နိုင်ငံရေးဆိုတာထက် လူငယ်တွေရဲ့ စိတ်ထဲမှာ လက်နက်ကိုင်မှ လူရာဝင်မယ်၊ လက်နက်ကိုင်မှ ငါတို့ကို အရေးလုပ်မယ်ဆိုတဲ့ လွဲမှားတဲ့ အတွေးအခေါ်တွေ ဝင်နေတယ်
၂၀၂၆ ၊ စက်တင်ဘာ ၁၀
ပြည်တွင်းငြိမ်းချမ်းရေး၊ လွှတ်တော်တွင်း ဆောင်ရွက်ချက်၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမြတ်ထွဋ်ဝင်း နှင့် ဆက်သွယ်မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
TREND ။ ။ လွှတ်တော်တွေလည်း ပြန်လည် စတင်တော့မယ်ဆိုတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လွှတ်တော်အတွက် ဘာတွေ ပြင်ဆင်ထားလဲ၊ ဘာတွေဆောင်ရွက်ဖို့ ရှိပါသလဲ။
SMHW ။ ။ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တစ်ယောက်အနေနဲ့ သတ်မှတ်ထားတဲ့ တာဝန်ဝတ္တရားတွေအရတော့ ကျေပွန်အောင်တော့ ကြိုးစားနေပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ပါတီဥက္ကဋ္ဌလည်းဖြစ်တော့ ကျွန်တော်တို့ပါတီကနေ ရွေးကောက်ခံကိုယ်စားလှယ်အားလုံး ခုနစ်ယောက် ရှိတာပေါ့။ သူတို့ကိုလည်း ဆောင်ရွက်ချက်တွေမှာ မတိမ်းမစောင်းအောင် ထိန်း ကျောင်းရတာမျိုးရှိတယ်။ အစိုးရမူဝါဒရှိသလို ပါတီမူဝါဒလည်းရှိတယ်။ အဲဒီအပေါ်မှာ အကောင်းဆုံးဖြစ်အောင် လွှတ်တော်နားရက်တွေမှာ ကိုယ်စား လှယ် ဦးစီးကော်မတီ ဖွဲ့ပြီးတော့ လွှတ်တော်တွင်းဆောင် ရွက်မယ့်ကိစ္စတွေ၊ မေးခွန်း၊ အဆိုတွေကို ထိန်းကျောင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပါတယ်။
TREND ။ ။ လွှတ်တော်ထဲမှာ တိုင်းရင်းသား ပါတီတွေရဲ့ အခြေအနေ ဘယ်လိုရှိနေပါသလဲ။
SMHW ။ ။ လွှတ်တော်ကတော့ အစိုးရအဖွဲ့နဲ့ အပြန်အလှန် ထိန်းကျောင်းပြီး မျှမျှတတဖြစ်အောင် စတင်လုပ်ဆောင်နေတယ်။ အရင်ငါးနှစ်က လွှတ်တော်မရှိခဲ့ဘူးလေ။ ခုတော့ လွှတ်တော်ရှိလာတဲ့အပေါ် မှာ အသံတွေ ထွက်လာတယ်၊ တင်ပြတာတွေရှိတယ်။ စိစစ်တာတွေရှိတယ်။ ကျွန်တော်ဆိုရင် မေးခွန်းတင်ထားတာ တစ်လလောက်ရှိပြီ၊ ပြန်မကျလာသေးဘူး။ ဒီလိုစိစစ်မှုတွေတော့ ရှိပါတယ်။ ပြောတာ ဆိုတာတွေမှာလည်း ထိန်းကျောင်းမှုလေးတွေ ရှိပါတယ်။ ဒါကတော့ ဒီမိုကရေစီကို ခုမှ အရှိန်ယူပြီး ပြန်သွားနေတာဆိုတော့ ထိန်းကျောင်းတာတွေ ရှိတယ်။ ဒီအပေါ်ကို ကျွန်တော်တို့ တိုင်းရင်းသားကိုယ် စားလှယ်တွေ ကောင်းကောင်းနားလည်ပါတယ်။ ကျွန်တော်တို့ကတော့ လုပ်နိုင်တဲ့ဘောင်၊ လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေ ပြည်သူ့အကျိုးကို မျက်ခြည်မပြတ်ဘဲ လုပ်ဆောင်ချင်ပါတယ်။ အဓိက ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေက အများသိတဲ့အတိုင်း လူထုတွေက ကျပ်တည်းခက်ခဲတဲ့ အနေအထားမှာရှိနေတယ်။ ဘက်ပေါင်းစုံကလည်း ထိုးနှက်မှုတွေ ရှိနေတယ်။ အဓိကကတော့ လက်နက် ကိုင်အဖွဲ့တွေ များပြားလွန်းတယ်။ အထူးသဖြင့် ကျွန်တော်တို့ ကရင်ပြည်နယ်ပေါ့။ ထိန်းချုပ်မှုတွေ၊ ကန့်သတ်မှုတွေနဲ့ လုပ်ရတာကတော့ ထင်သလောက် ခရီးပေါက်ဖို့ မလွယ်ဘူး။ မလွယ်သော်လည်း အားမလျှော့ပါဘူး။ လုပ်နိုင်တဲ့ဘက်ကနေ ရအောင်လုပ်ဖို့ ဆန္ဒရှိသလို ဆောင်ရွက်နေတယ်လို့ ပြောချင်ပါတယ်။
TREND ။ ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရကတော့ ကြိုတင် ကန့်သတ်ချက်မထားဘဲ ဖိတ်ခေါ်နေပါတယ်။ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက် ချက်တွေအပေါ် ဘယ်လိုများ သုံးသပ်လိုပါသလဲ။
SMHW ။ ။ အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့ မူဝါဒက အရမ်းကောင်းပါတယ်။ ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို ကျွန်တော်တို့က တော့ ကြိုဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခက အရမ်းကြာနေပြီ။ ကျွန်တော်တို့ ကရင် ပြည်နယ်ရဲ့ လက်နက်ကိုင်သက်တမ်း ဆိုရင် နှစ် ၇၀၊ ၈၀ ရှိလာပြီ။ လွတ်လပ်ရေး ရပြီးကတည်းက စလာတာဆိုတော့ ဒီကိစ္စကတော်တော်ကို ပြဿနာကြီးတစ်ခုလို့ မြင်တယ်။ ကျွန်တော်ပြောချင်တာကတော့ လက်နက်ကိုင်တယ်ဆိုတာ သူ့ဘက်ကလည်း လက်နက်နဲ့၊ ကိုယ့်ဘက်ကလည်း လက်နက်နဲ့ လက်နက်ကိုင်ချင်းဖြစ်ကြတာထက်ကို ကြား မှာရှိတဲ့ ပြည်သူလူထုရဲ့ဘဝတွေကို စာနာဖို့ ကောင်းတယ်။ သနားဖို့လည်း ကောင်းနေပါပြီ။ ကျွန်တော်ဆိုရင် ဖာပွန်မှာ သုံးနှစ်လောက်တာဝန်ထမ်းဆောင်ဖူးတော့ မျက်မြင်ကိုယ်တွေ့တွေပါပဲ။ ဒီလိုဆိုတော့ လက်နက်ကိုင်ပဋိပက္ခတွေကို ရှေ့ဆက်ပြီး မဖြစ်စေချင်တော့ဘူး။ ပြည်သူလူထုကို ငဲ့ညှာပါလို့ပဲ ပြောချင်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကလည်း လူထုကို ငဲ့ညှာသင့်တယ်လို့ ထင်ပါတယ်။ အစိုးရဘက်ကလည်း တတ်နိုင်သလောက် သူလျှော့သင့်တာတွေ လျှော့ပြီး သူလည်း ငြိမ်းချမ်းရေးဖိတ်ခေါ်နေတာ တွေ့ရ တယ်။ ဒီလိုအခြေအနေမှာ ဆွေးနွေးစကားပြောသင့်တယ်လို့ ထင်ပါတယ်။ ဒေသခံလူထု၊ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝတွေကို စာနာသင့်ပါပြီလို့ ပြောချင်ပါတယ်။
TREND ။ ။ နိုင်ငံတော်သမ္မတကြီးရဲ့ ပြောကြားချက်တွေကိုကြည့်ရင် ငြိမ်းချမ်းရေးကို သူ့လက်ထက်မှာ အတိုင်းအတာတစ်ခုအထိ ရောက်စေချင်တဲ့သဘောရှိတော့ သမ္မတကြီးရဲ့ ငြိမ်းချမ်းရေးဆန္ဒကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်သလဲဗျ။
SMHW ။ ။ ငြိမ်းချမ်းရေးဆိုတာ လက်တွေ့ တကယ်ဆောင်ရွက်တဲ့အခါ အခက်အခဲတွေ ရှိပါတယ်။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးအတွက် အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ကြတာ ရှိပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လျှော့ဖို့လိုပါတယ်။ ခုသမ္မတကြီးကတော့ ငြိမ်းချမ်းရေးကို အသားပေး လုပ်ဆောင်ပြီး ငြိမ်းချမ်းရေးကို သေသေချာချာ လုပ်မယ့်သဘောရှိတယ်။ ကျွန်တော်ပြောချင်တာက တစ်ဖက်နဲ့တစ်ဖက်မလျှော့ ရင် ဘယ်သူဒုက္ခရောက်မလဲဆိုတော့ ပြည်သူပဲဒုက္ခရောက်ရတာလေ။ စစ်မက်ဖြစ်ပွားနေတဲ့ဒေသက တိုင်းရင်းသားပြည်သူတွေရဲ့ဘဝတွေက တော်တော်လေးကို ဆိုးရွားနေပါတယ်။ ဒေသခံပြည်သူဆိုတာက ဘာလက်နက်မှရှိတဲ့သူတွေ မဟုတ်ကြဘူး။ ကြားက မြေစာပင်တွေပဲ။ ဒါကြောင့် သူတို့ကိုသနားပါ။ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ ခေါင်းထဲမှာ ထည့်ဖို့လိုပြီ။ ဒီအတွေးအခေါ်တစ်ခုကို အထူးသဖြင့် လက်နက် ကိုင်တဲ့ အဖွဲ့တွေဘက်ကို ပြောချင်တာပါ။ လက်နက်ကိုင်အဖွဲ့တွေက ခုဆိုရင် လျော့မသွားဘဲ တိုးလာတယ်လို့ ခံစားရတယ်။ နယ်စပ်တိုင်း ရင်းသားဒေသကနေ ပြည်မအချို့အထိ ကူးစက်လာတယ်လို့ ခံစားရတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက လူတွေပါ၊ ဒီလိုဖြစ်လာတော့ ပိုပြီးတော့ စိတ်မကောင်းစရာတွေ ဖြစ်ရပါတယ်။ ခုလည်း အားလုံး တွေ့မြင်ကြရပါပြီ။ လက်နက်ကိုင်တဲ့ အကျိုးကတော့ ကောင်းတာ မရှိပါဘူးဗျာ။ ခုဆိုရင် ခိုးဆိုးလုယက်၊ ဓားပြတိုက်တဲ့ အခြေအနေ ဖြစ်လာတယ်။ သူပုန်ကနေ ဓားပြတိုက်၊ ငွေညှစ်၊ ပြန်ပေးဆွဲဆိုတဲ့ ကိစ္စတွေနဲ့ သာယာနေတယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စတွေကို ဘယ်လို ဆောင်ရွက်မလဲဆိုတာ လွှတ်တော်မှာလည်း ဆွေးနွေးပြောဆိုဖြစ်ပါတယ်။
TREND ။ ။ ငြိမ်းချမ်းရေးလို့ ဆိုလိုက်တာနဲ့ EAO တွေ အပါအဝင် တစ်ဖက်မှာလည်း PDF အဖွဲ့ တွေ ရှိနေသေးတယ်။ နိုင်ငံရေးအရ သဘောထားကွဲလွဲ မှုကနေ PDF ဆိုတာ ပေါ်လာပေမယ့် လက်ရှိမှာသူတို့ဟာ အကြမ်းဖက်အဖွဲ့တွေဆိုတာ ပိုထင်ရှားလာတဲ့ လုပ်ရပ် တွေပြလာတယ်။ ဒီအပေါ်မှာ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
SMHW ။ ။ သုံးသပ်တာ မှန်ပါတယ်။ တဖြည်းဖြည်း အကြမ်းဖက်လုပ်ရပ်တွေကနေ အကြမ်းဖက်အဖွဲ့တွေ ဖြစ်လာကြတာ ပိုထင်ရှားလာပါတယ်။ နိုင်ငံရေးဆိုတာထက်ကို လူငယ်တွေရဲ့ စိတ်ထဲမှာ လက်နက်ကိုင်မှ လူရာဝင်မယ်တို့၊ လက်နက်ကိုင်မှ ငါတို့ကို အရေးလုပ်မယ်တို့၊ ငါတို့ လက်နက်ကိုင်နည်းနဲ့ ငါတို့လုပ်နိုင်မယ်လို့ ဆိုတဲ့ လွဲမှားတဲ့ အတွေးအခေါ်တွေက သူတို့ စိတ်ထဲမှာ ဝင်ရောက်နေတယ်လို့ မြင်တယ်ဗျာ။ ဒီလိုအတွေးအခေါ်အလွဲတွေက တိုင်းပြည်အတွက် အန္တရာယ် ရှိပါတယ်။ လူငယ်ဆိုတာက ဘဝမှာ အများကြီး ဖြတ်သန်းရဦးမယ်။ သူတို့ဘဝမှာ အများကြီး မဖြတ်သန်း ရသေးတော့ မျိုးဆက် တွေက သိပ်နားမလည်တာလည်း ပါတယ်။ မသိတာလည်း ပါတယ်၊ စမ်းသပ်ချင်တာ လည်း ပါတယ်။ အဲဒီအပေါ်မှာ လူငယ်တွေဘဝက နစ်မွန်းနေရတာပေါ့။ သူတို့ အတွေးအခေါ်တွေက နောက်မှနောင်တရဖို့က ကြာဦးမယ့်သဘော ရှိပါတယ်။ လူငယ်တွေလက်နက်ကိုင် အကြမ်းဖက်လာတာကြာရင် မကောင်းဘူးဗျ။ ဒါကို မိဘပြည်သူတွေ ဒီလူငယ်တွေကို ဝိုင်းထိန်းဖို့ သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ လူငယ်တွေက မိဘပြည်သူတွေရဲ့ သားသမီးတွေ ဖြစ်နေတယ်။ အဲဒီတော့ ကိုယ့်သားသမီးတွေကို ပြောလို့မရတာလား၊ ထိန်းလို့မရတာလား ဒါလည်း ရှိနေတာပေါ့ဗျာ။ ခုအခြေအနေမှာ တိုင်းပြည်က စီးပွားရေးကောင်းဖို့လိုတယ်။ စီးပွားရေးကောင်းဖို့ကလည်း ငြိမ်းချမ်းဖို့ လိုတယ်။ တိုင်းပြည် ငြိမ်းချမ်းမှ လည်း စီးပွားရေးကို ကောင်းကောင်းလုပ်လို့ ရမှာလေ။ ကျွန်တော်တို့နိုင်ငံက အခြေခံလူတန်းစားပြည် သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပြေပြေလည်လည် စားသောက်နိုင်ရင် အတိုင်းအတာတစ်ခု အထိတော့ ဖြေရှင်းနိုင်လိမ့်မယ်လို့လည်း မျှော်မှန်းပါတယ်။
TREND ။ ။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ပါတီအစုအဖွဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ ဒီဖွဲ့စည်းမှုအပေါ် သုံးသပ်ပေးပါခင်ဗျ။
SMHW ။ ။ ဖွဲ့စည်းဖို့ အစည်းအဝေးကို ကျွန်တော်ကိုယ်တိုင် တက်ခဲ့ပါတယ်။ NSPNCရဲ့ ကြိုတင်ဆွဲထားတဲ့ မူသုံးခုကို ချပြပါတယ်။ ပါတီတွေအားလုံးကလည်း ကြိုက်ပါတယ်။ အားလုံးကလည်း သဘောတူကြပါတယ်။ သဘောတူတဲ့အတိုင်း ဖွဲ့စည်း ပြီးခဲ့ပြီလည်း ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ခြောက်ယောက်နဲ့အထက် ရတဲ့ပါတီအနေနဲ့ ကျွန်တော်တို့လည်း ပါဝင်ခဲ့ပါတယ်။ ရွေးချယ်စရာမလိုဘဲ အလိုအလျောက် ပါဝင်ခွင့်ရပါတယ်။ အဲဒီမှာ ပါတီအလိုက် ပါဝင်မယ့်သူတွေကို ရွေးချယ်ပြီးတော့ လာမယ့် ၁၈ ရက်မှာ အစည်းအဝေး ပြန်လုပ်ကြဖို့ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ NSPNC ရဲ့ ဆောင်ရွက် ချက်က ကြိုတင်ပြင်ဆင်ပြီး ဆောင်ရွက်ထားတဲ့အတွက် ပါတီတွေကြားမှာ ဝိဝါဒကွဲပြားတာတွေ၊ အဆင်မပြေတာတာတွေ မရှိပါဘူး။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီတွေ အားကောင်းကောင်းနဲ့ ပါဝင် ဆောင်ရွက်နိုင်မှာပါ။
TREND ။ ။ ပြည်တွင်းမှာ ငြိမ်းချမ်းဖို့လိုအပ်နေတဲ့ ကရင်ပြည်နယ်က ကရင်ပါတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ လူမျိုးတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဘယ်လိုသတင်းစကားမျိုး ပါးချင်ပါသလဲ။
SMHW ။ ။ ပြောချင်တာကတော့ ကျွန်တော်တို့ဒေသမှာ စစ်ဘေးစစ်ဒဏ်နဲ့ ကရင်ပြည်နယ်မှာ နှစ် ပေါင်း ၇၀ ကျော်လာတဲ့ အချိန်အထိ အမျိုးမျိုးသော အခြေအနေတွေ ဖြစ်ခဲ့တယ်။ ကျွန်တော်လည်း ဖာပွန်ခရိုင်မှာ အုပ်ချုပ်ရေးမှူးတာဝန် ထမ်ဆောင်ခဲ့တဲ့အခါမှာ ဒေသအခြေအနေအရ အခုဆိုရင် ဖာပွန်ဟာ လုံးဝပျက်စီးသွားပြီဗျာ။ ဘာမှ မရှိတော့တဲ့အခြေအနေ ရောက်သွားပြီ။ ပြောချင်တာကတော့ နောက် ဆုံး ဒေသခံလူထုပဲ နစ်နာတယ်။ ပြည်သူလူထုရဲ့ စားရေး၊ သောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အရ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေထိုင်နိုင်ဖို့ သူတို့ရဲ့အနာ ဂတ်ဘဝတွေကို တကယ်ပဲ ကောင်းမွန်လာအောင် မျှော်လင့်ပြီးတော့ စဉ်းစားဆောင်ရွက်သင့်ပါတယ်။ ညှိနှိုင်းသင့်ပါတယ်။ ညှိနှိုင်း တဲ့အခါမှာ ကိုယ်က သာတာနာတာထက်ကို ကိုယ့်လူထုရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ဆောင်ရွက်သင့် ပါတယ်လို့ ပြောချင်တယ်။ လျှော့ပေးသင့်တာ တွေလျှော့ပေးပြီး ညှိနှိုင်းလို့ရတာတွေလည်း ညှိနှိုင်း ဆောင်ရွက်ပေးကြပါ။ လက်နက်ကိုင် ဖြေရှင်းနည်းဟာ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။
အဲဒီအတွက် အစိုးရက ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး အမြဲတံခါးဖွင့်ထားတဲ့အပေါ်မှာ လိုချင်တာ ပြော ပါ။ ဆွေးနွေးပါ၊ ငြင်းကြပါ၊ ခုံကြပါ။ လုပ်ဆောင်မှုတိုင်းဟာ ကိုယ့်ပြည်သူ၊ ကိုယ့်တိုင်းရင်းသားရဲ့ မျက်နှာ ကို ထောက်ပြီး ဆုံးဖြတ်ကြပါလို့ ပြောချင်ပါတယ်။
TREND ။ ။ လက်ရှိမှာ ဒီဒေသရဲ့ ဒေသတွင်း နယ်စပ်ကုန်သွယ်ရေးနဲ့ ဒေသတွင်းစီးပွားရေး အခြေအနေလေးတွေ ဘယ်လိုရှိနေလဲ။ လိုအပ်ချက်တွေများ ဘာတွေများ ရှိနေလဲ။
SMHW ။ ။ ကျွန်တော် သိတာတော့ ဒီတရားဝင် အာရှလမ်းမကြီးက ဖွင့်တယ်ဆိုသော်လည်း ကုန်တွေသွားလို့ မရသေးဘူးဗျ။ မရတော့ အဲဒီဖြတ်လမ်းတွေကပဲ သွားနေကြတယ်ဗျ။ တရားမဝင်လမ်းတွေကပဲ သွားပြီးတော့ အဲဒီမှာလည်း ထုံးစံအတိုင်းပဲ လက်နက်ကိုင်အဖွဲ့အများစုက အခွန်ကောက်ဂိတ်တွေ ပေးရတယ်။ ကားတစ်စီးကို သိန်း ၁၀၀ ပေးပြီး သွားနေကြတယ်ဆိုတာ လုပ်ကိုင်စားသောက်နေတဲ့ ကျွန်တော့်မိတ်ဆွေတွေက ပြောတာပေါ့လေ။ အကြံဉာဏ်ပေးရမယ်ဆိုရင်တော့ အစိုးရကတော့ ပိုသိပါတယ်ဗျာ။ အဓိက ပြောချင်တာက ဒီတရားဝင် အရင်လိုပဲ ဖွင့်ရင်တော့ ကောင်းတာပေါ့နော်။ ဂိတ်တွေ၊ အခွန်ဆောင် စနစ်တွေလည်း ပျက်စီးကုန်တော့ အဲဒါတွေကို ပြန်တည် ဆောက်နေတယ်လို့ ထင်တယ်။ နောက်ပြီး လုံခြုံရေးကလည်း အာမခံချက်ရှိအောင် ဆိုရင်လည်း အဓိက KNU အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေးနဲ့ နားလည်မှုရှိမှ ဖြစ်မယ်။ မဟုတ်ရင် ဒုက္ခပေးဦးမှာလေ။ အခု ပြည်သူတွေက သွားတာ သွားနေကြတယ်။ ကုန်သွယ်ရေးအနေနဲ့တော့ မသွားဘူး။ အလည်အပတ်သဘောမျိုး၊ တစ်နိုင်တစ်ပိုင် သဘောလေးတော့ သွားတဲ့အခြေအနေတော့ ရှိပါတယ်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )