကလည်း ဒီမှာ သင်တန်းတွေပေးတယ်။ သိသင့်သိထိုက်တဲ့ အချက်တွေဖြစ်တဲ့ Customer ပေါ်ကို စောင့်ကြည့်တဲ့အဆင့်တွေ သတ်မှတ်နိုင်ဖို့၊ သတင်းပို့နိုင်ဖို့တွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ဖို့ သင် တန်းတွေပေးနေပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ လုပ်ကိုင်နိုင်ဖို့က သံသယဖြစ်ဖွယ် ကျားဖျန့်၊ နယ်စပ်ဖြတ်ကျော်၊ လက်နက်မှောင်ခို၊ အကြမ်းဖတ်၊ အဂတိ စတဲ့ ငွေကြေးတွေ ဒီအိမ်ခြံမြေထဲမှာ စီးဆင်းနေလား၊ စီးဆင်းနေတယ်လို့ သံသယဖြစ်ဖွယ်တွေက ဘယ်လိုအချက်တွေကြောင့် သံသယဝင်နိုင်လဲဆို တာကို စုံစမ်းပြီးတော့ သက်ဆိုင်ရာကို သတင်းပို့ရတာပေါ့။ သတင်းပို့တဲ့အခါမှာ တရားဥပဒေစိုးမိုးရေး အဖွဲ့က ဆက်လက်စုံစမ်းမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သတင်းပို့ပေးရုံပါပဲ။ ဒါဆိုရင် အိမ်ခြံမြေ အကျိုးဆောင်တွေရဲ့ကဏ္ဍက တာဝန်ကျေပါပြီ။ အဲဒီအတွက်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ဖို့ သင်တန်းတွေ ပေးနပါတယ်။
TREND ။ ။ အခုလို သင်တန်းတွေ ဖွင့်လှစ်ပေးတာက ဘယ်လောက်ရှိသွားပြီလဲ။
UNDK ။ ။ သင်တန်းပေးတာက လက်ရှိမှာဆိုရင် လူဦးရေ ၁၃၀၀၀ ကျော်သွားပါပြီ။ တစ်ခါသင်ရင် လူဦးရေ ၂၀၀၀ နီးပါးတက်ရောက်ပါတယ်။ အသင်းသားအသစ်တွေလည်း တက်တယ်။ အကျိုးဆောင် လုပ်ငန်းတွေမှာ အသင်းသားသစ်တွေ ပိုမိုများလာတယ်။ သူတို့တွေက လည်း သင်တန်းတက်မှ အကျိုး ဆောင် လိုင်စင်ရမှာဆိုတော့၊ လိုင်စင်ရမှ ဆက်လက်ရပ်တည် နိုင်မှာလေ။ ဒါကြောင့် လာတက်ကြတာ ကနေ၊ အခုဆိုရင် အကျိုးဆောင်တွေက တကယ်ကို သူတို့ကျွမ်းကျင်တဲ့ အဆင့်ရောက်အောင် တက်ချင်လာကြတယ်။
TREND ။ ။ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေနဲ့ အသင်းဝင်ပေါင်း ဘယ်လောက်ရှိပြီလဲ။
UNDK ။ ။ အသင်းအနေနဲ့ အသင်းဝင်ပေါင်းက ၁၇၀၀၀ လောက် ရှိပါပြီ။ သင်တန်းတက်ရောက်ပြီးတဲ့ သူတွေက တစ်သောင်းခွဲလောက် ရှိသွားပါပြီ။ အသင်းခွဲတွေအနေနဲ့လည်း ချင်းပြည်နယ် ကလွဲလို့ ကျန်တဲ့ဒေသတွေမှာ ဖွဲ့ထားပါတယ်။ စစ်ကိုင်းတိုင်း တစ်ခုကလည်း ဖွဲ့ထားပေမယ့်၊ နယ်မြေ အခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် အခုက မသွားနိုင်ဘူး။ ကျန်တဲ့ တိုင်းနဲ့ပြည် နယ် ၁၅ ခုမှာ ရုံးခွဲတွေရှိပါတယ်။ ရှမ်းပြည်နယ်ဆိုရင် ရှမ်းအရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက်ဆိုပြီးတော့ ရုံးခွဲသုံးခုရှိတယ်။ ပြည်နယ်ဆိုရင် ကယား၊ မွန်နဲ့ ကချင်ပြည်နယ်တွေမှာလည်း ရှိပါတယ်။
TREND ။ ။ နိုင်ငံတော်အတွက် ဘယ်လို အထောက်အကူပြုမှုတွေနဲ့ ပြည်သူတွေအတွက် ဘယ်လို အကျိုးပြုလဲဆိုတာလည်း ရှင်းပြပေးပါဦး။
UNDK ။ ။ အခုချိန်မှာက ကျွန်တော်တို့ တခြားလုပ်ငန်းတွေထက်စာရင် အိမ်ခြံမြေလုပ်ငန်းတစ်ခုကတော့ အားလုံးလက်လှမ်းမီတဲ့ အလုပ်လေးပါ။ အရင်းအနှီးလည်းမလို သင်တန်းတက်ပြီးတော့ တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်ခွင့်ရတော့ ပြည်သူတွေအတွက် အ လုပ်အကိုင် အခွင့်အလှမ်းတွေ တိုးလာတာ ပေါ့။ ပြည်သူတွေအတွက် ထမင်းအိုးလေး တည်လို့ရတာပေါ့။ ကျွန်တော်တို့ အသင်းဆိုရင် မစည်း ရုံးဘဲနဲ့ကို ရန်ကုန်တိုင်းမှာဆိုရင် အသင်းဝင်ပေါင်း ၆၀၀၀ လောက် ဖြစ်လာပြီ။ ဒါဆိုရင် ကျွန်တော်တို့ လုပ်ဆောင်မှုတွေက အများပြည်သူကို အကျိုးပြုနေတာပေါ့။ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ အခါမှာလည်း အမှားအယွင်းကင်းကင်းနဲ့ လုပ်ကိုင်နိုင်မယ်။ အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ ဂုဏ်သိက္ခာ ရှိရှိရပ်တည်နိုင်မယ်။ အဲ့ဒီအပြင်ကို နိုင်ငံတော်က ချမှတ်ထားတဲ့ အခွန်အခတွေ ပေးနိုင်မယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို သိရှိလာပြီး၊ အခြားအသင်းတွေထက်စာရင် အင်အားများတဲ့အတွက် ကျွန်တော်တို့ လုပ်ဆောင်မှုတွေက ကမ္ဘာကို သိရှိနိုင်ပြီး ထင်သာမြင်သာရှိအောင် လုပ် ကိုင်နိုင်နေပါပြီ။

TREND ။ ။ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး သင်တန်းတက်ရောက်ပြီးမှ အကျိုးဆောင်လိုင်စင်လျှောက်ထားခွင့်ရှိတာပေါ့။
UNDK ။ ။ သင်တန်းတွေကို ကျွန်တော်တို့က ၁/၂၀၂၂ ကနေ ညွှန်ကြားချက်က အိမ်ခြံမြေအကျိုးဆောင်များနဲ့ အဖိုးတန်သတ္တုရွှေ ရောင်းဝယ်သူများနဲ့ ကြီးကြပ်ရေး အာဏာပိုင်က အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့မှ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာ အကျိုး ဆောင်လုပ်သူတိုင်းက ငွေကြေး ခဝါချမှုသင် တန်းတက်ရောက်ရမယ်ပြီးမှ လိုင်စင်လျှောက်ရမယ်။ သတင်းတွေ ပေးပို့ရမယ်စသဖြင့် ညွှန်ကြားထားတာတွေရှိပါတယ်။ အဲ့အတွက် အမြဲသင်တန်းပေးနေတာပါ။ ဒါမှ အကျိုးဆောင်တွေရဲ့ ဘဝရပ်တည်မှုအတွက် အလုပ်တစ်ခုရမှာကို အမှားအယွင်းနည်းစွာနဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
TREND ။ ။ လက်ရှိ အိမ်ခြံမြေ ဈေးကွက် အခြေအနေလေးလည်း ပြောပေးပါဦး။
UNDK ။ ။ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အခြေအနေကတော့ လတ်တလောကတော့ အငှားလေးတွေပဲ ဖြစ်နေပါတယ်။ မနှစ်ကလို အကြီးပိုင်းတွေ အရောင်းအဝယ်ဖြစ်တာ မရှိတော့ဘူး။ နေပြည်တော်၊ ရန်ကုန်ဈေးကွက်ပေါ့။ မန္တလေးက မြို့သစ်ဘက်မှာတော့ နည်းနည်းလေး အရောင်းအဝယ် ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ အကွက်ကြီးတွေ မဖြစ်ဘူး။ ပဲခူးဘက်မှာတော့ ဈေးအသင့် တင့်ဖြစ်တယ်။ အခုကတော့ အငှားဈေးကွက်က ပိုများတယ်။ အရောင်းအဝယ်ကတော့ ထင်သလောက်မဖြစ်ဘူး။ သင်္ကြန်ပြီးသွား ပြီဆိုတော့ စောင့်ကြည့်ရမယ်။
TREND ။ ။ နှစ်သစ် ဆုတောင်းစကားလေး ပြောပေးပါဦးရှင့်။
UNDK ။ ။ ယခု သက်တမ်းအတွက် လွှတ်တော်အသီးသီး၊ အစိုးရဌာန အသီးသီးတို့တွင် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စား လှယ်ကြီးများနဲ့ ခေါင်းဆောင်များအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အမိမြန်မာနိုင်ငံတော်ကြီး အေးချမ်းတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အစွမ်းကုန် ကြိုးစားအား ထုတ်ပေးမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အသင်းအနေဖြင့်လည်း နိုင်ငံတော်နဲ့ ပြည်သူ့အကျိုး အတွက် ကျရာတာဝန် ပံ့ပိုးနိုင်ရန်အသင့်ရှိပါတယ်။ အရှိတရားများ၏ အားနည်းချက်ကို လက်ခံပြင် ဆင်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်သော ဘုံအကျိုးစီးပွားဆီ ချစ်ခင်စည်းလုံးစွာ ဖြတ်သန်းနိုင်သော အမိမြန်မာ နိုင်ငံတော်ကြီး ဖြစ်တည်လာပါစေ။ မြေနှင့် သယံဇာတအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်၊ နည်း ပညာအရင်းအမြစ်တို့ကို အားသာချက်ဖြစ်အောင် စုပေါင်းဖော်ထုတ်ပြီး ထည်ဝါသော အနာဂတ်ဆီရောက် ရှိပါစေ။ မြန်မာပြည်သူ၊ ပြည်သားအားလုံး ဘေးကင်း အောင်မြင်ပျော်ရွှင်သော မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ။ သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )