၂၀၂၆ ၊ ဇွန် ၂၅
ကရင်ပြည်နယ်ထွက် ဒူးရင်းသီးသည် သဘာ၀ တောတောင်များတွင် စိုက်ပျိုးကြသဖြင့် အရသာကောင်းမွန်၍ နာမည်ကြီးကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒုတိယအများဆုံးထွက်ရှိသည့် နေရာတွင် ရှိနေသည်။ ယင်းနှင့်ပတ်သက်၍ ကရင်ပြည်နယ် ဒူးရင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးလမင်းထွန်းနှင့်တွေ့ဆုံ၍ ဈေးကွက်လိုအပ်ချက်များနှင့် တောင်သူများ၏ လိုအပ်ချက်များ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
TREND ။ ။ ကရင်ပြည်နယ်မှာရှိတဲ့ လက်ရှိ ဒူးရင်းသီးစိုက်ပျိုးထွက်ရှိမှုအခြေအနေလေး ပြောပြပေး ပါဦး။
ULMT ။ ။ ကရင်ပြည်နယ်မှာတော့ လက်ရှိ ဒူးရင်းသီးစိုက်ပျိုးထွက်ရှိမှုအခြေအနေက ဒေသမျိုးပေါင်း ၁၂ မျိုးရှိပြီးတော့၊ ကနဦး တွက်ချက်ကောက်ခံထားမှုအရ စိုက်ဧကပေါင်း ၅၀၀၀ ကျော် ရှိပါတယ်။ ကိုင်းဆက်မျိုးတွေဆိုရင်တော့ ဧကထောင်နဲ့ချီ ပြီးရှိပါတယ်။ ဒီလေး၊ ငါးနှစ်အတွင်းမှာ ထပ်တိုးဧကတွေကလည်း ဧကထောင်နဲ့ချီပြီး ရှိပါတယ်။ ဒါက ကျွန်တော်တို့ လက်လှမ်းမီတဲ့ မြို့နယ်တွေမှာပါ။ ကျွန်တော်တို့ လက်လှမ်းမမီသေးတဲ့ ဒေသတွေမှာ ဒူးရင်းအသီးတွေ အများကြီး ရှိပါသေးတယ်။ ဒါတွေကို ဖော်ထုတ်နိုင်ဖို့အတွက်ကိုလည်း နောက်ပိုင်းမှာ မြန်မာတစ်ပြည်လုံးအတိုင်း အတာနဲ့ လွှမ်းခြုံပြီးတော့ တောင်သူတွေနဲ့ ချိတ်ဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။
TREND ။ ။ ဒူးရင်းသီးရဲ့ ဈေးနှုန်းတွေက တူညီမှုမရှိတာတွေ့ရတယ်။ ဒါကြောင့် ဈေးနှုန်းနဲ့ထွက်ရှိမှုအခြေအနေလည်း သိပါရစေ။
ULMT ။ ။ ဒူးရင်းအထွက်နှုန်းနဲ့ပတ်သက်ပြီး လက်ရှိမှာလည်း ဒေသမျိုးတွေဆိုလို့ရှိရင် ကရင်ပြည်နယ်မှာ သံတောင်မျိုးတွေဆိုလို့ရှိရင် မန္တလေးတစ်ကြောမှာ နာမည်ကြီးပါတယ်။ သံတောင်ကြီး၊ လိပ်သိုဒေသ ခြံထွက် ဒူးရင်းသီးတွေလည်း အရမ်းကောင်းပါတယ်။ ဒူးရင်းမျိုးတွေက ဓာတုမြေသြဇာများ အသုံးပြုမှုနည်းသလို၊ တောတောင်ရာသီဥတုကောင်းကောင်းနဲ့ သဘာ၀အတိုင်း စိုက်ပျိုးတဲ့အတွက် အရသာအပိုင်းမှာတော့ ပိုမွှေးပြီး ထူးခြားပါတယ်။ ဈေးကွက်အနေအထားကတော့ ဒေသအသီးတစ်လုံးကို မြေပြင်မှာ ပျမ်းမျှကျပ်နှစ်သောင်းနဲ့ အထက်ရှိပါတယ်။ ဒူးရင်းရဲ့အရည်အသွေးပေါ် မူတည် ပြီးတော့လည်း အသီးရဲ့ဈေးနှုန်းက အပြောင်းအလဲရှိပါ တယ်။ ပြီးတော့ နိုင်ငံခြားမျိုးတွေဆိုလို့ရှိရင်တော့ တစ်ကီလိုကို ကျပ်သုံးသောင်းဝန်းကျင်ကနေပြီးတော့ အသီးရဲ့ အရည်အသွေးအမျိုးအစားအပေါ်မူတည်ပြီး ဈေးက အမျိုးမျိုးရှိတာပေါ့။ ကျွန်တော်တို့ ကရင်ပြည်နယ်ရဲ့ ဒူးရင်းထွက်ရှိမှုက ဒုတိယအများဆုံးလို့ ပြောလို့ရပါတယ်။ ဒေသအသီးရော၊ အခြားသီးနှံမျိုးတွေရော ထွက်ရှိမှုက တိုင်းနဲ့ပြည်နယ်မှာ ဒုတိယ အများဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း သက်တမ်း ၂၀၀ ကျော်၊ ၃၀၀ ကျော်ရှိတဲ့ ဒေသမျိုး ပင်တွေလည်း လက်ရှိမှာရှိသလိုမျိုး နိုင်ငံခြားမျိုးတွေမှာ ဆိုရင်လည်း နှစ် ၂၀ ဝန်းကျင်ရှိတဲ့ ကိုင်းဆက်မျိုးတွေ ကျွန်တော်တို့ဆီမှာရှိပါတယ်။ လက်ရှိမှာလည်း ထွက်ရှိနေတဲ့ အပင်တွေလည်းရှိသလို အင်နဲ့အားနဲ့ စိုက်ပျိုးနေတဲ့ တောင်သူတွေလည်း ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ ဒူးရင်းစိုက်ပျိုးတဲ့ တောင်သူတွေကို ပံ့ပိုးကူညီပေးတဲ့ အစီအစဉ်တွေရှိတဲ့အတွက် ဒီ့ထက်အများကြီး ပိုမိုအဆင်ပြေလွယ်ကူလာတာ ဖြစ်ပါ တယ်။
TREND ။ ။ ပြည်တွင်းမှာ နာမည်ကြီးတဲ့ ဒူးရင်းမျိုးတွေနဲ့ ပတ်သက်ပြီးလည်း သိပါရစေ။
ULMT ။ ။ ဒူးရင်သီးနဲ့ ပတ်သက်လို့ မြန်မာ့ဒူးရင်းပွဲတော်မှာလည်း ကျွန်တော်တို့ ကရင်ပြည်နယ်ကထွက်ရှိတဲ့ မျိုးရင်းအသီး ၁၂ မျိုး၊ အလုံးပေါင်း ၃၀၀ ကျော်ကို လာရောက်ပြသခဲ့ပါတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်ကထွက်တဲ့ ဒူးရင်းမျိုးထဲမှာဆိုရင် ပုံးမဆံ့အသီးဆိုရင် အရမ်းစားကောင်းတဲ့ အသီးပါ။ အခြားစားကောင်းတဲ့အသီးတွေလည်း အများကြီး ရှိပါတယ်။ ဒူးရင်းကတော့ ဒီမိုးလယ်ပြီးရင် ထွက်ပါတယ်။ ဒေသမျိုးတွေဆိုလို့ရှိရင် တစ်လကျော်ထိကြာပါတယ်။ အရသာကတော့ မျိုးပေါ်မှာ မူတည်ပြီး ကွဲပြားပါတယ်။ ပြည်တွင်းက ဒူးရင်းသီးတွေက လက်ရှိမှာ အရသာကောင်းတာကတော့ သေချာပါတယ်။ ဘာလို့ဆိုရင်ပြည်တွင်းမှာပဲ ဈေးကွက်ရရှိပြီးတော့ စားသုံးမှုက မလောက်ဘူးဖြစ်နေတယ်။

TREND ။ ။ ဒူးရင်းသီးကို ပြည်ပဈေးကွက်တင်ပို့မှုအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ULMT ။ ။ ပြည်ပဈေးကွက် တင်ပို့ဖို့နဲ့ ပတ်သက်ပြီး 'မြန်မာ့ဒူးရင်း'အမည်နဲ့ နိုင်ငံတကာ ဈေးကွက်ထိုးဖောက်နိုင်ဖို့ ဒေသမျိုးရင်းတွေကို မျိုးဖော်ထုတ်ဖို့က ဌာနဆိုင်ရာတွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေ အပြင် နိုင်ငံတကာနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားပါမယ်။ လက်ရှိမှာ တရုတ်နိုင်ငံအနေနဲ့လည်း ထိုင်းနိုင်ငံမှာ ဒူးရင်းသီးကို စမ်းသပ်တဲ့ အပိုင်းလေးတွေရှိပြီး အသားပေးလုပ်ဆောင်လာတာ တွေ့ရပါတယ်။ ပြည်ပကို ပို့ဖို့ဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံ ဒူးရင်းစိုက် ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းအနေနဲ့ကတော့ တာဝန်ရှိ ဝန်ကြီး ဌာနတွေက ပြည်ထောင်စု ဝန်ကြီးတွေနဲ့ နိုင်ငံတော်ကို တင်ပြပြီးတော့ G to G ဖြစ်ရေးနဲ့ တရုတ်ပြည်ကနေ GACC ရရှိရေးပေါ့၊ ပို့ကုန်အမယ်သစ်အနေနဲ့ ရရှိရေး ကြိုးစား နေပါတယ်။ လက်ရှိ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုလို့ရှိရင် သူတို့ရဲ့ပြည်တွင်းဒူးရင်း ဈေးကွက်က တစ်နှစ်ကို ၁၀ ဘီလီယံထိ ရရှိနေပါတယ်။ အဲဒါကို ကျွန်တော်တို့က ဈေးကွက်ထဲကို တစ်ဘီလီယံရအောင် အရင်ဦး ဆုံး လုပ်ဆောင်သွားပါမယ်လို့ ပြောလို ပါတယ်။
TREND ။ ။ ဒူးရင်းစိုက်ပျိုးမှုက ဘယ်လိုအခြေအနေဆိုရင် စိုက်ပျိုးလို့ရလဲ၊ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေလေးကိုလည်း ပြောပြပေးပါဦး။
ULMT ။ ။ ရန်ကုန်မှာလည်း စိုက်လို့ရတယ်။ အခုဆိုရင် စိုက်ဧကတော့ ၄၀၀၀၊ ၅၀၀၀ ဧက လောက်ရှိမယ်။ နောက်ဆိုရင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ထက် ရန်ကုန်တိုင်းက ပိုများလာလိမ့်မယ်။ ရန်ကုန်မှာလည်း တော်တော်စိုက်ပျိုးမှုများတဲ့ နေရာတွေက လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေးနဲ့ ကော့မှူးမှာ စိုက်နေပါပြီ။ ဒူးရင်းစိုက်ပျိုးနိုင်တဲ့မြေနေရာက အီကွေတာကနေ အပူချိန် ၁၅ ဒီဂရီကနေ ၁၈ ဒီကရီအထက် စိုက်ပျိုးလို့ရတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာလည်း စိုက်နေပြီး မဒေးကျွန်းနားမှာပါ။ ၂၀၂၇ လောက်ဆိုရင် အသီးသီးပြီ၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ်ခြောက်ခုမှာ စိုက်ပျိုးနေပါပြီ။
TREND ။ ။ ဈေးကွက်ပိုမိုရရှိအောင်လည်း ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ကလည်း မြန်မာ့ဒူးရင်းပွဲတော်တွေ ကျင်းပပေးတာတွေရှိတယ်။ ဒီအပေါ် ဆရာ့အမြင်လေးပြောပြပေးပါဦး။
ULMT ။ ။ ပြည်တွင်းမှာ မြန်မာ့ဒူးရင်းပွဲတော်ကို တာဝန်ရှိသူတွေကနေပြီးတော့ ဦးစီးကျင်းပ ပေးတာတွေရှိတဲ့အတွက် အများကြီး ဂုဏ်ယူဝမ်းသာမိပါတယ်။ အဓိကတော့ပြပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်း ရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်းပြီးတော့ ကျင်းပတာ ဖြစ်ပါတယ်။ မြန်မာ့ဒူးရင်းတွေ ပြည်ပဈေးကွက် တိုးချဲ့နိုင်ဖို့၊ နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်နိုင်ဖို့၊ ခေတ်မီစိုက်ပျိုးရေးစနစ်များနဲ့ ရိတ်သိမ်းချိန်လွန် နည်းပညာများအား ဆွေးနွေးဖလှယ်နိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ နောက်ပြီး ဒူးရင်းသီးနှံဈေးကွက် ချဲ့ထွင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးကွန်ရက်တွေ ချိတ်ဆက်နိုင်ဖို့၊ ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အရည်အသွေးမြင့် ဒူးရင်းမျိုးတွေ ရွေးချယ်ဖော်ထုတ်နိုင်ဖို့အတွက် ရည်မှန်းထားပါတယ်။
TREND ။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြော ကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
ULMT ။ ။ နိုင်ငံဈေးကွက်ထဲမှာ ဒူးရင်းဈေးကွက်အနေနဲ့ အဓိကအခန်းကဏ္ဍမှာပါဝင်လာနေပါတယ်။ ဒီလိုမျိုး သက်ဆိုင်ရာဌာနဆိုင်ရာတွေက ကူညီ ပံ့ပိုးပြီး၊ ဇောင်းပေးပြီးလုပ်ဆောင်လာတဲ့အပေါ်မှာ တောင်သူတွေအနေနဲ့ အများကြီး ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။ တောင်သူတွေအနေနဲ့လည်း ဈေးကွက်ထိုးဖောက်တဲ့နေရာမှာ အဆင်ပြေလွယ်ကူအောင် လုပ်ဆောင်ပေးသွားပါမယ်။ ဆက်ပြီးတော့လည်း ကျွန်တော်တို့တောင်သူတွေအနေနဲ့ ဒူးရင်းဈေးကွက် ဖွံ့ဖြိုးတိုး တက်ဖို့ ကြိုးပမ်း လုပ်ဆောင်သွားပါ့မယ်လို့ ပြောကြားလိုပါတယ်။ သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )