ကချင်ပြည်သူ့ပါတီ(KSPP) အထွေထွေအတွင်းရေးမှူး ဦးမရစ်ကွမ်ဂျာ အား ဆက်သွယ်မေးမြန်းခြင်း

၂၀၂၆ ၊ မေ ၂၁

     တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီး မန္တလေး - မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ-အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည့် အခြေအနေများအပေါ် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အထွေထွေအတွင်း ရေးမှူး ဦးမရစ်ကွမ်ဂျာ၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ မြန်မာ့တပ်မတော် စစ်ကြောင်းများ ကချင်ပြည်နယ်အတွင်း ထိုးစစ်တွေ၊ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပြီး KIA ယာယီစိုးမိုးထားတဲ့ မြို့တွေ၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်‌နေပါပြီ။ ဒီအပေါ် ကချင်ဒေသခံတွေရဲ့ ကိုယ်စားဘယ်လိုမှတ်ချက်ပြုချင်လဲ။
UMRKJ    ။    ။
လက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေး လိုချင်နေကြတာ ငြင်းလို့မရတဲ့ အချက်ပါပဲ။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေထိုင်ချင်ကြပါပြီ။ လက်ရှိ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရက တည်တည်ငြိမ်ငြိမ်ဖြစ်အောင် စစ်ရေးအရလည်း အခုလို မြို့တွေကို ပြန်သိမ်းလိုက်ခြင်းအားဖြင့် အဲဒီဒေသတွေကနေ စစ်ရှောင်နေကြရတဲ့ ပြည်သူလူထုက ကိုယ့်မြို့၊ ကိုယ့်ရွာ အေးအေးချမ်းချမ်း ပြန်နေ ထိုင်လို့ ရသွားပြီ။ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြပြီဆိုရင် စစ်ရှောင်ဒေသခံတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတွေ ဖြစ်လာပြီလို့ မှတ်ချက်ပြုရမှာပါ။ ၂၀၂၃ လောက်ကနေ ပဋိပက္ခတွေ ဖြစ်လာပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့သူတွေရှိတယ်။ ဒုက္ခပေါင်းစုံ ရင်ဆိုင်နေရတယ်။ ဒါကြောင့် ဒီနေ့အချိန် အခါမှာ လူထုက စစ်ကိုတော်တော် ငြီးငွေ့သွားပါပြီ။ ကုန်ဈေးနှုန်း မြင့်တက်တာ၊ ရှားပါးတာ၊ သွားလာရေး ခက်ခဲတာ အဲဒီလို အများကြီးပေါ့။ စစ်ရဲ့ ဝန်ထုပ်ဝန်ပိုး၊ ဆိုးကျိုးတွေ များစွာခံစားခဲ့ရတယ်။ အခုလို အစိုးရ၊ တပ်မတော်တို့က မြို့တွေကို ပြန်လည် သိမ်းပိုက်ပြီး စနစ်တကျနဲ့ ပြန်သိမ်းတယ်၊ တည်ငြိမ်အောင် လုပ်နေတယ်။ နောက်တစ်ခါ  ဌာနဆိုင်ရာ ဝန်ထမ်းတွေပါ တစ်ပါတည်း ပါလာတာဆိုတော့ တရားဥပဒေ စိုးမိုးရေးနဲ့ မြို့ရွာပြန်လည်တည်ဆောက်ရေး ဆောင်ရွက်တဲ့အပိုင်းလို့ မြင်ပါတယ်။ ဒီလိုဆောင် ရွက်ပေးနေမှုကြောင့် အဲဒီဒေသမှာ နေထိုင်ခဲ့တဲ့၊ အဲဒီ‌ဒေသမှာရှိတဲ့ ပြည်သူအတွက် ကောင်းသလို နိုင်ငံ တည်ငြိမ်ရေးအတွက်လည်း ကောင်းမွန်လာမှာ ဖြစ်တယ်လို့ မြင်ပါတယ်။ 

TREND ။        ။ လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်ရေး လမ်းကြောင်းပွင့်လာတဲ့ အခြေအနေတွေကရော ဘယ်လိုအနေ အထားလဲ။
UMRKJ    ။    ။
အခုလောလောလတ်လတ်ဆိုရင် ထီးချိုင့်လမ်းပွင့်သွားပြီ။ အရင်တုန်းက လမ်းတွေက ကွင်းပြီး ပတ်သွားရတာ။ ပြည်‌ထောင်စုလမ်းမကြီးလည်း မပွင့်သေးတဲ့ အခါကျတော့ ပတ်ပြီး သွားနေရတော့ အချိန်‌တွေကြာတယ်၊ စရိတ်တွေလည်း ပိုကုန်တာပေါ့။လမ်းမှာ ကြန့်ကြာတဲ့အခါ ကုန်စည်တွေက လည်း သတ်မှတ်ချိန်တွင်း မရောက်နိုင်ဘူး။ ပြီးတော့ ကြားမှာ အခွန်အကောက်တွေကလည်း ရှိနေတော့ စရိတ်တွေ ပိုကုန်၊ ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ်‌တွေ မြင့်လာတော့ ကုန်ဈေးနှုန်း‌တွေလည်း တက်လာတာပေါ့။ ကုန်ပစ္စည်း သယ်တဲ့ ကားတွေကလည်း ငွေပိုတောင်းယူတယ်။ ဥပမာ ကုန်ပစ္စည်းတစ်ခုကိုဆိုရင် အရင်တုန်းက တစ်သောင်းလောက်တန်တဲ့ပစ္စည်းက အနည်းဆုံး ခုနစ်သောင်း၊ ရှစ်သောင်း လောက်မက တက်သွားတာ။ ပြီးတော့ အဲဒီတုန်းက ပစ္စည်းအပေါ်မှာ တာဝန်ယူမှုလည်း မရှိဘူး။ အခုကျ တော့ လမ်းကြော‌တွေ ပြန်ပွင့်လာပြီဆိုတော့ သိသာလာတဲ့ အချက်တစ်ချက်က အချိန်တိုအတွင်းမှာ လိုအပ်တဲ့ခရီးကို ရောက်လာနိုင်တယ်။ ကုန်စည်သယ်ယူတဲ့အခါမှာလည်း ခက်ခဲတဲ့အချိန်နည်းပြီးတော့မှ ကောင်းကောင်း မွန်မွန် သယ်လို့ရသွားတယ်။ စရိတ်တွေ နည်းသွားတာနဲ့ အမျှ၊ ကုန်စည်စီးဆင်းမှု ပိုမို မြန်ဆန်လာတာနဲ့အမျှ ကုန်‌ဈေးနှုန်းကျဆင်းဖို့ အလားအလာ ဖြစ်လာမှာပါ။ ဒါကတော့ တကယ့်ကို ကောင်းမွန်တဲ့ လက္ခဏာတွေပါ။ အခု KIA က သူ့အောက်က PDF တွေနဲ့တွဲပြီး သူတို့ ယာယီစိုးမိုးထားတဲ့ အင်းတော်၊ မော်လူး၊ ဒီနေရာတွေကို တပ်မတော်က ပြန်ပြီးသိမ်းလာနိုင်ခဲ့တယ်။ ကောလင်း ဘက်မှာက တော့ နေရာတချို့ ကျန်ကောင်းကျန်နိုင်သေးတယ်။ မော်လူးတို့၊ ကသာတို့၊ ဟိုဘက်ထီးချိုင့်လမ်းဘက် ကဆိုရင်တော့ သပိတ်ကျင်း တို့ကိုလည်း သိမ်းလာနိုင်တယ်။ မတ္တရာတို့၊ စဉ့်ကူးတို့ ဘက်တွေကိုလည်း ရှင်း လင်း လုပ်ဆောင်လာနိုင်တဲ့အတွက် ဒါက ဗျူဟာကျတဲ့ လမ်းမကြီးတစ်လျှောက်မှာ သွားလာကြမယ့် ခရီးသည်‌ တွေအတွက် ကောင်းသွားပါတယ်။ အရင်တုန်းကဆိုရင် ခရီးသွားရင် ဘယ်အချိန်ဘယ်အခါ ရောက်မလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ အခုကတော့ သွားလာရေး၊ လမ်းပန်းဆက်သွယ်ရေး တော်တော်ကောင်းလာပါပြီ။ ဒီအခြေအနေကတော့ ၂၀၂၅ မတ်လလောက်ကစပြီး တပ်မတော်က ထိုးစစ်ဆင်ခဲ့တာ၊ တကယ် သိသိသာသာနဲ့ မြို့တွေ ပြန်သိမ်းလာနိုင်တာ၊ လမ်းကြောင်းတွေ ပြန်ပွင့်အောင် လုပ်ဆောင် ခဲ့တာကတော့ ပြီးခဲ့တဲ့ ဧပြီလောက်ကစပြီး သိသာထင်ရှားတယ်၊ ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်လာတယ်လို့ ပြောရမှာပါ။

TREND ။        ။ကချင်‌ပြည်နယ်ဒေသက အခုဆိုရင် ဘယ်လိုအခြေအနေလို့ ပြောလို့ရမလဲ။
UMRKJ    ။    ။
မြစ်ကြီးနားကတော့ အေးဆေးပါတယ်။ ဒါပေမဲ့ မြစ်ကြီးနားရဲ့ မြို့ပြင်တချို့မှာတော့ မငြိမ်မသက်မှုတွေ ရှိနေဆဲပဲလို့ ပြောရမှာပါ။ ညရေးညတာတွေဆိုရင် လူဆွဲခေါ်တာတို့၊ ဘာတို့က ရှိတယ်။  မြို့စွန်လောက်တွေမှာ KIA ကလူခေါ်တာ၊ ပေါ်တာဆွဲတာပေါ့။ တစ်ခါတလေကျရင် ဖူဆယ်ဘော လုံးကွင်းအထိ လာဆွဲတာတောင် ကြားခဲ့ရတယ်။ အဲဒီလို KIA က ဒေသခံ‌တွေကို ပေါ်တာဆွဲတာကတော့ ဒီအချိန်ကာလ အတောအတွင်းမှာတော့ ငြိမ်နေတယ်၊ ဘာအသံမှတော့ မကြားရသေးဘူး။ တိုက်ပွဲတွေ ဖြစ်နေတဲ့ကာလမှာ ငြိမ်နေတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲမဖြစ်ခင် အချိန်ကာလတုန်းက KIA က တော်တော်လေးကို ဆွဲတယ်။ ဗန်းမော်ကတော့ အသေးစိတ်မသိရဘူး။ တချို့ပြောတာကတော့ နိုင်ငံတော် အစိုးရဘက်က ဝန်ထမ်းတွေတောင် ပို့ထားပြီးပြီလို့ သိရတယ်။ တပ်တွေထဲမှာ ပို့ထားတာပေါ့။ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ဖို့ကတော့ ဗန်းမော်က တော်တော် လုပ်ရဦးမယ်ထင်တယ်။ ဗန်းမော်က ရှင်းလင်းဖို့ ကျန် သေးတယ်။ ဘာကြောင့်လဲဆိုရင် မြစ်ကြီးနားမှာက ဗန်းမော်က စစ်ရှောင်တွေ မပြန်ကြသေးဘူး။ သူတို့ ပြန်ချင်ကြပြီ။ ကိုယ့်ဒေသ၊ ကိုယ့်အိမ်ကို ပြန်နိုင်ဖို့ တော်တော် လိုလားနေကြပြီ။ တပ်မတော်က ဗန်းမော်နဲ့ မိုးမောက်တို့ကို လုံးလုံးလျားလျား သိမ်းပြီးသွားပြီဆိုရင် စစ်ရှောင်တွေ သူတို့ဒေသကို အကုန်လုံးပြန်ကြ မှာ။ အခုက စစ်ရှောင်စခန်းတွေ ကျန်သေးတာကိုး။ အခု တချို့နေရတွေ၊ ချောင်ကျတဲ့ နေရာတွေမှာ KIA က ရှိသေးတယ်။ ရှိသေးတော့ တပ်မ တော်က တော်တော်နဲ့ဝင်လို့မရသေး ဘူးလို့ထင်တယ်။ တိုက်ပွဲက ဖြစ်လာဦးမယ့် အခြေအနေ ဆိုတာကိုလည်း လူထုကလည်း သိတယ်။ ဒါကြောင့်လည်း နေအိမ်ပြန် ချင်ကြပေမယ့် စစ်ရှောင်တွေမှာပဲ ရှိနေကြသေးတာ။ စွန့်စွန့်စားစားနဲ့ ပြန်နေကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဗန်းမော်မြို့‌ကတော့ ‌တော်တော်များများကတော့ ပျက်စီးသွားပြီ။

TREND ။        ။ ကချင်ဒေသခံတွေဆီက ဘယ်လို ရင်တွင်းစကားသံတွေ ကြားနေရလဲ။
UMRKJ    ။    ။
လူထုကတော့ တပ်မတော်က အခုလို ပြန်လည်သိမ်းလိုက်တော့ ကိုယ့်မြို့ ကိုယ်ပြန်နိုင်ဖို့အတွက် အစိုးရကိုရော၊ တပ်မတော်ကိုရော ဒေသခံတွေက ကျေးဇူတင်နေကြတယ်။ ငါတို့အိမ်တွေကတော့ မရှိတော့ဘူး။ ပြန်လည်တည်ဆောက်ရေးတွေကတော့ အများကြီး လုပ်ကြရဦးမယ်၊ အများကြီး ရုန်းကန်ကြ ရဦးမယ်ပေါ့။ ဒါပေမဲ့ ငါတို့မြို့၊ ငါတို့ရွာကို ပြန်နိုင်တဲ့အတွက် ကျေးဇူးတင်ကြတာပေါ့။ ဒါပေမဲ့ သူတို့က ကြောက်ရွံ့မှု၊ စိုးရိမ်မှုတော့ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်ဖက်မီဒီယာတွေ ပြည်ပရောက် မီဒီယာတွေက ဒါမျိုးပြောတဲ့ကောင်ဆိုရင် အတင်းဖောင်းထုတာတွေက ရှိနေကြတော့ စိုးရိမ်မှုတချို့လည်း ရှိနေကြသေးတယ်။တပ်မတော်စစ်ကြောင်းတွေက KIA ၊ PDF တွေ  ယာယီစိုးမိုးထားတဲ့နေရာတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက် ပြီးတော့ မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း- ထီးချိုင့်-ကသာ-အင်းတော်-မော်လူး-နန့်စီးအောင်- မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းကို ပြန်ပြီး ဖွင့်လှစ်ပေးခဲ့တယ်။ ထီးချိုင့်လမ်းက စစ်ကိုင်းတိုင်းထဲမှာ ပါတယ်။ ဒါပေမဲ့ ဗန်းမော် ဘက်ကို သွားမယ်ဆိုရင် ထီးချိုင့်လမ်းက အသုံးပြုရတယ်။ မော်လူးဆိုရင်လည်း စစ်ကိုင်းတိုင်းပဲ။ ဒါပေမဲ့ ကချင်အစပ် တွေပါ။ အင်းတော်လည်း ကချင်နဲ့ ဆက်စပ်နေတာ။ မော်လူးဆိုတာက အရင်က NLD အား ကောင်းတဲ့ နေရာပါ။ NLD လုံး၀ အားကောင်းတဲ့ မြို့တွေ၊ ရွာတွေပဲ။ အခု နောက်ပိုင်းတော့ သူတို့ကိုယ် တိုင်ကလည်း အခက်အခဲအကျပ်အတည်း ကြုံတွေ့ခံစားလာခဲ့ကြရတော့ အခုလိုမျိုး တပ်ကနေ ပြန်သိမ်း လိုက်တော့ တည်ငြိမ်မှုတစ်ခု ရသွားတယ်လို့ သူတို့က ပြောကြတယ်။ ဒါက ကျွန်တော်ကိုယ်တိုင် အဲဒီလို မျိုး ကြားခဲ့ရပါတယ်။ လက်ရှိအခြေအနေတွေကို လက်ခံလာကြတဲ့သဘောလို့ မြင်တယ်။ အခုအချိန်မှာ က ဗန်းမော်အခြေအနေကို စစ်ရှောင်တွေက နားစွင့်နေကြတယ်။ တပ်မတော်က ဘယ်လိုတည် ငြိမ် အောင်လုပ်မလဲ၊ အုပ်ချုပ်ရေးယန္တရား လည်ပတ်အောင်လုပ်မလဲ၊ အဲဒီသတင်းတွေပဲ စစ်ရှောင်တွေက နားစွင့်နေကြတာ။

TREND ။        ။ ဒေသအတွက် စစ်ရှောင်တွေအတွက် ပြန်လည်ထူထောင်ရေးတွေကို အကောင်းဆုံး ဘယ်လို လုပ်ပေးသင့်လဲ။
UMRKJ    ။    ။
အစိုးရဘက်ကတော့ ပြန်လည်ထူထောင်ရေးကိစ္စမှာ စနစ်တကျနဲ့ပေါ့။ တတ်နိုင်တဲ့ဟာ တွေကို အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်ပေးဖို့ပေါ့။ အစိုးရ ဘဏ်တွေရှိမယ်၊ ပုဂ္ဂလိကဘဏ်တွေ ရှိတယ်။ အဲဒီလိုဘဏ်တွေက ကူညီပံ့ပိုးပေးတာ၊ ကျပန်းလုပ်ကိုင် နေသူတွေရော၊ လုပ်ငန်းလုပ်တဲ့သူတွေ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးတာ။ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးတော့ အတိုးနှုန်း သက် သက်သာသာနဲ့ ငွေချေးပေးတာ၊  လုပ်ဆောင်ပေးစေချင်တယ်။ ဒါဆိုရင် ဘဏ်တွေလည်း လည်ပတ်လာမယ်။ ချေးငွေနဲ့ပတ်သက်ရင်လည်း အဲဒီဒေသမှာရှိတဲ့ အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာတွေရယ်၊ နိုင်ငံရေး ပါတီတွေရယ် ပူးပေါင်းပြီးတော့ လုပ်ပေးတာမျိုးပေါ့။ အဲဒီလို ပြန်လည်ထူ ထောင်ရေးကို စနစ်တကျနဲ့ လုပ်ဆောင်သွားမယ်ဆိုရင် အချိန်တိုတစ်ခုအတွင်းမှာ အကောင်းဆုံးအ‌ခြေအနေကို ပြန်ရောက်လာ မယ်လို့ မြင်ပါတယ်။ ဘဏ်တွေရဲ့ အကူအညီအများကြီး လိုပါတယ်၊ ဘယ်သူ့ကို ချေးငွေပေးမလဲ၊ ဘယ်လောက်ပေးမယ်ဆိုတာကတော့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အာမခံချက်၊ နိုင်ငံရေးပါတီတွေရဲ့ အာမခံချက် ဒါတွေကိုတော့ ညှိနှိုင်းဆောင်ရွက်ကြရမှာပါ။ ဒါဆိုရင် စနစ်တကျနဲ့ ပြန်လည်ထူထောင်လာနိုင်မယ်၊ မြို့ရွာတွေကလည်း မြန်မြန်ဆန်ဆန်နဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမယ်လို့ မြင်ပါတယ်။ 

TREND ။        ။ ဗန်းမော်မြို့ ပျက်စီးသွားတော့ ဒေသခံတွေ ဘာပြောကြလဲ။
UMRKJ    ။    ။
ကျွန်တော်တို့နဲ့သိတဲ့ စစ်ရှောင်စခန်းက လူတွေကတော့ ငါတို့ အရင်တုန်းကလည်း KIA ကို အခွန်တွေ ပေးခဲ့တာပဲ၊ ဒီလိုပေးခဲ့တာကလည်း KIA ကြောက်လို့ ပေးခဲ့ရတာ။ အစိုးရသိရင် ငါတို့ကို ၁၇ /၁ နဲ့ ဖမ်းမှာပဲတဲ့။ ဒါပေမဲ့ KIA က အခုချိန်အထိ  ငါတို့ကို ဒုက္ခပေးနေတာတော့ လုံး၀ လက်မခံတော့ဘူးလို့ ပြောကြတယ်။ နိုင်ငံတော်အစိုးရကသာ ဒေသကို တည်တည်ငြိမ်ငြိမ် လုပ်နိုင်ပြီ၊ နိုင်နိုင်နင်းနင်းနဲ့ အုပ်ချုပ် နိုင်ပြီဆိုရင် KIA အပေါ် မကျေနပ်ချက်တွေ အများကြီး ပြောလာကြမှာ သေချာတယ်။

TREND ။        ။ တပ်မတော်က ကချင်‌ဒေသမှာ အခုလိုမျိုး မြို့တွေ ပြန်သိမ်းလာနိုင်တာ၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးနိုင်တာဟာ ဘာကြောင့် ဒီလို အောင်မြင်မှုတွေ ရနေတယ်လို့ သုံးသပ်မိလဲ။
UMRKJ    ။    ။
ကချင်‌‌ပြည်နယ်မှာ မြန်မာ့တပ်မတော်က အောင်မြင်မှုတွေရလာတာဟာ လူထုက KIA ကို လက်မခံတော့တဲ့ အကြောင်း ရင်းလည်း ပါတယ်။ လူထုက KIA ကို လက်မခံလို့ မြန်လာတယ်လို့ မြင်တယ်။ ဒီအနေအထားကလည်း တော်တော်များများ ရင်ထဲမှာ ရှိနေကြပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံတွေအများကြီး ဒုက္ခရောက်ခဲ့ကြရတယ်။ စစ်ရှောင်ကြရတယ်။ မန္တလေးမှာလည်း သွားနေရတယ်၊ မြစ်ကြီးနားမှာလည်း နေနေရတယ်။ မြစ်ကြီးနားမှာတောင် စစ်ရှောင်တွေရှိတယ်။ အရေအတွက် အတိအကျ မသိပေမယ့် အစ္စလာမ် ဘာသာဝင်ချည်းပဲ စစ်ရှောင်စခန်း ခုနစ်ခုလောက် ရှိတယ်။ ခရစ်ယာန်ဘာ သာဝင်တွေကလည်း စခန်းလေး၊ ငါး၊ ခြောက်ခု မကဘူး။ ကျန်တာကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ သူတို့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေဆီမှာ သွားနေကြတာတွေရှိတယ်။ မေမြို့မှာလည်း သွားနေကြတာတွေရှိ တယ်။ အဲဒီလို အခြေအနေတွေ ရှိနေတော့ ‌ဒေသခံတွေက KIA ကို လက်မခံတာ။ အရင်တုန်းကဆို ရင် တပ်မတော်ဘက်က ထိုးစစ်ဆင်တာတွေ လုပ်ခဲ့တယ်၊ ဒီလောက် မမြန်ခဲ့ဘူး။ အခုကတော့ မြန်မြန်ဆန် ဆန်ကို ဖြစ်လာတာ။ ဒါက စောစောကပြောသလို KIA ကို ဒေသခံက လက်မခံလို့ပါ။ 

TREND ။        ။ ကချင်ပြည်နယ်မှာ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ အမြန်ဆုံး ပြန်လည်ငြိမ်းချမ်းလာဖို့နဲ့ ပတ်သက်ပြီး ဘယ်လိုအကြံပြုချင်လဲ။
UMRKJ    ။    ။
ကချင်ပြည်နယ် ငြိမ်းချမ်းဖို့ကိစ္စက ဘာတွေနဲ့ဆက်နွှယ်နေသလဲဆိုရင် သယံဇာတတူး ဖော်တဲ့ကိစ္စပေါ့။ အထူးသဖြင့် သယံဇာတ တူးဖော်မှုတွေက မငြိမ်းချမ်းတဲ့ နယ်မြေတွေမှာ ဥပဒေမဲ့တူးကြတာ။ လုပ်ချင်သလို လုပ်နေကြတာ။ တကယ်လို့ နယ်မြေအေး ချမ်းပြီး တရားဥပဒေစိုးမိုးလာပြီဆိုရင် အဲဒီလို ဥပဒေမဲ့ သယံဇာတတူးတဲ့ သူတွေက ကြိုက်မှာ မဟုတ်ဘူး။ သို့သော် တရားဥပဒေစိုးမိုးဖို့အတွက် ရော၊ ငြိမ်းချမ်းရေးအတွက်ရော ‌ဆောင်ရွက်မယ်ဆိုရင် ဒီလို ဥပဒေမဲ့ သယံဇာတ တူး‌ဖော်မှုနေတဲ့ နေရာ တွေကို တိတိကျကျ ရှင်းရှင်းလင်းလင်းလုပ်ဖို့ လိုမယ်လို့မြင်တယ်။ သယံဇာတတွေကို ခိုးတူးတာ‌တွေ၊ ဥပဒေမဲ့ လုပ်နေတာတွေ မငြိမ်းချမ်းမှုကို အခွင့်အကောင်းယူနေကြတာ။ မငြိမ်းချမ်းတော့  ဈေးပေါပေါနဲ့ ထုတ်ရမယ်၊ ကိုင်ရမယ်၊ အရမ်းကောင်းနေတယ်။ အရမ်းလွယ်တယ်။ ပိုက်ဆံပေးရတယ်ဆိုတဲ့ အ‌ခြေအနေ ရှိနေတာပေါ့။ ငြိမ်းချမ်းရေးကို တွန်းလုပ်မယ်ဆိုရင် တရားမဝင်တဲ့ သယံဇာတတူးဖော်မှုတွေကို လျော့နည်းအောင် လုပ်သင့်တယ်။ တားဆီးတာ၊ ရှင်းလင်းတာတွေ လုပ်သင့်တယ်။ အဲဒီလိုလုပ်လာပြီ ဆိုရင် တစ်ဖက်ကလည်း ငြိမ်းချမ်းရေးကို လက်ခံလာကြလိမ့်မယ်။ အဓိကကဝော့ ဗန်းမော်ဘက်မှာ ဆိုရင် ရွှေလုပ်တယ်။ ရွှေဖောင်တွေ တူးခိုင်းတယ်ပေါ့။ ပြီးရင် ဗန်းမော်ရဲ့ ဟိုဘက်မှာဆိုရင် မြေရှား သတ္တုတွေရှိတယ်။ အဲဒီမြေရှားသတ္တု တူးဖော်တာနဲ့ပတ်သက်ပြီးတော့ KIA က ကချင်လူထုကို ထောင်ထဲ ထည့်ခဲ့ဖူးတယ်။  မြေရှားသတ္တုတူးလာတော့ အဲဒီဒေသမှာရှိတဲ့ ကချင်လူထုက ကန့်ကွက်ကြတာပေါ့။ အဲဒီလိုကန့်ကွက် ဆန္ဒပြရကောင်း လားဆိုပြီး KIA က  ကချင်လူထုကို ‌ထောင်ထဲ ထည့်ခဲ့ဖူးတာရှိတယ်။ အဲဒီလိုရှိတော့ ဗန်းမော်ဘက်မှာဆိုရင် KIA က လုပ်ငန်းရှင်နဲ့ပေါင်းပြီး မြေရှားတူးနေတာတွေရှိတယ်။ သူတို့က နယ်မြေ‌တွေကို  သိမ်းပြီး လုပ်ငန်းရှင်ကို တူးခိုင်းတယ်။ မငြိမ်းချမ်းတဲ့အခါ ဒါတွေက လုပ်ကိုင်လို့ အဆင်ပြေနေတော့ သူတို့က မငြိမ်းချမ်းခြင်းရဲ့အရသာကို ကြိုက်မှာပဲ။ ဒေသခံလူထုကလည်း မြင်ပြီး သားပါ။ KIA က သေနတ်ကိုင်ပြီး မြို့သိမ်းတွေလုပ်ခဲ့တယ်ဆိုတာ မြေရှားသတ္တုတွေ သယံဇာတ‌တွေ တူးဖော်ချင်လို့ သူတို့ အကျိုးစီးပွား၊ အဖွဲ့အစည်း အကျိုးစီးပွားအတွက် လုပ်တယ်ဆိုတာ လူထုက သိထား ကြပြီးသား၊ အကြောက်တရား‌တွေရှိနေလို့သာ ထုတ်မပြောကြသေးတာ။

TREND ။        ။ KIA အခြေအနေကိုရော ဒေသ ခံတစ်ဦးအနေနဲ့ ဘယ်လိုသုံးသပ်မိလဲ။
UMRKJ    ။    ။
ဒီအခြေအနေမှာ  KIA ဘက်က တော်တော်လေးကို အင်အားစုဆောင်းရပြီဆိုတဲ့ အခြေအနေပေါ့။ နောက် ဗန်းမော်မှာဆိုရင် တိုက်ပွဲက တော်တော်ပြင်းထန်တော့ KIA ဘက်က အကျဆုံးများတယ်။ သူတို့အင်အားမရှိတော့ အင်အားအစားထိုးဖို့ လူဆွဲခေါ်နေရတဲ့ အခြေအနေပေါ့။ KIA ပေါ်တာဆွဲတာက  အကျဆုံးများလို့ လူစားထိုးဖို့ဆွဲတာလို့ ဒေသခံတွေ တော်တော်များကလည်း အဲဒီလို ပြောနေကြ ပါတယ်။ မြစ်ကြီးနားရော၊ ဗန်းမော်ရော အဲဒီလို ပေါ်တာဆွဲတာ။ ဟိုတလောတုန်းက ဗန်းမော်တိုက်ပွဲ ပြင်းထန်တုန်းကဆိုရင် ဒီအကြောင်း ဒေသခံတွေ တော်တော်များများ ပြောခဲ့ကြတယ်။ ပြောရရင်တော့ KIA က အစတုန်းက ဝမ်ပေါင် နိုင်ငံထူထောင်ရေးလုပ်ရင်းနဲ့ တဖြည်းဖြည်းနဲ့ ဖက်‌ဒရယ် ဆိုတာ အော်လာတယ်။ အခုက အဲဒီဖက်ဒရယ်ဆိုတာ တောင်မှ အနိမ့်ဆုံးဖြစ်လာတယ်။ အဲဒီလိုပြောတဲ့အချိန် ပြန်ကြည့် လိုက်ရင်လည်း စစ်ရေးအရ သူတို့မြို့တွေကို တော်တော်များများ သိမ်းထားတဲ့အချိန်ပေါ့။ အဲဒီအခြေ အနေမှာ ပြောခဲ့တာပေါ့။ အခုလိုမျိုး တပ်မတော်က စစ်ရေးကို စနစ်တကျ လုပ်လာပြီဆိုတော့ ဒီအသံတွေ မထွက်နိုင်တော့ပါဘူး။ ဒါဆိုလို့ရှိရင် သူတို့ လက်နက်ကိုင်ထားတာတွေက နိုင်ငံရေးလား၊ ကိုယ်ကျိုးလား ဆိုတာ ဘာအတွက်လဲဆိုတာ အဲဒီမှာ အဖြေပေါ်ပါပြီ။ သူတို့ လက်နက်ကိုင်ထားပြီး လုပ်နေတဲ့ကိစ္စက နိုင်ငံရေးမဟုတ်တော့ဘဲ ကိုယ်ကျိုးဆိုတာ အဖြေပေါ်လာတာပါ့။ အခုလို တပ်မတော်က တစ်မြို့ပြီး တစ်မြို့ ပြန်လည်တိုက်ခိုက် သိမ်းပိုက်နေပြီဆိုတော့ လက်ရှိအခြေအနေအရ ကချင်မှာ KIA အသံသိပ်မထွက်နိုင်တော့ပါဘူး။ ဒါက ဘာကြောင့်လဲဆိုရင် ကချင်လူထုက သူတို့ကို လက်မခံဘူး၊ သူတို့ဆီကိုလည်း မသွားချင်ကြဘူး။ ပေါ်တာဆွဲနေ တယ်ဆိုရင် မိဘတွေကတောင် သူတို့သားသမီးတွေကို အပြင်မထွက် ခိုင်းကြဘူး။ တချို့ကျတော့ သူတို့သားသမီး တွေကို ရန်ကုန်၊ မန္တ‌လေးလို မြို့ကြီးတွေဆီကို ပို့ထားကြ တာ။ KIA က ပေါ်တာဆွဲတာကို ကြောက်လို့။ အဲဒါကို ကြည့်လိုက်မယ်ဆိုရင် KIA ဟာ လူထုရဲ့ထောက်ခံမှု ကျဆင်းသွားပါပြီ။ လူစုဆောင်းနေရတယ်ဆိုတော့ အင်အားလည်း နည်းနေတဲ့ အခြေအနေပါ။ ဒါကြောင့် ဒီ အချိန်မှာ KIA အသံ သိပ်ထွက်နိုင်တော့ပါဘူး။

TREND ။        ။ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင် ရေးအပါအဝင် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည် ထူထောင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားချင်လဲ။
UMRKJ    ။    ။
စစ်ရှောင်ပြည်သူတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အနေနဲ့ အတတ်နိုင်ဆုံး ပြည် လည်ထူထောင်ရေး‌တွေ မူဝါဒတွေ ချမှတ်ပြီး လုပ်နေတယ်။ ပံ့ပိုးကူညီတာတွေ လုပ်နေပါတယ်။ အထူးသဖြင့် စစ်ရှောင်တွေရဲ့ နေအိမ်တွေက ပျက်စီးသွားပြီ။ ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်၊ အဆောက်အအုံတွေကများတော့ နိုင်ငံတော်အစိုးရဘက်က စနစ်တကျလေးပေါ့။ နိုင်ငံဝော်အစိုးရရဲ့ စေတနာ ပေါ်လွင်လာအောင် လူထုတွေလည်း ပိုပြီးတော့ သိရှိနားလည်လာအောင် စနစ်တကျလေးနဲ့ သက်ဆိုင်ရာ အုပ် ချုပ်ရေးပိုင်းကလည်း စေတနာထားလုပ်ပေးတာ။ စနစ်တကျ စီမံပေးတာတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒါတွေကို ကောင်းကောင်းမွန်မွန် အကောင်အထည် ဖော်နိုင်မယ်ဆိုရင် အဲဒီ‌ဒေသ မှာရှိတဲ့ စစ်ရှောင် တွေထဲက လူကြီးတွေ သမာသမတ်ရှိသူတွေနဲ့ ကော်မတီလေးတွေ သပ်သပ်ရပ်ရပ်ဖွဲ့ပြီး ပြန်လည် ထူထောင်ပေးစေချင်ပါတယ်။ နိုင်ငံတော်အစိုးရဆိုတာ နိုင်ငံသူနိုင်ငံသားတွေရဲ့ မိဘ‌တွေပါ။ သားသမီး တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ သေချာစနစ်တကျနဲ့ ဖိဖိစီးစီးလေးနဲ့ သားသမီး‌တွေရဲ့ နောင်ရေး၊ သူတို့ရဲ့ အနာဂတ်၊ လုံခြုံရေးတို့ကို ကောင်းကောင်းမွန်မွန် လုပ်ပေးလိုက်မယ်ဆိုရင် အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေ့ရဲ့မေတ္တာကို သားသမီးတွေက နားလည်လက်ခံလာကြမှာပါ။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 159

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62320

© 2022 - 2026 News. All Rights Reserved.